ဆောက်လုပ်ရေးဝန်ကြီးဌာန ဝေဖန်ခံနေရ ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများကို တဆင့်ခံအကောင်အထည်ဖော်ရာတွင် သတ်မှတ်တင်ဒါ လုပ်ထုံး လုပ်နည်း အတိုင်း လိုက်နာလုပ်ဆောင်ခဲ့ခြင်းမရှိဟုဆိုကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို သြဂုတ်လ ၁၅ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် ယင်းကဲ့သို့ ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ တင်ဒါခေါ်ယူရန် သတ်မှတ်ထားသည့် လုပ်ငန်းများအား တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကိုယ်တိုင် တာဝန်ယူ ဆောက်လုပ်ခြင်း၊ တင်ဒါပေး၍ ရွေးချယ်ရာတွင်လည်း သတ်မှတ်ထားသော အမှတ်ပေးစနစ်များနှင့် ကွဲလွဲနေခြင်း၊ အချိန်မီ မပြီးစီးသည့် တင်ဒါအောင် ကုမ္ပဏီများအပေါ် ကြီးကြပ်အရေးယူမှု အားနည်းခြင်း စသည်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသော တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ်စဉ် (၁/၂၀၁၇) ပါ အချက်များနှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ ထောက်ပြ ဆွေးနွေးကြခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက လုပ်ငန်းပေါင်း ၂၆၆၃ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနထံ လုပ်ငန်းအပ်နှံခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီး ဌာနက လုပ်ငန်း ၂၅၂၇ ခုကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ပြီး လုပ်ငန်း ၁၆၃ ကို ကိုယ်တိုင်လုပ်ကိုင်ခဲ့သည်။ ယင်းလုပ်ငန်း ၁၆၃ ခု၏ စီမံကိန်းတန်ဖိုးမှာ ၉၅ ဘီလီယံခန့်ရှိပြီး လုပ်ငန်းအားလုံး၏စီမံကိန်းတန်ဖိုး ကျပ် ၁၃၀ ဘီလီယံခန့်၏ ၇၅ ရာနှုန်းဖြစ်ကြောင်း၊ ထို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် တန်ဖိုးကြီးမားသည့် စီမံကိန်းများကို တင်ဒါမပေးဘဲ ကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မည်သည့် မူဝါဒဖြင့် ဆောင်ရွက်ခဲ့သည်ကို သိလိုကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။ ဦးတင်ထွန်းနိုင်က “တက္ကသိုလ် ကောလိပ်အဆောက်အဦ တည်ဆောက်မယ့် စီမံကိန်းကြီးတွေကို တင်ဒါ အစီအစဉ်နဲ့ မဆောင်ရွက်ဘဲ ဌာနက ဘာကြောင့် ကိုယ်တိုင်ဆောင်ရွက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို အများပြည်သူ ကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဆိုသည်။ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်က တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများနှင့် အရည်အသွေး မပြည့်မီခြင်းများ၏ အဓိကအကြောင်းရင်းမှာ တင်ဒါအောင်မြင်ပြီး ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံ သဘောတူ စာချုပ် ချုပ်ဆိုရာတွင် အားနည်းချက် ရှိ၍ဖြစ်ကြောင်း ပြောကြားသည်။ အလုပ်အပ်သူနှင့် လုပ်ငန်းဆောင်ရွက်သူတို့အကြား အငြင်းပွားမှုဖြစ်ပါက တရားမမှုဖြင့်သာ တရားစွဲဆိုနိုင်သည့်အတွက် ကုမ္ပဏီများက ယင်းအားနည်းချက်ကို အခွင့်ကောင်းယူပြီး မတရားအကျိုး အမြတ်ရရှိရန် တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေး စံချိန်စံညွှန်း မပြည့်မီအောင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ ဒေါ်သက်သက်ခိုင် က “ထိရောက်စွာ အရေးယူနိုင်တဲ့ စည်းကမ်းချက်များ မူလစာချုပ်မှာ မပါဝင်တဲ့အပြင် သက်ဆိုင်ရာ ဌာနများမှာလည်း တရားစွဲဆိုမှုလုပ်ငန်းများ ဆောင်ရွက်ဖို့ကျွမ်းကျင်ပုဂ္ဂိုလ်များမရှိကြပါဘူး။ ဒီအားနည်းချက်ဟာ ဆောက်လုပ်ရေး ဦးစီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ မသိလို့ ဆောင်ရွက်လိုက်မိတာမဟုတ်ဘဲ ပေါ့ဆမှု တရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြောသည်။ ထို့အတွက် ကျောင်းသားလူငယ်များ ပညာရေးသင်ကြားရမည့် အဆောက်အဦများ နှောင့်နှေးကြန့်ကြာခြင်းနှင့် အရည်အသွေး မပြည့်မီခြင်းများအပေါ် မှန်ကန်စွာပြီးစီးသည်အထိ ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော်က အစိုးရထံ မေတ္တာရပ်ခံချက် သဝဏ်လွှာကို ပေးပို့စေလိုကြောင်း ၎င်းက တင်ပြခဲ့သည်။ ထို့အပြင် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် ၁/၂၀၁၇တွင် အမှတ်ပေးစနစ်ဖြင့် တင်ဒါအောင်ရှုံး ဆုံးဖြတ်ပါက စုစုပေါင်း အမှတ် ၁၀၀တွင် ဈေးနှုန်းနှင့်သက်ဆိုင်သည့်အပိုင်းကို အနည်းဆုံး အမှတ် ၅၀ ထားရမည်ဟု သတ်မှတ်ထားသော်လည်း ဝန်ကြီးဌာနကကျင့်သုံးသည့် အမှတ်ပေးစနစ်တွင် ဈေးနှုန်းနှင့်ဆိုင်သည့် ကဏ္ဍကို အမှတ် ၃၀ သာ သတ်မှတ်ထားသည့်အတွက် ကွဲလွဲမှုများရှိနေသည်ဟု ကိုယ်စားလှယ်များက ဆိုသည်။ နောင်လာမည့် စီမံကိန်းများတွင် ဝန်ကြီးဌာနတာဝန်ရှိသူများအနေဖြင့် တင်ဒါစနစ် ၁/ ၂၀၁၇ ကို တိတိကျကျလိုက်နာရန်၊ လုပ်ငန်းများကို စနစ်တကျ ကွင်းဆင်းလေ့လာရန် ၊ တည်ဆောက်ချိန်ပိုရစေရန် တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်ကို မြန်မြန်ဆောင်ရွက်ရန် ၊ လုပ်ငန်းသဘောတူစာချုပ်ကို တိကျစွာ ရေးဆွဲရန်၊ စည်းကမ်းပျက် ကုမ္ပဏီနှင့် အကျင့်ပျက် ဝန်ထမ်းများကို ထိရောက်စွာ အရေးယူရန်တို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့သည်။ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းရပ်ပေါင်း ၂၅၈၀ ခွင့်ပြုချက်ရရှိခဲ့သော်လည်း လုပ်ငန်းရန် ၆၂၂ ခုကိုသာ ရာနှုန်းပြည့် ပြီးစီးခဲ့သည့်အတွက် ခွင့်ပြုချက်ပါလုပ်ငန်းများအနက် ၂၅ ရာခိုင်နှုန်းခန့်ကို သာအချိန်မီပြီးစီး ကျန် ၇၅ ရာခိုင်နှုန်းကို အချိန်မီ ပြီးစီခြင်းမရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ သိရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လွှတ်တော်တွင် ၂ ပတ်အတွင်း ဒုတိယ အကြိမ်မြောက် ဝေဖန်ခံခဲ့ရခြင်း ဖြစ်ပြီး ယခုလ ၆ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင်လည်း မြန်မာနိုင်ငံ တဝန်းရှိ လမ်းမကြီးများကို အစိုးရနှင့် စာချုပ်ချုပ်ဆို၍ စီမံခန့်ခွဲ လုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် ပတ်သက်ပြီး စိစစ် ကြပ်မတ်မှု အားနည်းသည့် အတွက်ဟုဆိုကာ ဝေဖန်ခံခဲ့ရသေးသည်။ ဆက်စပ် ဖတ်ရှုရန် – ကုမ္ပဏီများကို စိစစ်ကြပ်မတ်မှု အားနည်းသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝေဖန်ခံရ The post ဆောက်လုပ်ရေးဝန်ကြီးဌာန ဝေဖန်ခံနေရ appeared first on ဧရာဝတီ.
Source : https://ift.tt/2vUu07t
via IFTTT
No comments:
Post a Comment