တဒေါ်လာ ၁၅၀၀ ကျပ် ကျော်သွားပြီ ယခုနှစ်အတွင်း မြင့်တက်လာသော ဒေါ်လာဈေးသည် မြန်မာ့ဈေးကွက်တွင် စံချိန်တင်၍ အမြင့်ဆုံးသို့ရောက်ရှိနေကြောင်း ပြည်တွင်းဒေါ်လာ ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဧရာဝတီသို့ ပြောသည်။ ဒေါ်လာဈေးမှာ ယခု သြဂုတ်လ ၁ ရက်တွင် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၄၆ ကျပ်ရှိခဲ့ရာမှာ သြဂုတ်လ ၁၅ ရက်တွင် ၁ ဒေါ်လာလျှင် ၁၅၁၃ ကျပ်အထိဖြစ်လာပြီး ရက်ပိုင်းအတွင်း ၅၇ ကျပ်ခန့်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ သြဂုတ်လ ၁၅ ရက် ညနေပိုင်းအထိ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ရောင်းဈေး ၁၅၁၃ ကျပ်နှင့် ဝယ်ဈေး ၁၅၁၀ ကျပ်အထိ ရှိနေပြီး ဗဟိုဘဏ်ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၄၇၅ ကျပ်ခန့်ဖြစ်သည်။ နိုင်ငံခြားငွေကြေးစေးျကွက် လေ့လာသူ ဦးစန်းဝင်းက “အခု သြဂုတ်လ ၁၅ ရက်မနက်ပိုင်း အဖွင့်မှာတင် ဒေါ်လာဈေးက ၁ ဒေါ်လာ လဲလှယ်နှုန်း ၁၅၀၀ ကျပ်လောက်ကနေ စဖွင့်တယ်။ အခု ပြောနေတုန်းမှာပဲ ဈေးက ထပ်တက်လာတယ်။ ၁၅၂၀ ကျပ်လောက်အထိဖြစ်သွားတယ်။ တက်တဲ့နှုန်းက အရမ်းကြမ်းတယ်။ ဒါက မြန်မာနိုင်ငံ ဒေါ်လာ သမိုင်းတလျှောက် မှာဆိုရင် ဒီဈေးက အမြင့်ဆုံးဖြစ်တယ်။ ဒီလိုမျိုး တခါမှ မတက်သေးဘူး” ဟု ဧရာဝတီသို့ ၎င်းက ပြောသည်။ ဆက်လက်၍ ၎င်းက”ဈေးကွက်မှာလည်း ဒေါ်လာ ဈေးသာတက်တာ ပစ္စည်းက ပျောက်သွားတယ်။ ဈေးကွက်အတွက် စိုးရိမ်စရာက တော်တော်တက်သွားတဲ့အတွက် စီးပွားရေးအနေနဲ့ ကြည့်ကြည့် နိုင်ငံရေးအနေနဲ့ ကြည့်ကြည့်ကောင်းတဲ့အလားအလာ မရှိဘူး။ အရမ်းဈေးတက်တော့ သွင်းကုန်သမားကလည်း တော်တော်ကို သူ့ပစ္စည်းကို ရောင်းရခက်သွားတယ်။ ဘယ်နှုန်းတင်ရမလဲပေါ့”ဟု ပြောပြသည်။ အဆိုပါ ဒေါ်လာဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ ဗဟိုဘဏ်က အတိုးနှုန်း စွဲတင်နေပြီး တရုတ်နိုင်ငံမှ ပို့ကုန်များကို အခွန်တိုးမြှင့် ကောက်ကာ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွဲနေခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုအခြေအနေကို အသုံးချပြီး ဈေးကွက်အတွင်း ဈေးကစားသူများနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။ “အခုက မိနစ်ပိုင်းလောက်တင် အပြောင်းအလဲဖြစ်နေတယ်။ အခုချိန်က အတက်လည်းကြမ်းနေတယ်။ နောက်ရက်အတွက်လည်း ဗဟိုဘဏ်က ဘာမှ ဆောင်ရွက်မှုမရှိရင်တော့ တက်ဦးမှာပဲ။ ပြီးမှ ပြန်ကျမယ်ထင်တယ်။ ဈေးတက်က ဗဟိုဘဏ်က ဟိုတနေ့က ထုတ်လိုက်တဲ့ ရည်ညွှန်းကိန်း ဒသမ ၈ ပယ်ဖျက်တာနဲ့တော့ မဆိုင်ဘူးပေါ့။ အရင်ထဲက တောက်လျှောက်တက်နေတာ”ဟု ဦးစန်းဝင်းက ပြောသည်။ ထိုသို့ ဒေါ်လာဈေး အမြင့်ဆုံးဖြစ်လာခြင်းသည် သွင်းကုန်ကိုသာ အားထားနေရသည့် မြန်မာနိုင်ငံအတွက် စက်သုံးဆီဈေးနှုန်းများ၊ ဓာတ်မြေသြဇာများ၊ စားအုန်းဆီဈေးနှုန်းများ၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာသည့် အခြေအနေတွင် ရှိနေသဖြင့် ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး အတက်ကြမ်းမှု၏ အကျိုးဆက်ကို အစိုးရက တိတိကျကျ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု မြင်သူများ ရှိသည်။ ဘဏ်လုပ်ငန်းကျွမ်းကျင်သူနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုစီးပွားရေးကော်မတီ အကြံပေးလည်းဖြစ်သူ ဦးရဲမင်းဦးက “နိုင်ငံတကာတက်တဲ့ အချိန်မှာ မြန်မာနိုင်ငံကလည်းလိုက်တက်တယ်။ ဗဟိုဘဏ်က အလွန်အကျွံ့ဆက်မတက်ဖို့တော့ ဆက်ပြီး သူတို့ ကြိုးစားနေတယ်။ သူတို့ တွက်ချက်မှုတွေ လုပ်နေပြီ။ ဒေါ်လာဈေးတက်တဲ့ အရှိန်ကြောင့် လူအများစု သုံးတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုတော့ ဒေါ်လာ တက်လို့ လိုက်မတက်ဖို့ အစိုးရက လုပ်မှ ရမယ်”ဟု ရှင်းပြသည်။ ဆက်လက်၍ ၎င်းက ”အဲဒါက ဗဟိုဘဏ်နဲ့ မဆိုင်ဘူး။ အစိုးရဌာနတွေ ဖြစ်တဲ့ စီးပွားကူးသန်းတို့၊ စီမံဘဏ္ဍာဝန်ကြီးဌာနတို့ ညှိနှိုင်းပြီးတော့ ဘယ်ပစ္စည်းတွေကို ဥပမာ ဘယ်လို အခွန်ကင်းလွတ်ခွင့်ပေးမလဲ၊ ကာလတိုပေါ့။ ဒါမျိုးလေးတွေ လုပ်ပေးလိုက်ရင်တော့ ကုန်ဈေးနှုန်းတွေ အများထင်သလို သိပ်မတက်ပဲနဲ့ အများပြည်သူ သိပ်မထိခိုက်တဲ့အခြေအနေဖြစ်မှာပေါ့။ ဒါက အစိုးရဝန်ကြီးဌာနတွေဘက်က လုပ်ရမယ်”ဟု ပြောသည်။ လက်ရှိတွင် ဗဟိုဘဏ်အနေနှင့် ငွေဈေးနှုန်းလဲလှယ်မှုတည်ငြိမ်စေရန် ဗဟိုဘဏ်အနေနှင့် ပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာထုတ်ချေးခြင်း၊ ကန့်သတ်ချက်များကို ဖြေလျှော့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပုဂ္ဂလိကဘဏ်များသို့ ကန်ဒေါ်လာ ထုတ်ရောင်းခြင်း၊ ပုဂ္ဂလိက ဘဏ်များ၊ Money changer များကို ခေါ်ယူတွေ့ဆုံ မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ ဒေါ်လာဈေး တက်ခြင်းကြောင့် ပို့ကုန်သမားများ အဆင်ပြေပြီး သွင်းကုန်သမားများ အခက်ကြုံရသည်။ ပို့ကုန်လုပ်ငန်းရှင် ဦးဇေယျာဝင်းက”အခုလိုတက်တာက ကျနော်တို့ ပို့ကုန်သမားအတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အခုလို မိုးရာသီကျတော့ ပို့ကုန်က လောက်လောက်လားလား အော်ဒါက မတတ်ဘူး။ အဲတော့ များများစားစားတော့မဟုတ်ဘူး။ ထိုက်သင့်သလောက်တော့ အကျိုးရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဓာတ်မြေသြဇာ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာမျိုးအောင်ကျော်ကမူ ”မြေသြဇာသွင်းတာက အမျိုးအစားလည်းကောင်းတယ်။ ဈေးလည်းကောင်းတယ်။ အခုလိုဈေးမငြိမ်တဲ့အခါကျတော့ ဆရာတို့က အဲဈေးပေါ်မူတည်ပြီးတော့ ဈေးတွေ ခဏ ခဏ ပြောင်းရတယ်။ အဲလိုလုပ်ရတော့ လယ်သမားတွေမှာ ဒုက္ခရောက်တယ်။ ဆရာတို့ ရောင်းရတာလည်း မျက်နှာပူတယ်”ဟု ပြောသည်။ ဆက်လက်၍ ၎င်းက “နောက်တခုက သူများလို ဈေးဟပြီးထားရင်တော့ မျှောနိုင်တယ်။ ဥပမာ ဓာတ်မြေသြဇာ ၁ အိတ်ပေါ်မှာ ဒေါ်လာ ၃၀ ရှိတယ်ထားပါတော့ အရင်က ၁ ဒေါ်လာ ၁၃၀၀ ကျပ်ကျော်ထား အခုက ၁၅၀၀ ကျပ်ကျော်ဖြစ်သွားတော့ ရာနဲ့ချီဟထွက်သွားတာ။ ဆရာအဲလောက်မှ မမြတ်တာ ရောင်းရင် ဆက်ပြီး ရူံးဖို့ပဲ ရှိတော့တာ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။ ဒေါ်လာဈေးမှာ ပြီးခဲ့သည့် ဇွန်လမှစတင်၍ ယခုသြဂုတ်လအထိ ၄ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ ယခုမြင့်တက်နေသော ၁ ဒေါ်လာ ၁၅၀၀ ကျပ်ကျော် ဈေးမှာ စံချိန်အသစ်ဈေးဖြစ်ပြီး နောက်များတွင်လည်း အသစ်များဖြစ်လာနိုင်ချေ ရှိနေသည်။ The post တဒေါ်လာ ၁၅၀၀ ကျပ် ကျော်သွားပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2MsPKk5
via IFTTT
No comments:
Post a Comment