ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြဿနာ မဟုတ် လတ်တလော ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းသည် အချို့သူများ ထင်သကဲ့သို့ ပြဿနာ မရှိလှပေ။ ရုစဗဲ့လ် စကားကို ကိုးကားရလျှင် ကြောက်ရွံ့ထိတ်လန့်ခြင်းသည်သာ အမှန်တကယ် ဆန့်ကျင်ရမည် အရာဖြစ်သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြဿနာ မရှိလှသည်မှာ အောက်ပါအကြောင်းများကြောင့် ဖြစ်သည်။ ၁။ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေမှာ တကမ္ဘာလုံးကြုံတွေ့နေရသော အခြေအနေပင်ဖြစ်သည်။ ထွန်းသစ်စ ဈေးကွက် ငွေကြေးများအားလုံး (ချမ်းသာသောနိုင်ငံများမှ ငွေကြေးများအပါအဝင်) ကို အားပြိုင်ပြီး အမေရိကန်ငွေ မာ လာခြင်းသည် ဆုံးရှုံးနိုင်ခြေဆိုင်ရာ ပူပန်မှုများ ကြီးထွားလာခြင်းကို ထင်ဟပ်နေသည်။ နှစ်ပရိစ္ဆေဒကြာ သက်တမ်းရှိပြီဖြစ်သည့် မြင့်မားသော ဆုံးရှုံးနိုင်ခြေဆိုင်ရာ ယူဆချက်များအရ ငွေဖေါ်လွယ်သော အန္တရာယ် ကင်းသည့် ပိုင်ဆိုင်မှု သို့မဟုတ် အမေရိကန်ဒေါ်လာနောက်သို့ လိုက်ကြမည်ဖြစ်ပြီး အခြားငွေကြေးများနှင့် ၎င်း၏နှိုင်းယှဉ်မှုဈေးနှုန်း (ငွေလဲလှယ်နှုန်း)ကို တွန်းတင်မည်ဖြစ်သည်။ လက်တွေ့တွင် အမေရိကန်ဒေါ်လာသည် ၎င်း၏ အရေးအပါဆုံး ပြိုင်ဖက်အစစ် ခေတ်အဆက်ဆက်ဖြစ်ခဲ့သည့် ရွှေကိုပင် အားပြိုင်ပြီး ဈေးတက်နေသည်။ ၂။ အဆင့်တူ အခြား ငွေကြေးများ၏ ဈေးနှုန်းအတက်အကျကို အခြေခံသော စာရေးသူ၏ ခန့်မှန်းချက်မှာ လတ်တလော ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် အထက်ဖေါ်ပြပါ ငွေကြေးများအားလုံး ရင်ဆိုင်နေရသည့် အခြေအနေကြောင့်ဖြစ်သည်။ ၃။ ထို့ကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း (၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ဖြစ်၍ အချို့ ငွေကြေးတန်ဖိုးကျခြင်းနှင့်ယှဉ်လျှင် များစွာနည်း) သည် အခြားငွေကြေးများ တန်ဖိုးကျသည့် သဘောအတိုင်းသာဖြစ်သည်။ သို့သော် ကျပ်ငွေသည် အင်ဒိုနီးရှာ ရူပီးယား( ၈ ရာခိုင်နှုန်းခန့်ကျ)၊ အိန္ဒိယ ရူပီး (၈ ရာခိုင်နှုန်းခန့်ကျ) တို့ထက် အနည်းငယ် ပိုမိုကျဆင်းသည်မှာ မှန်သည်။ ၄။ မည်သည့်အတွက် (အဆိုပါ ငွေကြေးများထက်) ကျပ်ငွေတန်ဖိုး အနည်းငယ် ပိုမိုကျဆင်းရသနည်း။ (က) မြန်မာနိုင်ငံသည် ထွန်းသစ်- emerging ဈေးကွက်မဟုတ်သေးဘဲ ဖွံ့ဖြိုးမှုနိမ့်သော – frontier အစွန်အဖျား ဈေးကွက်သာ ဖြစ်နေသေးသည်။ ထို့ကြောင့် ကျပ်ငွေသည် ထွန်းသစ်စဈေးကွက် ငွေကြေးများလောက် ကျယ်ကျယ်ပြန့်ပြန့် ငွေဖြစ်လွယ်ခြင်း မရှိဟု မြင်ကြသည်။ အနှစ်သာရအားဖြင့် ဆိုရပါက မြန်မာနိုင်ငံနယ်စပ်ကို ကျော်လွန်သွားလျှင်ပင် ကျပ်ငွေသည် ငွေဖြစ်လွယ်ခြင်း လုံးဝမရှိတော့ဘဲ အာမခံနိုင်မှု အန္တရာယ် ပိုမိုမြင့်မားသည်။ အလားတူစွာပင် မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံများထက် ဆုံးရှုံးနိုင်ခြေ အနည်းငယ် ပိုမိုမြင့်မားသည်ဟု သတ်မှတ်ကြသည်။ စီးပွားရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းတွင်လည်း အခြားနိုင်ငံများထက် နိမ့်ကျနေသည်။ (ခ) အခြား ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အနည်းငယ် ပိုမို မြင့်မားနေသည်။ ထို့ကြောင့်ပင် အမှန်တကယ် ငွေလဲလှယ်နှုန်းနှင့် ဝယ်ယူနိုင်စွမ်း ကွာခြားမှုနှုန်း – purchasing power parity ကို ထိန်းထားနိုင်ရန် ကျပ်ငွေ၏ သတ်မှတ်တန်ဖိုးကျဆင်းမည်ဟု မျှော်လင့်နိုင်သည်။ (ဂ) လတ်တလော ကျပ်ငွေတန်ဖိုး ကျဆင်းစေသော လုပ်ငန်းဆိုင်ရာ အချက်အလက်အချို့လည်း ရှိနေသည်။ ဥပမာဆိုရပါက တရုတ်နိုင်ငံသို့ သကြား၊ ဒီဇယ် တဆင့်ခံ တင်ပို့ခြင်း စတင်နေချိန်ဖြစ်သည်။ ထို့ကြောင့် သကြားနှင့် ဒီဇယ်ကို တင်သွင်းသောအခါ မြန်မာနိုင်ငံမှ နိုင်ငံခြားငွေများ စီးထွက်သွားပြီး ပြန်လည်တင်ပို့သောအခါ ထိုနိုင်ငံခြားငွေကို ပြန်လည်မရရှိပါ။ အကြောင်းမှာ ထိုလုပ်ငန်းမှ ကုန်သည်များသည် ၎င်းတို့ရရှိသောငွေကို နယ်စပ်တဖက်ရှိ ရောင်းဝယ်နိုင်ခြင်း မရှိသော တရုတ်ငွေစာရင်းများတွင် အများအားဖြင့် သိမ်းထားကြသည်။ ပြည်တွင်းဘဏ်များသည်လည်း အလားတူ ပြဿနာ ရှိသည်။ ၎င်းတို့၏ လက်ခံရရှိထားသည့် အမေရိကန်ဒေါ်လာများကို ပြည်ပဘဏ်ရှိ ၎င်းတို့၏ စာရင်း nostro accounts မှ တကယ် ပြန်မလွှဲသောကြောင့် နိုင်ငံခြားငွေ လက်ကားဈေးကွက်တွင် အသုံးပြုနိုင်သော အမေရိကန်ဒေါ်လာကို အကန့်အသတ်ဖြစ်စေသည်။ အထက်ပါ အချက်များ အားလုံးကြောင့် မည်သို့လုပ်ဆောင်ရမည်နည်း။ စာရေးသူ၏ အမြင်တွင်မူ အထက်ပါ လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပြန်လည်သုံးသပ် ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော် ထို့ထပ်ပိုပြီး အခြားမည်သည့်အရာမျှ မဟုတ်။ အခြား ထွန်းသစ်စ ဈေးကွက်များနှင့် မတူသည့်အချက်မှာ မြန်မာနိုင်ငံတွင် (ပုဂ္ဂလိက ကဏ္ဍအပါအဝင်) နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် ကြွေးမြီ အနည်းငယ်သာ ရှိခြင်းဖြစ်သည်။ ထို့ကြောင့် လတ်တလော ငွေလဲနှုန်းကျဆင်းခြင်းသည် ၁၉၉၇/၉၈ အာရှ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းကဲ့သို့သော အခြေအနေမျိုးကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။ အလေးအနက်ပြောရလျှင် ထိုအကျပ်အတည်းပေါ်ပေါက်ရခြင်းမှာ ဒေသတွင်း ငွေကြေးများ တန်ဖိုးကျဆင်းပြီး အဓိက ပြဿနာမှာ နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်သည့် ကြွေးမြီ အများအပြား ရှိနေခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်သည့် ကြွေးမြီ အမြောက်အမြား မရှိပါ။ မည်သို့ဆိုစေ နောက်ဆုံး ဘာတွေ လုပ်နိုင်မလဲ။ မြန်မာနိုင်ငံတွင် ၎င်း၏ငွေကြေးကို ကာကွယ်ရန် လုံလောက်သော နိုင်ငံခြားသုံး အရန်ငွေမရှိပါ။ ရှိသော အမေရိကန်ဒေါ်လာဖြင့် ကျပ်ငွေကို ဝယ်ပြီး ဈေးတက်အောင်လုပ်လျှင် ထို အရန်ငွေသည် အလျှင်အမြန် ကုန်ခမ်း သွားမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ငွေဈေးကို အရှင်မျှောထားရန် လိုအပ်ချက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ကျပ်ငွေ၏ တရားဝင်တန်ဖိုးကို အုပ်ချုပ်ရေးအမိန့်ဖြင့် ကြေညာသတ်မှတ်လျှင် (ထိုဈေးအတိုင်း မရောင်းဝယ်သူများကို ဖမ်းလျှင်) မှောင်ခိုဈေးကွက် နောက်တကြိမ် ချက်ခြင်းပေါ်လာမည်ဖြစ်သည်။ နိုင်ငံခြားငွေဈေး နှုန်းရှင်မျှောခြင်းသည် အကျိုးကျေးဇူး များစွာဖြစ်စေနိုင်သည်။ သြစတြေးလျ ( အခြားနိုင်ငံများလည်း အပါအဝင်) တို့သည် ထိုအချက် မှန်ကြောင်းကို လွန်ခဲ့သော နှစ် ၃၀ လုံး ပြသခဲ့ပြီးဖြစ်သည်။ ၁၉၈၃ ခုနှစ်က သြစတြေးလျ ဒေါ်လာကို နှုန်းရှင်မျှောရန် ဆုံးဖြတ်ချက်သည် နိုင်ငံ၏ မည်သည့်ခေတ်၊ မည်သည့်နေရာမဆိုထက် ပိုမိုရှည်ကြာသည့် ရေရှည်စီးပွားရေး တိုးတက်မှုလမ်းကြောင်းပေါ်သို့ တွန်းတင်ပေးရာတွင် အခြားမည်သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆုံးဖြတ်ချက်ထက်မဆို ပိုမိုအရေးပါသည်။ ထို့ကြောင့် စာရေးသူ၏ အမြင်မှာ စိတ်အေးအေးထားပြီး ရှေ့ဆက်လျှောက်ရန်သာ ဖြစ်သည်။ အခြားသော အကြောင်းများကြောင့် လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် ဆောင်ရွက်ပြီး နိုင်ငံခြားငွေလဲနှုန်းကို အသာလွှတ်ထားပေးရမည်ဖြစ်သည်။ ထိုသို့ပင် ဖြစ်လာနိုင်ပေလိမ့်မည်။ (ရှောင်တာနဲလ်သည် မြန်မာအစိုးရကို စီးပွားရေး မူဝါဒဆိုင်ရာ အကြံဉာဏ်ပေးနေသည့် ဩစတြေးလျ ဘောဂဗေဒ ပညာရှင်ဖြစ်သည်။ ၎င်း၏ ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာတွင် ၎င်းရေးသားထားချက်ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။) The post ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြဿနာ မဟုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2OAs4b1
via IFTTT
No comments:
Post a Comment