Friday, August 3, 2018


ကလေးဝ ကျောက်မီးသွေးတွင်း ထဲတွင် အလုပ်သမား ၅ ဦး ပိတ်မိနေ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေး လုပ်ကွက် တွင်းတခုအတွင်း အလုပ်သမား ၅ ဦး အောက် ဆီဂျင် ပြတ်ကာ ပိတ်မိနေသည်ဟု သတင်းရရှိသည်။ အဆိုပါ ကျောက်မီးသွေး လုပ်ကွက်မှာ ကလေးဝမြို့နှင့် ၁၀ မိုင်ခန့် ဝေးသည့် နေရာ၌ ရှိပြီး ထွန်းသွင် ကျောက်မီးသွေး တူး ဖော်ရေး လုပ်ငန်းရှိ ရွှေပေါက်ပေါက် ကုမ္ပဏီလုပ်ကွက် အတွင်း ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရသည်။ ကလေးဝမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မြို့နယ် အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်ဇော် က “တွင်းက ပြိုကျတာ မဟုတ်ဘူး။ အောက်ဆီဂျင် ပြတ်တာပါ။ အခုပိတ်မိနေတာက ၅ ယောက်ပါ။ ၅ ယောက်လုံးက တွင်း ထဲမှာပဲ ရှိသေးတယ်။ မြို့နယ်က တာဝန်ရှိသူတွေ ကယ်ဆယ်နေပါတယ်” ဟု ပြောသည်။ အောက်ဆီဂျင် ပြတ်လပ်မှုမှာ သြဂုတ်လ ၂ ရက်၊ ည ၁၁ နာရီ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကနဦး အနေဖြင့် တွင်းအတွင်းမှ ၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ကျန် ၅ ဦးမှာ ယခုချိန်ထိ ပိတ်မိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဦးအောင်ဇော်က “ မနေ့ညကတည်းက ပိတ်မိနေတာဆိုတော့ အသက်မရှင်နိုင်တော့ဘူး ထင်တယ်။ ဆေးရုံကို မနေ့ညက ရောက်တဲ့ လူတွေကတော့ အခြေအနေ ကောင်းနေပါပြီ။ ဆေးရုံကနေတောင် ဆင်းလို့ ရပြီ” ဟုလည်း ပြောသည်။ ကလေးဝမြို့မှ ရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ် က ကျောက်မီးသွေးတွင်း အောက်ဆီဂျင် ပြတ်လပ်သည့် သတင်းကို သြဂုတ်လ ၃ ရက်၊ မနက်အစောပိုင်း ၁ နာရီကျော်က စတင် သိရကြောင်းနှင့် မနက် ၂ နာရီခန့်တွင် ၄ ဦး ကလေးဝမြို့ ဆေးရုံသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ် က “ကျနော် မပါသွားတော့ မြေပြင်အခြေအနေကို သေချာ မပြောနိုင်သေးဘူး။ ဘယ်လိုပုံစံမျိုးနဲ့ အောက်ဆီဂျင် ပြတ်တယ် ဆိုတာလည်း ကျနော် သေချာ မပြောနိုင်ဘူး။ ဖြစ်တဲ့လုပ်ကွက်ကတော့ ထွန်းသွင် ကုမ္ပဏီရဲ့ လက်ခွဲ ရွှေပေါက်ပေါက်ကုမ္ပဏီရဲ့ ကျင်းမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။ ပိတ်မိနေသူ ၅ ဦးကို ကယ်ထုတ်ရန် မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ကယ်ဆယ် ရေးအဖွဲ့များလည်း ယင်းကျောက်မီးသွေးတွင်း လုပ်ကွက်သို့ ယနေ့ မနက်ပိုင်းက သွားရောက်နေကြပြီး ယင်းလုပ်ကွက် နေရာများမှာ ဖုန်းလိုင်း အခက်အခဲ ရှိသဖြင့် ပိတ်မိနေသူများ အခြေအနေက မသိရသေးဟု ရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောသည်။ အဆိုပါ ကျောက်မီးသွေးတွင်း၌ ပိတ်မိနေသူ ၅ ဦးထဲတွင် တရုတ်နိုင်ငံသား တဦးလည်း ပါဝင်ကြောင်း သိရသည်။ The post ကလေးဝ ကျောက်မီးသွေးတွင်း ထဲတွင် အလုပ်သမား ၅ ဦး ပိတ်မိနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2KnRje4
via IFTTT

No comments:

Post a Comment