ရှေးဟောင်းရွှေကူကျောင်း အုတ်လှေကား ပြင်ဆင်မှု ဝေဖန်ခံရ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ရွှေကူကျောင်းကြီးကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းရွှေကူကြီးကျောင်း အုတ်လှေကားအား အင်္ဂတေများဖြင့် ပြုပြင်မှုကို ဝေဖန်မှုများရှိနေရာ နိုင်ငံခြားသားဧည့်သည်များနှင့် လာရောက် လေ့လာသူများ အတက် အဆင်း အဆင်ပြေစေရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဟု ရွှေကူကျောင်းကြီးကျောင်းတိုက်ဆရာတော် ဦးသြသဓက မိန့်ကြား သည်။ “အုတ်လှေကားကို ပြုပြင်ပြီး အသစ်လုပ်ရတာက နိုင်ငံခြားသားတွေ ဒါကြီးကို လာလာကြည့်ကြတော့ လှေကားတွေက ပျက်နေတယ်၊ နောက်ပြီး ဒီမှာ ဆိုင်းအခွေတွေ လာရိုက်၊ ဗွီဒီယိုတွေ လာရိုက်၊ ဓာတ်ပုံတွေ လာရိုက်ကြနဲ့ဆိုတော့ အတက်အဆင်းခက်ကြတယ်၊ အဲဒါကြောင့် ဘုန်းဘုန်းက ခြုံနွယ်တွေကို ရှင်းပြီးတော့မှ အခုလိုလုပ်ပေးခဲ့တာပါ၊ ရည်ရွယ်ချက်ကတော့ တက်လို့ဆင်းလို့ကောင်းအောင်ပေါ့လေ”ဟု ဦးသြသဓက မိန့်ကြားသည်။ အဆိုပါ အုတ်ကျောင်းကြီးမှာ နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းရှိနေပြီဖြစ်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ထိန်းသိမ်းနေသည့် စာရင်းတွင် ပါဝင်ပြီး အုတ်လှေကားအား အင်္ဂတေများဖြင့် ပြုပြင်မှုအား ခွင့်ပြုချက်မရှိပဲ လုပ်ဆောင်သည့်အတွက် ပြန်လည် ဖျက်ခိုင်းထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ “သတင်းကြားတာနဲ့ ချက်ချင်းကွင်းဆင်းပြီး သွားမေးတော့ ဘုန်းဘုန်းက သူလုပ်တာပါလို့မိန့်တယ်၊ ဒီကို နိုင်ငံခြားသား တွေ လာကြည့်တဲ့အခါမှာ အတက်အဆင်းအတွက် ကောင်းဖို့ လှေကား လုပ်ပေးရင်ကောင်းမယ်ဆိုပြီး လုပ်ပေးခဲ့တာပါလို့ မိန့်တယ်၊ လှေကားလုပ်ပေးတာမှာ အချောကိုင်ဖို့အစီအစဉ်မရှိခဲ့ဘူးလို့သိရတယ်၊ အဲဒီမှာ လုပ်ကြတဲ့ ကိုရင်လေးတွေ ဦးဇင်းတွေကလည်း စေတနာနဲ့ အင်္ဂတေအချောကိုင်လိုက်တယ်လို့ သိရတယ်၊ ရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်ချင်တယ်ဆိုရင် ခွင့်ပြုချက်ရမှ ပြုပြင်လို့ရတယ်လို့ ဘုန်းဘုန်းနားလည်အောင်လို့တော့ လျှောက်ထားခဲ့ပြီး အင်္ဂတေ တွေကို ပြန်ခွာခိုင်းခဲ့ပါတယ်၊ အသစ်လုပ်ထားတဲ့လှေကားလည်း မဟုတ်ပါဘူး”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်က ပြောသည်။ အဆိုပါ ရွှေကူကြီးကျောင်းတိုက်ကြီးကို ၁၁၄၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး အမရပူရမြို့တည်၊ နန်းတည် ဘိုးတော်ဦးဝိုင်း၏ ကောင်းမှုဖြစ်ကာ ကျောင်းနှင့်အတူ ကျောင်းဦးစေတီ ရွှေကူသာဘုရားကိုလည်း တည်ထားခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ လှေကားပြုပြင်ရာတွင် ကျောင်းတိုက်အပေါ် အတက်အဆင်း အဆင်ပြေစေရန်အတွက် ရွှေကူကြီး ကျောင်း တိုက်ဆရာတော်က ပဲ့ကြွေနေသည့် ရှေးဟောင်းအုတ်များဖြင့် အင်္ဂတေအချောကိုင်ကာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ပြုပြင်မှုကို လွန်ခဲ့သော ၂ရက်ခန့်က ပြုလုပ်ခဲ့ကာ ခွင့်ပြုချက်ရယူမှု မရှိခဲ့ကြောင်း သိရသည်။ အမရပူရ ရွှေကူကျောင်းကြီးကျောင်းတိုက်အား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဋ္ဌာနခွဲ)မှ ပြုပြင်ထိန်းသိမ်းခြင်းများ လာရောက် ပြုလုပ်မှု မရှိခြင်းကြောင့် ကျောင်းတိုက်ကြီးပေါ်၌ ပေါက်ရောက်နေသည့် လူ့တရပ်ခန့်ရှိသစ်ပင်ကြီးများ၊ အမှိုက်များ၊ ဧရာမအမှိုက်ပုံကြီးများ၊ မြေပုံများကို ကျောင်းတိုက်နေ ဆရာတော်ဦးဆောင်၍ ရှင်းလင်းခဲ့ကြကြောင်း သိရသည်။ “ဒီမှာရှိတဲ့ သရက်ကင်းတခုဆိုရင် နှမြောဖို့ကောင်းတယ်၊ မိုးရွာတာများတော့ ပြိုကျသွားတယ်၊ အခုဆိုရင် ဒီကျောင်းကြီး တခုလုံးမှာ သရက်ကင်းက တခုပဲ ကျန်တော့တယ်၊ လက်ကျန်ရှိနေတာတွေကို သူတို့ ဘယ်လိုထိန်းသိမ်းပေးမလဲဆိုတာ ကိုလည်း ဘုန်းဘုန်းတို့အနေနဲ့ သိချင်တယ်၊ နောက် အထဲမှာလည်း ကျွန်းတိုင်ကြီးတွေ ၅ တိုင်ရှိသေးတယ်၊ ဒီအတိုင်းထား တာတာ၊ မတ်တပ်က ၁ တိုင်ရှိတယ်၊ ဒါကြီးတွေကိုလည်း ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို သိချင်ပါတယ်၊ လက်ရှိကတော့ ရှေးဟောင်းက ဘာမှလာလုပ်တာမရှိဘူး၊ ဘုန်းဘုန်းကျောင်းက ဦးဇင်းတွေနဲ့ ဒကာတွေကပဲ သန့်ရှင်းရေးကအစ လုပ်နေကြတာပါ”ဟု ဦးသြသဓက ဆက်လက်မိန့်ကြားသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဋ္ဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်က “ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်း တဲ့အခါမှာ ရှေးမူမပျက်၊ ရှေးလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက် နေတာပါ၊ ကျမတို့အနေနဲ့ ဒီကျောင်းကြီးကို ထိန်းသိမ်းတဲ့အပြင် စောင့်ရှောက်မှုတွေလည်း လုပ်နေပါတယ်၊ အပတ်စဉ် ကွင်းဆင်းလှည့်ပြီးတော့လည်း ကြည့်ရှုစစ်ဆေး တာတွေ လုပ်ပါတယ်၊ ဒီလိုလုပ်နေတာတွေကိုတော့ ဘုန်းဘုန်းတို့ကို လျှောက်ထားမှုမျိုးတော့ မလုပ်ခဲ့ဘူးပေါ့နော်၊ ကျမတို့လည်း ကျမတို့တာာဝန်အရ စစ်ဆေးကြည့်ရှုတာတွေလုပ်ပြီးရင် ကွင်းဆင်းအစီရင်ခံချက်တွေကို အမြဲတင်ပေး နေရပါတယ်၊ ပြီးခဲ့တဲ့မတ်လကလည်း အဲဒီကျောင်းကြီးကို သွားပြီး သန့်ရှင်းရေး လုပ်တာတွေလည်း လုပ်ခဲ့ပါသေးတယ်၊ မှတ်တမ်းဓာတ်ပုံနဲ့တကွ ရှိပါတယ်”ဟု ပြောသည်။ အဆိုပါကျောင်းကြီးကို တပ်မတော်အစိုးရလက်ထက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့် တာဝန်ယူစဉ် အချိန်က ပြုပြင်ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြုပြင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ “အခုလည်း ဒီကျောင်းကြီးပေါ်မှာ ပေါက်နေတဲ့ သစ်ပင်တွေကို ရှင်းမှာလားမေးလိုက်တယ်၊ သူတို့မလုပ်ရင် ဘုန်းဘုန်း ကိုယ်တိုင်လုပ်မယ်လို့ပြောတော့ သူတို့လုပ်ပါ့မယ်လို့ ပြောသွားတယ်၊ ရှေးဟောင်းက အမွေအနှစ်တော့ လိုချင်တယ်၊ ရလာတဲ့မွေအနှစ်ကိုတော့ ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို မလုပ်တတ်တာ၊ လက်ရှိမှာကို အချို့နေရာတွေက ပြိုတော့မှာမို့ အန္တရာယ်ရှိသည်ဆိုပြီး ရေးပေးထားရတယ်၊ အဲဒါ ဘုန်းဘုန်းတို့ရေးထားတာတွေပါ၊ ဒါတွေကို မပြိုစေချင်ဘူး၊ ဒါကြောင့် ဘယ်လိုလုပ်ကြမလဲလို့ မနက်ကတော့ မေးလိုက်တယ်”ဟု ဦးသြသဓက မိန့်ကြားသည်။ နှစ်ပေါင်း ၂၃၅ နှစ်ခန့် သက်တမ်းရှိ အုတ်ကျောင်းကြီး ရှေးဟောင်းအဆောက်အဦအား လှေကားပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှေးဟောင်းပညာရှင်အချို့နှင့် မြို့ခံများ၏ ဝေဖန်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ “ရှေးဟောင်းက မထိန်းသိမ်းခဲ့လို့ တံခါးပေါက်ကြီးတွေဆို ၅ လက်မအထူရှိတဲ့ ကျွန်တံခါးကြီးတွေ၊ ဘုန်းဘုန်းရောက်ပြီးမှ တချပ်ပျောက်သွားတယ်၊ လက်ကျန်ကျွန်းတံခါးတချပ်ပါ ထပ်ပျောက်သွားမှာဆိုးလို့ ဘုန်းဘုန်းသိမ်းပေးထားတာ အခုအထိ ရှိတယ်”ဟု ဦးသြသဓက ဆက်လက်မိန့်ကြားသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဋ္ဌာနခွဲ)အနေဖြင့် ရှေးဟောင်းရွှေကူကြီးကျောင်းနှင့် ပက်သက်၍ အထက်အဆင့်ဆင့်သို့ တင်ပြထားပြီး မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်များကို စောင့်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ The post ရှေးဟောင်းရွှေကူကျောင်း အုတ်လှေကား ပြင်ဆင်မှု ဝေဖန်ခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2L0tt8s
via IFTTT
No comments:
Post a Comment