၄ နှစ်ကျော်အတွင်း တောဆင်ရိုင်း ၁၁၅ ကောင် သတ်ဖြတ်ခံရ မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့်စာရင်းများအရ ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှန်းရှိ သစ်တော ကြိုးဝိုင်းများအတွင်း ကျင်လည်ကျက်စားနေသည့် တောဆင်ရိုင်း ၁၁၅ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ နေပြည်တော်ရှိ သစ်တောရေးရာ ဝန်ကြီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ ဆင်သတ်မုဆိုး တို့၏ စီးပွားရေး အကျိုးအမြတ်အတွက် သတ်ဖြတ်မှုကြောင့် ၂၀၁၄ ခုနှစ်တွင် တောဆင်ရိုင်း ၇ ကောင်၊ ၂၀၁၅ ခုနှစ်တွင် အကောင် ၂၀၊ ၂၀၁၆ ခုနှစ်တွင် ၁၈ ကောင်၊ ၂၀၁၇ ခုနှစ်တွင် ၅၉ ကောင်နှင့် ၂၀၁၈ ခုနှစ် မေလအထိ ၁၁ ကောင်၊ စုစုပေါင်း ၁၁၅ ကောင် သတ်ဖြတ်ခံခဲ့ရသည်ဟု ငပုတောမြို့နယ် သစ်တောဦးစီး ဌာနက ဧရာဝတီကို ပြောသည်။ “ဆင်သေဆုံးမှုမှာ သဘာဝအတိုင်း သေဆုံးတာနဲ့ တရားမဝင် သတ်ဖြတ်မှုကြောင့် သေဆုံးတာဆိုပြီး၂ မျိုးရှိပါ တယ်။ ကျနော်တို့ သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ ပြုစုထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၁၇ ခုနှစ်က ဆင်သတ်ခံရမှု အများ ဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ တော်တော်လေးကို လျော့နည်း လာတာ တွေ့ရပါတယ်” ဟု ငပုတောမြို့နယ် သစ်တော ဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်က ဧရာဝတီကို ပြောသည်။ အလားတူ သဘာ၀ အတိုင်း သေဆုံးမှုကြောင့်လည်း ၂၀၁၄ ခုနှစ်တွင် တောဆင်ရိုင်း ၂၅ ကောင်၊ ၂၀၁၅ ခုနှစ်တွင် ၁၅ ကောင် နှင့် ၂၀၁၇ ခုနှစ်တွင် ၁၃ ကောင်၊ စုစုပေါင်း ၅၃ ကောင် သေဆုံးခဲ့ သည်ဟု သစ်တောရေးရာ ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။ ထို့ကြောင့် ၄ နှစ်ကျော် ကာလ အတွင်း မြန်မာနိုင်ငံရှိ တောဆင်ရိုင်း ၁၆၈ ကောင် သေဆုံးခဲ့ပြီး တနှစ်လျှင် ဆင်အကောင်ရေ ၄၀ ခန့် သေဆုံးနေခြင်းဖြစ်သည်။ စီးပွားရေး အကျိုးအမြတ်အတွက် သတ်ဖြတ်မှုအနေဖြင့် ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများကို အဆိပ်လူးမြား၊ တူမီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ အစွယ်၊ အရေပြား၊ အသားနှင့် အမြီးများကို လှီးဖြတ်ရယူကာ တောရိုင်း တိရစ္ဆာန် ကုန်သည်များမှတဆင့် တရုတ်ပြည်နယ်စပ်သို့ တင်ပို့ရောင်းချလေ့ ရှိကြောင်း သိရသည်။ တောဆင်ရိုင်း သတ်ဖြတ်မှုများမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ဈေးကွက်ဝယ်လိုအား မြင့်တက်လာမှုအရ ၂၀၁၃ ခုနှစ်မှစတင်၍ သတ်ဖြတ်မှုများ ပိုမိုများပြား လာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း၌ တောဆင်ရိုင်း ၅၉ ကောင် အထိ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဆင်သတ်မှုအများစုမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ရုံးစာရင်း များအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ၇ နှစ်တာကာလအတွင်း ဧရာဝတီတိုင်းရှိ တောဆင်ရိုင်း ၅၉ ကောင်မှာ အစွယ်၊ အရေပြား၊ နှာမောင်းနှင့် ဆင်အသားများ ရယူရောင်းချသည့် ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ တောဆင်ရိုင်းအများအပြား သတ်ဖြတ်ခံနေရသည့်အတွက် ပြည်ထောင်စုအစိုးရက သစ်တော ရဲတပ်ဖွဲ့များကို ဧရာဝတီတိုင်း၌ ချထား တာဝန်ပေးခဲ့သလို၊ နယ်မြေရဲတပ်ဖွဲ့များကိုလည်း ဆင်သတ် မှုများ ကာကွယ်ရေးနှင့် ဆင်သတ် တရားခံများအား ထိရောက်စွာဖမ်းဆီးအရေးယူရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့တောရိုင်း တိရိစ္ဆာန် ထိမ်းသိမ်း စောင့်ရှောက်ရေးရံပုံငွေအဖွဲ့ (WWF) ကလည်း ငွေကြေးများ ထောက်ပံ့၍ တောဆင်ရိုင်း ထိမ်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံများ ပါဝင်လာအောင် လုပ်ဆောင်ခဲ့သည်။ ဒေသခံ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီ တိုင်းဒေသ ကြီး၌ ဆင်သတ်မှုများ သိသာစွာ လျော့ကျသွားခဲ့ကြောင်း WWF နှင့် စီမံကိန်း များ ပူးပေါင်း လုပ်ဆောင်နေ သည့် မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်ထိမ်းသိမ်းရေး မိတ်ဆွေများအသင်း (FOW) က ပြောသည်။ “ဒေသခံတွေကို ပြောထားတယ်၊ ဆင်သတ်မုဆိုး သတင်းပေးရင် သိန်း ၃၀ ပေးမယ်။ သူတို့ရှိတဲ့ နေရာကိုပဲ ပြောပြပေး။ သတင်းပေးတဲ့လူကို လုံးဝမဖော်ဘူး၊ လျှို့ဝှက်ထားပေးမယ်ဆိုတော့ ဒေသခံ တွေက သတင်းတွေ ပေးကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ မှာဆိုရင် ငပုတောက ဒေသခံတယောက် သတင်း ပေးလို့ ဆင်သတ်မုဆိုးတွေ ဖမ်းမိတော့ သိန်း ၃၀ ချီးမြှင့်ခဲ့တယ်။ နောက်ပြီး ပူးပေါင်းအဖွဲ့တွေနဲ့ ပုံမှန်ကင်းလှည့်မှုတွေ လုပ်လာခဲ့တော့ လက်ရှိ ၂၀၁၈ ခုနှစ်ထဲမှာဆိုရင် ဆင်သတ်မှုတွေ သိသိသာသာ လျော့သွားတယ်” ဟု FOW အဖွဲ့၏ ဧရာဝတီတိုင်းတာဝန်ခံ ကိုစိုင်းဇော်ဦးက ဧရာဝတီကိုပြောသည်။ ဧရာဝတီတိုင်းတွင် တောဆင်ရိုင်းများ ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ သစ်တောဝန်ထမ်းများ၊ နယ်မြေခံ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ဆင်ဆရာဝန်များ အန်ဂျီအို အဖွဲ့ များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အပတ်စဉ် ကင်းလှည့်ခြင်း၊ ဆင်သတ်မုဆိုးများသတင်း စုံစမ်းခြင်း၊ ဆင်သတ်လက်နက်များ ရှာဖွေသိမ်းဆည်းခြင်းနှင့် ဒေသခံ များအား ဆင်သတ်မုဆိုး သတင်းပေးရန် စည်းရုံးမှုများလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။ The post ၄ နှစ်ကျော်အတွင်း တောဆင်ရိုင်း ၁၁၅ ကောင် သတ်ဖြတ်ခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2AJDo2C
via IFTTT
No comments:
Post a Comment