ကရင့်အာဇာနည်နေ့ ကျင်းပသူ ၅ ဦးကို တရားစွဲရန် ပြင်ဆင်နေ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ခွင့်ပြုချက်မရှိဘဲ ကရင့်အာဇာနည်နေ့ကျင်းပသည်ဟုဆိုကာ ဦးဆောင် ကျင်းပသူ ၅ ဦး ကိုရပ်ကွက်၊ ကျေးရွာဥပဒေဖြင့် တရားစွဲဆိုရန် ဥပဒေ အကြံတောင်း တင်ပြထားကြောင်း ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူး ရုံးထံမှ သတင်းရရှိသည်။ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ဥပဒေအကြံ တောင်းထားတယ်။ အခြေအနေကို မေးထားတယ်။ ဒါကိုဘယ်လို လုပ်သင့်လဲ မေးထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ဟင်္သာတမြို့ရှိကရင်ပြည်သူ့ပါတီရုံး၌ ကရင်ရိုးရာလက်ချည်ပွဲနှင့် ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့ရာ ခွင့်ပြုမိန့်ချထားပေးမှုနှင့် မကိုက်ညီသည့်အတွက် ဆိုင်းဘုတ်များ ဖြုတ်ချပေးရန်နှင့် အခမ်းအနားကို ခွင့်ပြုမိန့်အတိုင်းသာ ကျင်းပရန်အုပ်ချုပ်ရေးဌာနက တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဆိုသည်။ ဦးမျိုးအောင် က “အဓိကတော့ ပညာရည်ချွန် ဆုပေးပွဲနဲ့ လက်ချည်ပွဲပဲ ကျင်းပခွင့်ပေးတာကို သူတို့က ၆၈ နှစ်မြောက် ကရင့် အမျိုးသား အာဇာနည်နေ့နဲ့ စောဘဦးကြီး အထိမ်းအမှတ် အခမ်းအနားကျင်းပတာပေါ့။ တင်ပြတုန်းက ၂ ခုပဲ တင်ပြပြီး ကျန်တာက အပိုကျင်းပတာ။ ဒါကြောင့် လောလောဆယ် ရပ်ကျေးဥပဒေပုဒ်မ ၂၁ နဲ့ အရေးယူဖို့ ဥပဒေအကြံ တောင်း တင်ပြထားတာပါ” ဟု ပြောသည်။ ဟင်္သာတခရိုင်အုပ်ချုပ်ရေးဌာနက ရပ်ကျေး၊ ဥပဒေပုဒ်မ ၂၁ ဖြင့် တရားစွဲဆိုရန် ကြိုးပမ်းနေသူ ၅ ဦးမှာ ဟင်္သာတမြို့နယ်၊ ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ စောကျော်ကြီး၊ စောသန်းထွန်းသန်း၊ စောအောင်မြင်စိုး၊ စောခူရှီးထူးနှင့် ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်တို့ ဖြစ်ကြောင်းသိရသည်။ ပွဲကျင်းပရေးတာဝန်ခံ ကရင့်ပြည်သူ့ပါတီမှ ဟင်္သာတမြို့နယ် ဥက္ကဋ္ဌ ဖြစ်သူ စောကျော်ကြီး က “ခွင့်ပြုချက်မရှိဘဲ အခမ်းအနားကို ကျင်းပတဲ့အတွက် ရပ်/ကျေးဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ ကျနော်တို့ကို ၁၃ ရက်နေ့က ခေါ်ပြောတယ်။ ကျနော်တို့ နှစ်တိုင်းလုပ်တာခွင့်ပြုမိန့် တခါမှ မတင်ခဲ့ဘူး။ ကျနော့်နေရာ ကျနော့်ခြံထဲမှာ လုပ်တာ သူများဆီခွင့်တောင်းပြီး လုပ်ဖို့ မလိုဘူး။ ကျနော်တို့ အမျိုးသားတွေရဲ့အာဇာနည်နေ့ဆိုတော့ ကျနော်တို့ရင်ထဲမှာ ရှိတဲ့အတိုင်းလုပ်တာ။ တရားစွဲလာရင်တော့ ဥပဒေအတိုင်းရင်ဆိုင်သွားမယ်”ဟု ဧရာဝတီကို ပြောသည်။ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပနေစဉ် ကရင်တိုင်းရင်းသားခေါင်းဆောင်များ ဖြစ်သည့် စောဘဦးကြီး၊ စောဘိုမြ၊ စောဘသင်၊ ဖဒိုမန်းရှာတို့ ရုပ်ပုံများပါဝင်သောဆိုင်းဘုတ်ကို ဖြုတ်ချပေးရန် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးဌာနက လာရောက် ပြောဆိုခဲ့ကြောင်း၊ မိမိတို့ခေါင်းဆောင်များပုံ ပါဝင်နေသည့်ဆိုင်းဘုတ်များ ဖြစ်သည့်အတွက် ဖြုတ်မချနိုင်ကြောင်း ပြောဆိုကာ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပွဲဦးဆောင်ကျင်းပခဲ့သူများက ပြောသည်။ ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုး တမျိုး၏ ခေါင်းဆောင်များကို အလေးပြုသည့် အခမ်းအနားအားဖိအားပေး ဖျက်သိမ်းခိုင်းသည့် လုပ်ရပ်၊ ပွဲဦးဆောင်ကျင်းပသူများကို တရားစွဲဆိုသည့်လုပ်ရပ်မှာ အစိုးရမှ အကောင်အထည်ဖော်နေသည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်စေကြောင်း ကရင်အမျိုးသား အစည်းအရုံး – KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။ ဖဒို မန်းငြိမ်းမောင် က “ကရင့်အာဇာနည်နေ့ ကျင်းပတာက နိုင်ငံတော်ကို အကြည်ညိုပျက်အောင်၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ တည်ငြိမ်းရေးကို ထိခိုက်ပျက်ပြားအောင် လုပ်တာမဟုတ်ဘူး။ လူမျိုးတမျိုးရဲ့အထွဋ်အမြတ်ထားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့နေ့တစ်နေ့ကို ကျင်းပတာ တိုင်းရင်းသားစည်လုံး ညီညွတ်ရေးကို ထိခိုက်စရာ အကြောင်းမရှိဘူး။ ဒါတွေကိုနားလည်မှ တိုင်းရင်းသားတွေ စိတ်ထဲက ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လိုကုစား ဖြေဖျောက်ရမလဲဆိုတာကို သိမှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှာ ဖြစ်တယ်” ဟု ပြောသည်။ ဟင်္သာတခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တရားစွဲဆိုရန်စီစဉ်နေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၂၁ မှာ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု အတွင်းနေထိုင်သူသည် အခမ်းအနားများ၊ အများပြည်သူ ဖျော်ဖြေပွဲများ၊ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့ အရပြုလုပ်သည့်ပွဲများကို ကျင်းပလိုပါက သက်ဆိုင်ရာ တာဝန်ရှိသူထံတွင် ခွင့်ပြုမိန့် ရယူရမည့်အပြင် ချမှတ် ပေးထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီးပုဒ်မ ၂၁ ကို ချိုးဖောက်ပါက ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်းပြဌာန်းထားသည်။ ကရင်ရိုးရာလက်ချည်ပွဲ အခမ်းအနားနှင့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ ပါတီရုံးတွင် ၂၀၁၆ ခုနှစ်က စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်သည့် ကရင့်အာဇာနည်နေ့ အခမ်းအနားများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြမြို့၊ ပန်းတနော်မြို့၊ ကရင်အမျိုးသားအစည်းအရုံး – KNU ခေါင်းဆောင် စောဘဦးကြီး၏ ဇာတိရွာဖြစ်သည့် ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကျေးရွာတို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပွဲခွင့်ပြုမိန့်မရရှိခဲ့သည့်အတွက် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ကရင်တိုင်ရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် စောဘဦးကြီးမှာ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခဲ့သည့်အတွက် ကရင်တိုင်းရင်းသားများက နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆက်စပ် ဖတ်ရှုရန် – ကရင့် အာဇာနည်နေ့ ကျင်းပ၍ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲခံရ The post ကရင့်အာဇာနည်နေ့ ကျင်းပသူ ၅ ဦးကို တရားစွဲရန် ပြင်ဆင်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2MObpAk
via IFTTT
No comments:
Post a Comment