လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုတာ နေ့စဉ်လူမှုဘဝမှာ လူတဦးတယောက် (သို့) လူတစုက တခြားသူကို ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စိတ် မသက်မသာ ဖြစ်စေမယ့် ပြုမူပြောဆို နှောင့်ယှက်မှုတွေ မကြာခဏ ကြုံတွေ့ရတတ်ပေမယ့် သာမန် ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ထင်မြင်ယူဆပြီး အမှုမဲ့အမှတ်မဲ့ နေတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသားကိုဖြစ်စေ၊ အမျိုးသမီးကိုဖြစ်စေ၊ ကလေးငယ်ကို ဖြစ်စေ တဖက်သားရဲ့ စိတ်ခံစားမှုကို ထိခိုက်နာကျင်စေတဲ့၊ အနှောင့်အယှက်ဖြစ်စေတဲ့ ပြုမူ လုပ်ဆောင်ချက် အားလုံးဟာ ကာယိန္ဒြေ ပျက်စေခြင်း (သို့) လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကာယိန္ဒြေပျက်ပြားစေတဲ့ စော်ကားနှောင့်ယှက်မှု (သို့) လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) ဆိုတာ ဘာလဲ၊ လုပ်ငန်းခွင်နဲ့ လုပ်ငန်းခွင်ပြင်ပမှာ ဖြစ်တဲ့ Sexual Harassment ဘယ်လိုကွာခြားမှုတွေ ရှိသလဲ၊ ဒီအခြေအနေတွေကို ဘယ်လို ကာကွယ်နိုင်မလဲ၊ ဥပဒေအရ ဘယ်လိုတိုင်တန်း အရေးယူမှုတွေ လုပ်နိုင်မလဲ စတာတွေနဲ့ ပတ်သက်လို့ ကလေးသူငယ်၊ အမျိုးသမီးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူတွေကို ဧရာဝတီအကြီးတန်းသတင်းထောက် ဇူးဇူးက မေးမြန်းထားပါတယ်။ ဦးအောင်မျိုးမင်း (ဒါရိုက်တာ – Equality Myanmar) လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုက လိင်ပိုင်းဆိုင်ရာကို မုဒိမ်းမှုတော့ မမြောက်ဘူး။ ဒါပေမယ့် မရိုးမသားစိတ်နဲ့ လူတယောက်ရဲ့ ခန္ဓာကိုယ်ကို ကိုင်တွယ်တာ။ ဒါနဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေ ပြောဆိုတာ။ ဌာနဆိုင်ရာတွေ၊ ရုံးခန်းတွေ အတွင်းမှာဆိုရင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပုံတွေကပ်တာ။ ကွန်ပျူတာကတဆင့် လိင်ပိုင်းဆိုင်ရာ ပုံတွေ၊ သတင်းတွေကို တခြားလူသိဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ မရိုးမသားတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ပြင်ပမှာတော့ အများပြည်သူ သွားလာနေတဲ့ လမ်းတွေ မီးရထား၊ ကား စတဲ့နေရာမျိုးတွေမှာ လုပ်ဆောင်တဲ့ ဟာမျိုး၊ သားပြောမယားပြော ပြောတဲ့ကိစ္စ။ ခန္ဓာကိုယ်ကို မဖွယ်မရာကိုင်တွယ်တာ။ သူ့ရဲ့လိင်ပိုင်းဆိုင်ရာတွေကို ပြသတဲ့ ဟာမျိုးတွေက အများဆုံးဖြစ်တတ်တဲ့ အမျိုးအစားဖြစ်တယ်။ အဖွဲ့အစည်းအတွင်းမှာ အများစုဖြစ်လေ့ရှိတာကတော့ အထက်အရာရှိက လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ အတူတကွ အလုပ်လုပ်နေတဲ့သူတွေကို လိင်ပိုင်းဆိုင်ရာအရ ကိုင်တွယ်ပြောဆိုတာ၊ မြူဆွယ်တာတွေ။ ဒါနဲ့ပတ်သက်တဲ့ ပုံတွေပြတာမျိုး။ Public နဲ့ Private နှစ်ခုတော့ ကွဲသွားတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ အတူတူပဲ။ မရိုးမသားစိတ်ပါရမယ်၊ လိင်နဲ့ပတ်သက်ပြီး တခြားသူ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ဖြစ်အောင်လုပ်ဆောင်တဲ့ အကြောင်းအရာနှစ်ခုကတော့ အရင်းအမြစ်က အတူတူပါပဲ။ အများပြည်သူ နေရာမှာကတော့ လူတိုင်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် တခြားတယောက်ကို လိင် ပိုင်းဆိုင်ရာအရ နှောင့်ယှက်လိုတဲ့ သူတွေ၊ အသားယူချင်တဲ့သူတွေက နေရာတိုင်းဖြစ်တတ်တယ်။ Sexual Harassment in Work Place အများဆုံး ဖြစ်တတ်တာကတော့ အထက်အရာရှိ (သို့) ပါဝါတစုံတရာ ရှိထားသောသူကနေ သူ့ရဲ့ အောက်လက် ငယ်သား အခြေအနေအရ တခုခု ကိုယ်နဲ့သက်ဆိုင်ပြီး လွှမ်းမိုးမှုရှိသောသူတွေကို လုပ်ဆောင်တာ များပါတယ်။ ပြောချင်တာတခုက Work Place မှာဖြစ်တဲ့ Sexual Harassment က ပါဝါဆိုတဲ့ အကြောင်းအရာနဲ့ အများဆုံးယှဉ်လာကြ တာ တွေ့ရတယ်။ လူတယောက်က သူ့ဆီမှာ ရာထူး ငွေကြေး အဆင့်အတန်း လုပ်ပိုင်ခွင့် စတဲ့ပါဝါတွေ ရှိလာမယ်။ တချိန် တည်းမှာပဲ တခြားတယောက်၊ အောက်ခြေကလူတွေက တဆင့်နိမ့်တယ် (သို့) သူ့ရဲ့ အောက်မှာ လွှမ်းမိုးမှုခံရသူမျိုး ဖြစ်နေမယ်ဆိုရင် သူ့ရဲ့ စော်ကားနှောင့်ယှက်ချင်တဲ့ စိတ်နဲ့ ပူးပေါင်းတဲ့အခါမှာ ဖြစ်လာတယ်။ Sexual Harassment in Work Place ဆိုတာ ခုနောက်ပိုင်းမှာ အမျိုးသမီးချည်း ဖြစ်တာမဟုတ်ဘဲ အမျိုးသားတွေကို အထက်အရာရှိ အမျိုးသမီးက လုပ်ဆောင်တာ။ အထက်အရာရှိ လိင်တူချစ်တဲ့သူတွေက ကျူးလွန်တာတွေလည်း တွေ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ပတ်သက်လို့ အမှုတော်တော်များများက တရားရုံးတို့ဘာတို့ သိပ်မရောက်ကြဘူး။ ဘာကြောင့်ဆို သက်သေ အထောက်အထားက အရမ်းအရေးကြီးတယ်။ တချို့က သက်သေအထောက်အထား မရှိဘူး။ ပထမဦးဆုံးက သည်းကိုသည်းမခံသင့်တာ။ သည်းမခံဘူး လက်မခံဘူး၊ ဒါနဲ့ပတ်သက်လို့ မကျေနပ်ဘူးဆိုတာ အဲဒီလူ သိအောင် တုန့်ပြန်ပြောဆိုနိုင်တဲ့ အနေအထားမျိုး ရှိဖို့လိုတယ်။ ဒါကိုမှ သူက ကျူးလွန်လာပြီဆိုရင် တတ်နိုင်သ၍ သက်သေ အထောက်အထားရှာဖို့ လိုအပ်တယ်။ ဒီလိုမျိုးဖြစ်လာပြီဆို ကျူးလွန်တဲ့သူက တခါနှစ်ခါ မဟုတ်ဘူး။ ရည်ရွယ်ချက်နဲ့ ထပ်ခါထပ်ခါ လုပ်တဲ့အတွက် ခံရသူအနေနဲ့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ၊ မျက်မြင် သက်သေ (သို့) သူ့ရဲ့ ရေးသားပြောဆိုချက်တွေကို မှတ်တမ်းတင်ထားတဲ့ပုံစံမျိုးနဲ့ သက်သေရှာဖို့ လိုအပ်တယ်။ တချို့ကိစ္စတွေမှာ တယောက်တည်း မဟုတ်ဘဲ အများသူကလည်း ဖြစ်တယ်ဆိုရင် ဒါတွေက သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပဲ။ လူတယောက်က သူ့ရဲ့ ပါဝါအာဏာကို အသုံးချပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို လုပ်ဆောင်တယ် ဆိုရင် ဒါတွေက ကောင်းမွန်တဲ့သက်သေတွေ ဖြစ်လာနိုင်တယ်။ တဦးတယောက်တည်း သက်သေ စုဆောင်းတာတင် မကဘဲ၊ ကြုံတွေ့ရသူစုပေါင်း၍ သက်သေစုဆောင်းတဲ့ နည်းလမ်းကိုလည်း ကျင့်သုံးနိုင်ပါတယ်။ ဒေါ်ဇာခြည်ညိမ်း (လူ့အခွင့်အရေးလှုပ်ရှားသူ) စိတ်အနှောင့်အယှက် ဖြစ်စေလောက်တဲ့ (သို့) ထပ်ခါထပ်ခါလုပ်လေ့ရှိတဲ့ လိုလားမှုမရှိသော လိင်ပိုင်းဆိုင်ရာ အရုပ်၊ အသံ၊ အထိအတွေ့ စသဖြင့် အနှောင့်အယှက် ဖြစ်စေလောက်အောင်၊ စိတ်မသက်မသာ ခံစားရအောင် ပြုမူလုပ်ဆောင်မှုမျိုးကို ဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြုရာမှာ နှုတ်၊ ရုပ်ပုံ/ အမြင်အာရုံနဲ့ ကိုယ်ထိလက်ရောက်ဆိုပြီး ခွဲခြားနိုင်ပါတယ်။ နှုတ်အားဖြင့်ဆိုရာမှာ ဝတ်စားဆင်ယင်ပုံကို လှောင်ပြောင်ပြောဆိုမှု၊ လူတဦးတယောက်ရဲ့ ကိုယ်ခန္ဓာ၊ လိင်စိတ် ကိုင်းညွတ်မှု၊ ကျား/မ ဖြစ်တည်မှုတို့အပေါ်မှာ လှောင်ပြောင်တဲ့ဟာသတွေ မှတ်ချက်ချပြောဆိုမှုတွေ ပါဝင်ပါတယ်။ မိမိကို အရေးပေးအောင် တောင်းဆိုခြင်း၊ အပြင်ထွက်ရန် ထပ်ပြန်တလဲလဲ (အားနာလာအောင်/ မငြင်းဆန်နိုင်အောင်) ဆွဲဆောင်ခြင်း (မုန့်လိုက်ကျွေးရမယ်၊ လက်ဖက်ရည်တိုက်ရမယ် စသဖြင့်)၊ တောင်းဆိုမှုကိုငြင်းဆန်တဲ့အခါ လုပ်ငန်းခွင်မှာ အပြစ်ရှာတာ၊ ထိုသူရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို ကောလာဟလ ထုတ်လွှင့်တာ/ အတင်းပြောတာ၊ မကြားဝံ့ မနာသာစကားတွေ စောင်းမြောင်း ပြောဆိုတာမျိုး။ မျက်မြင်အားဖြင့် ထိပါးနှောင့်ယှက်ခြင်း ဆိုတာမှာ လိင်စိတ်ကြွစေတဲ့ ရုပ်ပုံ/ ကာတွန်းတွေ လုပ်ငန်းခွင်မှာ မြင်အောင် ပြသထားတာ စိတ်မသက်မသာဖြစ်စေတဲ့ အီစီကလီ မက်ဆေ့တွေ ပေးပို့တာမျိုးတွေ ဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမှာတော့ မိမိသွားမယ့်လမ်းကို ပိတ်ဆို့ထားတာ၊ တားဆီးတာ၊ စကားပြောတဲ့အခါ တို့ထိတာ၊ နမ်းတာ၊ ဖက်တာ၊ ကျောပုတ်ခေါင်းပုတ် လုပ်တာ၊ ဆုပ်ကိုင်ဖြစ်ညှစ်တာ၊ ပွတ်သပ်တာ၊ လိင်မှုရေး ရာ အဓိပ္ပာယ်ပေါက်စေတဲ့ အမူအရာပြတာ၊ စိုက်ကြည့်တာ၊ ပြီတီတီ ကြည့်တာတွေ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုရာမှာ နည်းလမ်း ၂ သွယ်နဲ့ ပြုလုပ်တာရှိပါသေးတယ်။ နံပါတ်တစ် This for that – ဒါလုပ်ရင် ဒါရမယ်။ သူ့အလိုကို လိုက်လျောရင်၊ ရေလိုက်ငါးလိုက် နေပေးရင် ဆုချီးမြှင့်တာ (သို့) ရာထူးတိုးတာ၊ မျက်နှာသာ ပေးတာ ခံရမယ်။ မဟုတ်ရင်တော့ အပြစ်တင်တာ၊ ဆူပူတာ၊ အပြစ်ရှာတာ၊ ရာထူးချတာ၊ အကြောင်းရှာပြီး အလုပ်ထုတ်တာ ခံရမယ်။ နံပါတ်နှစ်က ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အဖြစ်ဖန်တီးတာ၊ အလုပ်လုပ်နေစဉ် အနှောင့်အယှက်ဖြစ်စေတဲ့ မေးခွန်း တွေ ခဏခဏမေးတာ၊ ခြိမ်းခြောက်တာ၊ စိတ်မသက်မသာ ဖြစ်စေတဲ့အပြုအမူတွေ၊ လိင်ပိုင်းဆိုင်ရာ အီစီကလီစကားတွေ မကြာခဏ လာရောက်ပြောဆိုနေတာ။ ဒီလို အနှောင့်အယှက်ပေးသူကို ရှောင်ရှားနေရတာနဲ့ မိမိရဲ့လုပ်ရည်ကိုင်ရည် ကျဆင်းလာမယ်။ သူရဲ့ အနီးအနားမှာ အလုပ်လုပ်ရမှာစိုးတာနဲ့ ရာထူးတိုးပေးတာကို ငြင်းဆန်တာမျိုးတွေ ဖြစ်လာတယ်။ ဘယ်လို ကာကွယ်လို့ ရမလဲဆိုတာမှာ အိမ်၊ လုပ်ငန်းခွင်၊ ကျောင်း၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေဆိုပြီး ခွဲခြား ပြောဆိုရမှာ ဖြစ်တယ်။ ဒါဟာ လူမှုကျင့်ဝတ်၊ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့ များစွာသက်ဆိုင်သလို၊ တိကျတဲ့ မူဝါဒတွေ ချမှတ်ပြီး တားမြစ်မှသာ ရနိုင်ပါမယ်။ လူတဦးရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်တက်ဖို့ လိုအပ်သလို၊ အဲဒီလိုပြုလုပ်ခြင်းဟာ လက်ခံစရာ မဟုတ်ဘူးဆိုတဲ့ လူမှုဆက်ဆံရေး စံချိန်စံညွှန်းတွေ မြင့်လာဖို့လည်း လိုအပ်တယ်။ ဆိုးရွားတဲ့ အခြေအနေ တွေမှာ ဥပဒေနဲ့ တားဆီးကာကွယ်ခြင်း၊ မူဝါဒချမှတ် အရေးယူခြင်းတွေနဲ့ စံနမူနာပြ အရေးယူရပါမယ်။ မြန်မာနိုင်ငံ အနေနဲ့ဆိုရင် ငယ်စဉ်ကတည်းက ယောကျ်ားလေးနဲ့ မိန်းကလေးတွေအပေါ်မှာ သင်ကြားပေးမှု ပုံစံတွေ မတူညီတာရယ်၊ ခံရသူကိုသာ အပြစ်ဖို့ကြတာရယ်ကြောင့် လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်ဆိုသလို အခြေအနေသာ ပေးပါစေ၊ လူတိုင်းက မယုံရဘူးဆိုတဲ့အနေအထားကို ရောက်နေတယ်လို့ပြောရမယ်။ ခုမှထွက်ပေါ်လာတဲ့ အမှုကိစ္စတွေကို ကြည့်မယ်ဆိုရင် ငယ်စဉ်ကာလက မိသားစုဝင်၊ အိမ်နီးချင်း၊ ဆရာ၊ လုပ်ဖော်ကိုင်ဘက် စတာတွေက ကျူးလွန်ကြတာမို့ ဘယ်သူလို့ ပြောရခက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အသိပညာပေးတဲ့ ပုံစံကိုက တဖက်စောင်းနင်း ဖြစ်နေတာတွေ ရှိတယ်။ ဥပမာ – ယောကျ်ားလေးတွေ အတွက် လူပျိုဖြစ်လာတာနဲ့ လက်တည့်စမ်းဖို့ အချင်းချင်း သင်ကြားပေးကြပေမယ့်၊ စနစ်တကျ သင်ကြားအသိပေးတဲ့ပုံစံ မဟုတ်တဲ့အခါ ခိုးဖတ်ရတဲ့ အပြာစာအုပ်/ ရုပ်ရှင်တွေကနေ လိင်ပညာပေး အသိကို ရတယ်။ အပြာကား/ စာပေတွေမှာ မိန်းကလေးဆိုရင် တဏှာကြီးသူတွေ၊ ထိလိုက်တာနဲ့ တမ်းတမ်းစွဲ ဖြစ်နေသူတွေ စသဖြင့် ပုံဖော်ကြတာ များတယ်။ ဒီတော့ လက်တည့်စမ်းကြည့်ချင်တဲ့ စိတ်ကို ပိုများစေတာပေါ့။ ဘယ်သူတွေက အလုပ်ခံရဖို့ အခွင့်အလမ်း ပိုများသလဲလို့ မေးရင် ငယ်ရွယ်နုနယ်တဲ့ မိန်းမပျိုလေးတွေ၊ ကလေးသူငယ် တွေ၊ ကျောထောက်နောက်ခံ အင်အားနည်းပါးသူတွေက ပိုအစော်ကားခံရပါတယ်။ ဒါ့အပြင် လိင်ပညာပေးတွေဟာ မိန်းကလေးတွေ အတွက် မရှိပါဘူး။ မိန်းကလေးတွေအနေနဲ့ အပြာစာအုပ်/ ရုပ်ရှင်ဆိုတာလည်း ရှက်စရာတွေဆိုပြီး လက်လှမ်း မမီကြဘူးဆိုတော့ ဒီနေရာမှာ တဖက်စောင်းနင်း ဖြစ်နေတယ်။ မိန်းမဆိုတာ တဏှာကြီးသူတွေ၊ ထိလိုက်တာနဲ့ ပျော့ဆင်း လာသူတွေလို့ ယောကျ်ားလေးတွေက သတင်းအချက်အလက် ရနေပြီး မိန်းကလေးတွေကတော့ ကိုယ့်ကို ဒါမျိုး လာလုပ်နေတာတောင် လက်တည့်စမ်းမှန်း၊ ဒါဟာ အနှောင့်အယှက်ပေး နေတယ်မှန်းတောင် ရုတ်တရက် မသိကြဘူး။ မကြာသေးခင်က ဖြစ်သွားတဲ့ ကိစ္စရပ်တွေမှာဆို ဒီကိစ္စက သိသာထင်ရှားပါတယ်။ ကိုယ့်ကို အမြတ်ထုတ်လို့ ထုတ်နေမှန်း တောင် မသိဘူး။ မောင်နှမလို ချစ်ခင်လို့ လုပ်နေတာလို့ ထင်မိပြီး ပြန်တုန့်ပြန်ဖို့၊ တားမြစ်ဖို့ ခက်ခဲကြတယ်။ ထုတ်ပြောတဲ့ အခါကျတော့လည်း ကျေနပ်လို့ ငြိမ်နေတာပေါ့။ ခုမှ အဝေမတည့်လို့ ဘာညာဆိုတဲ့ အပြစ်တင်မှုက လာပြန်ရော။ ဒါကြောင့် လူ့အဖွဲ့အစည်းကိုက စနစ်တကျ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို အသားကျနေစေတယ်လို့ ပြောရတော့မယ်။ မောင်ဆောင်းခ (အမှုဆောင်ဒါရိုက်တာ – အသံအဖွဲ့) ကာယိန္ဒြေ ပျက်ပြားစေတဲ့ စော်ကားနှောင့်ယှက်မှု (သို့) လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) ဆိုတာ နားလည်လွယ်အောင် ပြောရရင် ကာယကံရှင် သဘောမတူဘဲ လိင်ဆက်ဆံဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ၊ လိင်စိတ် သာယာဖို့ ထိတွေ့ကိုင်တွယ်ပြောဆိုတာတွေ၊ ကာယကံရှင်မကြိုက်ဘဲ ငမ်းတာတွေလို့ ပြောလို့ရပါတယ်။ လုပ်ငန်းခွင်မှာကတော့ များသောအားဖြင့် ရာထူးကြီးသူက သူ့လက်အောက်ငယ်သားတွေကို ကျူးလွန်တာ အတွေ့ရများပါ တယ်။ လုပ်ငန်းခွင်တိုင်းမှာ Sexual Harassment Policy ရှိဖို့ အရေးကြီးပါတယ်။ အဲဒါရှိမယ်ဆိုရင် လုပ်ငန်းခွင်မှာကျုးလွန် တဲ့သူတွေကို ရာထူးအကြီးဆုံး ဖြစ်လင့်ကစား အလုပ်က ထုတ်ပယ်ခွင့် ရှိပါတယ်။ လုပ်ငန်းခွင် အတွင်းဖြစ်သလား၊ လုပ်ငန်းခွင်ပြင်ပ ဖြစ်သလားဆိုတဲ့ ကိစ္စက အလုပ်ချိန်အတွင်းမှာ ကျူးလွန်တာ ဟုတ်မဟုတ်နဲ့တင် ဆုံးဖြတ်လို့မရပါဘူး။ အလုပ်ချိန် ပြင်ပမှာ အလုပ်က ရာထူးကို အသုံးချပြီး ငါနဲ့အတူမနေပေးရင် ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်တာ၊ ငြင်းဆန်ရင် အလုပ်ခွင်မှာ အပြစ်ရှာပြီး အငြှိုးထားတာတွေဆိုရင်လည်း လုပ်ငန်းခွင်အတွင်းဖြစ်တဲ့ကိစ္စလို့ ယူဆ နိုင်ပါတယ်။ လုပ်ငန်းခွင်မှာဖြစ်ရင် လုပ်ငန်းအတွင်းက ယုံကြည်ရလောက်တဲ့ တာဝန်ရှိသူကို တိုင်ကြားပါ။ လူတွေသိအောင် ထုတ်ဖော် ပြောကြားပါ။ ထိရောက်တဲ့ အရေးယူမှု မရှိဘူးဆိုရင် ရဲစခန်းမှာ ထပ်မံအမှုဖွင့်ပါ။ လုပ်ငန်းခွင်မှာရော၊ ရဲစခန်းမှာပါ တိုင်ကြား နိုင်ပါတယ်။ ကိုယ်ထိလက်ရောက် ကိုင်တွယ်တာ၊ ဘတ်စ်ကားပေါ်တွေမှာ ထောက်လှမ်းရေး လုပ်တာတွေဆိုရင် ထောင်ဒဏ် ၂ နှစ်အထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၅၄ နဲ့ အရေးယူလို့ရပါတယ်။ နှုတ်နဲ့ခြိမ်းခြောက် တောင်းဆိုတာ၊ အွန်လိုင်းကနေ အပြာကားတွေ ပို့တာ၊ ပြသတာတွေဆိုရင် ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၉ နဲ့ အရေးယူလို့ ရပါတယ်။ ဒေါ်ခင်လေး (ဒါရိုက်တာ – Triangle Women Support Group) Sexual Harassment ဆိုတာက အမျိုးသမီးရဲ့ ကာယိန္ဒြေအပိုင်းတွေ။ သူ့ခန္ဓာကိုယ်ကို ထိတာကိုင်တာတင် မကဘူး။ မသင့်တော်တဲ့ ဓာတ်ပုံမျိုးတွေပြတာ၊ ဆွဲဆောင်တာမျိုး အသားယူတဲ့အပြောအဆို လုပ်ရပ်မျိုးတွေအားလုံးက လိင်ပိုင်း ဆိုင်ရာ စော်ကားမှုအောက်ထဲမှာ ပါပါတယ်။ ပညာရှင်တွေ ပြောတာကဆိုရင် ကာယကံရှင်ရဲ့သဘောထား။ သူ့ရဲ့ စိတ်ထဲမှာ ဒီလိုမျိုး တခြားတယောက်က လာလုပ်လိုက်လို့ အမျိုးသားကပဲ မဟုတ်ဘူး။ အမျိုးသမီးချင်းလည်း ဖြစ်နိုင်တယ်။ စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်တာမျိုး။ သူ့စိတ်ထဲမှာ တခုခု အနှောင့်အယှက်ဖြစ်သွားပြီ။ ဒါကို မသက်မသာ ဖြစ်သွားပြီဆိုတဲ့ ခံစားချက်ရှိတယ်ဆိုရင် ဒါက ထိပါးနှောင့်ယှက်မှုထဲမှာ ပါသွားပြီလို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။ လုပ်ငန်းခွင်ပြင်ပမှာတော့ လမ်းသွားလာရင်းဖြစ်ဖြစ် ဘတ်စ်ကားစီးတာပဲဖြစ်ဖြစ် လူကြပ်တဲ့နေရာမျိုးမှာပဲ ဖြစ်ဖြစ် အသားယူလိုက်တာမျိုး၊ မတော်တရော် ပြတာမျိုး၊ အဝေးပြေးကားတွေပေါ်မှာ ဘေးချင်းယှဉ်ထိုင်ရင်း တယ်လီဖုန်းထဲကနေ မတော်တရော်ပုံတွေ သူက ကြည့်နေသလိုမျိုးနဲ့ ဘေးကမိန်းကလေးကို ပြတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီး တယောက်ကို အမျိုးသားတယောက်ကပဲ ကျူးလွန်တာမျိုးမဟုတ်ဘူး။ ကြုံလို့ကျူးလွန်တာမျိုး ဖြစ်နိုင်တယ်။ အဲဒီအခါမှာ ဒီအမျိုးသမီးအနေနဲ့ လွတ်လွတ်လပ်လပ် အကူအညီတောင်းလို့ရသေးတယ်။ အော်လိုက်လို့ရတယ်။ တုန့်ပြန်လိုက်လို့ရတယ်။ လုပ်ငန်းခွင်ဆိုင်ရာမှာကျတော့ တော်တော်များများဖြစ်တာသည် ကိုယ့်ထက် သြဇာအာဏာ အလုပ်ရာထူး ကြီးတဲ့ ပုဂ္ဂိုလ်တွေကနေ ငယ်တဲ့အမျိုးသမီးတွေကို ကျူးလွန်တာမျိုးတွေ ပိုများတယ်။ ဒီလိုမျိုး သြဇာအာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အပေါ်မှာ မူတည်ပြီး နစ်နာတဲ့မိန်းကလေးတွေဟာ ဖွင့်ဟထုတ်ဖော်ပြောဖို့ အရမ်းခက်ခဲတယ်။ ဖွင့်ဟထုတ်ဖော်ပြောရင် သူတို့ရဲ့ လုံခြုံရေး (သို့) အလုပ်အတွက် စိုးရိမ်စရာတွေရှိတယ်။ တချို့ကျတော့လည်း ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဆိုတဲ့ ထင်ကြေး မှတ်ချက်တွေနဲ့ ဒါတွေကို ထုတ်ဖော်ပြောဆိုဖို့ ခက်သလို အရေးယူဖို့ဆိုတာလည်း ခက်တယ်။ ဒီမိန်းကလေး အနေနဲ့ ထုတ်ဖော် ပြောခဲ့ရင်တောင် လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဘက်တွေရဲ့ မှတ်ချက်တွေက ကိုယ့်ဘက်ကို အားပေးတဲ့ မှတ်ချက်မျိုးထက် အေးပေါ့ သွားပြီးတော့ ကိုယ်က ဘယ်လိုမျိုးအမူအရာတွေနဲ့ လုပ်ပြလို့ မြှူဆွယ်လို့ ဖြစ်လဲမှမသိတာ၊ ငါတို့တွေတော့ မဖြစ်ဘူးဆိုတဲ့ မှတ်ချက်မျိုးကလည်း ဒီအမျိုးသမီးတွေအတွက် ကိုယ်ခံစားရတာကို ထုတ်ဖော်ပြောဖို့ ပိုပြီးတော့ခက်ခဲစေတယ်။ ဥပဒေကြောင်းအရ အရေးယူဖို့မှာ လုပ်ငန်းခွင်ရော၊ လုပ်ငန်းခွင်ပြင်ပရော နည်းနည်းခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေရဲ့ အားနည်းချက်အရ နေရာတကာမှာ သက်သေ၊ သက်သေဆိုတဲ့အခါ ပြင်ပလူမြင်ကွင်းမှာဖြစ်တဲ့ ကိစ္စမှာတော့ သက်သေက ဘေးကတယောက် မြင်နိုင်ပါတယ်။ သို့သော် လုပ်ငန်းခွင် (သို့) စိတ်ကွယ်တဲ့နေရာတွေမှာ ဆိုရင် သက်သေ ရဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ခံစားရတာတွေ အကုန်လုံးကို ကြည့်လိုက်လို့ရှိရင် နှစ်ဦးတည်း နှစ်ကိုယ်ကြား ဖြစ်ခဲ့တဲ့၊ ရုံးမှာတခြားသူတွေမရှိတဲ့ Overtime လို အချိန်မျိုးမှာ ဖြစ်တာမျိုးတွေဆိုတော့ သက်သေရဖို့ ခဲယဉ်းတဲ့အတွက် ဒီလိုကိစ္စမျိုးတွေကို ဥပဒေကြောင်းအရ အရေးယူတဲ့အခါ အခက်အခဲတွေ ရှိနေပါတယ်။ ဥပဒေကြောင်းအရ သွားမယ်ဆိုရင် လက်ရှိဥပဒေရဲ့ အားနည်းချက်တွေကို အရင်ပြုပြင်ဖို့ လိုပါတယ်။ တော်တော်များများ အမျိုးသမီးတွေက ဥပဒေတွေရဲ့ အားနည်းချက်တွေကြောင့် တရားရုံးတွေ ဘာတွေကို မသွားချင်ဘူး။ မကျေနပ်ဘူး မတရားဘူး သိတယ်။ ဒါပေမယ့် သွားလည်း အချိန်ကြာကြီးနဲ့ ပိုက်ဆံတွေသာကုန်မယ်။ နောက်ဆုံးမှာ ပြစ်မှု ပြစ်ဒဏ် တွေကလည်း လုံးဝ ခေတ်နဲ့မလျော်ညီတဲ့ဟာတွေ ဆိုတော့ ဒီအပေါ် ယုံကြည်မှု အားနည်းကြတယ်။ နေရာတကာ သက်သေဆိုတာထက် ဒါကိုမှန်ကန်ကြောင်း သက်သေထူဖို့ တခြားဘယ်လိုနည်းနဲ့ စဉ်းစားပေးမလဲ။ ဒါကို ဥပဒေတွေက ပြုပြင်ပေးဖို့ ခေတ်နဲ့လျော်ညီအောင် ပြုပြင်ပေးဖို့ အများကြီး လိုအပ်နေတာတွေ ရှိပါတယ်။ နောက်တနည်းအနေနဲ့ Social justice လူမှုရေးဆိုင်ရာ တရားမျှတမှုအနေနဲ့ သူတို့ကို Blaming/ Shaming လုပ်လို့ရပါ တယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဘယ်သူကတော့ ဘယ်တုန်းက ကျမကို ဒီလိုကျူးလွန်သွားတယ် ဆိုတဲ့ဟာကို ဖေ့စ်ဘုတ်သုံးနေ ကြတဲ့ လူပေါင်းသိန်းချီတဲ့သူတွေဟာ ဒါကိုတွေ့နိုင်ခြင်းအားဖြင့် ဒီလူဟာ အလိုအလျောက် သူ့ရဲ့လူမှု ပတ်ဝန်းကျင်မှာ မျက်နှာ မဖော်နိုင်ဖြစ်အောင် လုပ်လို့ရတယ်။ နောက် သူလုပ်နေတဲ့အလုပ်ဟာ ဘယ်လောက်ပဲ အရင်ကဂုဏ်သိက္ခာရှိတဲ့ အလုပ်ဖြစ်ပါစေ သူ့ရဲ့လုပ်ရပ်ကြောင့် ဒီအလုပ်လုပ်တဲ့သူဟာ ဘယ်တော့မှ ဂုဏ်သိက္ခာမရှိပါဘူး ဆိုတာကို သူ့အလုပ်နဲ့ ဆက်စပ်တဲ့ သူတွေသိအောင် ထုတ်ဖော်ပြောလို့ရတယ်။ ဒီလိုလုပ်ခြင်းဖြင့် အမျိုးသမီးတွေ ပိုမိုထုတ်ဖော်ပြောပြီး ဒီလိုအမှုတွေ လျော့နည်းသွားအောင်လုပ်နိုင်တဲ့ Social justice နည်းလည်း ရှိပါတယ်။ ကြိုတင်ကာကွယ်မှုဆိုတာက လုပ်ငန်းခွင်မှာ ပိုပြီးစီမံခန့်ခွဲလို့၊ ဖန်တီးလို့ရမယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် ဒီလုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ ကာယိန္ဒြေစော်ကားမှုနဲ့ ပတ်သက်ပြီး မလုပ်ရမယ့် မူဝါဒတွေချမှတ်ထားမယ်။ စည်းကမ်း သတ်မှတ်ချက် တွေရှိမယ်။ တစုံတခုဖြစ်ခဲ့ရင် ဘယ်သူ့ကို သတင်းပို့ရမယ်။ ဘယ်လိုအရေးယူမယ်ဆိုတဲ့ Process ကို တခါတည်း ချမှတ်ထားမယ်ဆိုရင် ဒါက အဟန့်အတားတခု ဖြစ်မယ်လို့ ထင်ပါတယ်။ လူ့ကိုယ်ကျင့်တရားကို ယုံကြည်တဲ့ သူတယောက်အနေနဲ့ ဒါဟာ စည်းမျဉ်းတွေ၊ ဥပဒေတွေထက် လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားဖြစ်လို့ တဦးချင်းတယောက်ချင်းစီက စောင့်ထိန်းရမယ်လို့ ထင်ပါတယ်။ ဘေးပတ်ဝန်းကျင်မှာ အမျိုး သမီးတယောက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ကာယိန္ဒြေ နှောင့်ယှက်တာမျိုး မတော်တရော် လုပ်နေတာမျိုးဖြစ်နေရင် ဘေးကလူတွေက မဆိုင်သလိုမနေဘဲ ဝိုင်းပြီးတားတာမျိုး၊ ကာကွယ်ပေးတာမျိုး။ လုပ်တဲ့သူကိုပဲ ဝိုင်းပြီးရှုတ်ချ အပြစ်တင် တာမျိုး လုပ်မယ်ဆိုရင် ဒီလိုအမှုတွေ နည်းသွားမယ် ထင်ပါတယ်။ အခုက ပြုလုပ်တဲ့သူတွေက အပြစ်ကင်းလွတ်နေသလို အပြစ်တင်ခြင်း ခံရတာလည်းနည်းနေပြီး ပြုလုပ်ခံရတဲ့ အမျိုးသမီး ငယ်တွေကိုပဲ ဒီလိုလုပ်မှာပေါ့၊ သူတို့ဝတ်ထားတာ မတော်တရော်ကိုး၊ သူတို့က ဘယ်လိုပုံစံမျိုး စကားသွားပြောလဲမှ မသိတာ၊ အနေအထိုင်မတတ်လို့ဆိုတဲ့ ခံရတဲ့သူကိုပဲ အပြစ်တင်တဲ့ ယဉ်ကျေးမှုက ကြီးစိုးနေတဲ့အတွက် ကျမတို့နိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ ကာယိန္ဒြေထိပါး စော်ကားမှုတွေဟာ ဆက်ပြီးတော့ ရှိနေအုံးမှာပဲလို့ ပြောချင်ပါတယ်။ ဥပဒေကောက်နုတ်ချက် – ပုဒ်မ ၃၅၄ – မည်သူမဆို မိန်းမတယောက်၏ ကာယိန္ဒြေကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ကာယိန္ဒြေ ပျက်စီးနိုင်သည်ကိုသိလျက်နှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်လျှင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးကို ချမှတ်ရမည်။ ပုဒ်မ ၅၀၉ – မည်သူမဆို မိန်းမတယောက်၏ ကာယိန္ဒြေကို စော်ကားရန်ကြံရွယ်ပြီး ပြောဆိုခြင်း၊ အသံဖြင့်ပြုခြင်း၊ အထက် ပါ ပြုလုပ်ချက်များသည် ထိုအမျိုးသမီးကြား၊ မြင်စေရန်အကြံ၊ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပါက ရာဇဝတ်မှုမြောက်ပြီး ထောင် ဒဏ် ၁ နှစ်နှင့် အလုပ်၊ ငွေဒဏ် နှစ်ရပ်စလုံးကို ချမှတ်ရမည်။ The post လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုတာ appeared first on ဧရာဝတီ.
Source : https://ift.tt/2LMfOY8
via IFTTT
No comments:
Post a Comment