Friday, August 17, 2018


ပင်လုံညီလာခံတွေက နိုင်ငံရေး ကစားကွက်တခုပါ မြန်မာနိုင်ငံတောင်ပိုင်းတွင် အင်အားအတောင့်တင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့အဖြစ် ရပ်တည် နေသည့် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA)မှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထား သည်မှာ ၂ နှစ်ကျော် ရှိလာပြီ ဖြစ်သည်။ KNU သည် ၂၁ ရာစုပင်လုံညီလာခံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နေသော်လည်း စစ်ရေးဘက်ဆိုင်ရာ လက်တံဖြစ်သည့် KNLA မှာ မြေပြင်တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရှိသည်။ ၂၀၁၇ ခုနှစ်၊ မတ်လတွင် တပ်မတော်က လမ်းဖောက်သဖြင့် KNLA တပ်မဟာ (၅) နှင့် တိုက်ပွဲများ ဖြစ်ပွားပြီး ဒေသခံ ထွက်ပြေး နေရသည်မှာ ယနေ့ထိ ဖြစ်သည်။ ထိုပဋိပက္ခကြား လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင် နေသည့် တတ်ကြွလှုပ်ရှားသူ အရပ်သား စောအိုမှူးလည်း ပစ်သတ်ခံခဲ့ရပြီး တပ်မတော်က ၎င်းကို ဖောက်ခွဲရေး သမား အဖြစ် စွပ်စွဲထားသည်။ KNLA ထိန်းချုပ်သည့် အခြားဒေသများတွင်လည်း တပ်မတော်နှင့် စစ်ရေးတင်းမာမှု အချို့ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ တတိယအကြိမ် ကျင်းပနေစဉ်လည်း တပ်မတော်နှင့် KNLA တပ်မဟာ (၅)တို့ ပစ်ခတ်မှုများ ရှိခဲ့သည်။ ထိုအခြေအနေများနှင့် ပတ်သတ်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကို KNLA တပ်မဟာ ၅ နယ်မြေသို့ သွားရောက်၍ သီးသန့် တွေ့ဆုံမေးမြန်း ထားပါသည်။ မေး ။ ။ KNLA တပ်မဟာ (၅) လူသောမြို့နယ်ထဲမှာ တပ်မတော်က လမ်းဖောက်လို့ ပဋိပက္ခတွေ ဖြစ်ထားတာက အခုရော ဘယ်လို အခြေအနေရှိပါသလဲ ။ ဖြေ။ ။ လွန်ခဲ့တဲ့ မတ်လမှာ တပ်မတော်က တပ်ချိန်းမယ်ဆိုပြီး အပြောင်းအလဲ လုပ်တယ်။ တခါတည်း တချက်ခုတ် နှစ်ချက်ပြတ် လုပ်တဲ့ အနေနဲ့ တပ်အပြောင်းအလဲ လုပ်ရင်း နေရာချဲ့ထွင်ဖို့ ဆိုပြီး လမ်းလုပ်တယ်။ သူတို့ ဗန်းပြတာကတော့ ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ ဆိုပြီး ပြောတယ်။ တကယ်တော့ စစ်ဆင်ရေး လမ်းကြောင်းပဲ ဖြစ်တယ်။ တကယ်တမ်း ပြန်ကြည့်ရင် ၂၀၀၆ ခုနှစ် ကတည်းက ရွာသားတွေက ဟိုရွှေ့ဒီပြောင်းလုပ်ရတဲ့ အချိန်။ နောက် အပစ်အခတ်ရပ်စဲရေးပြီးနောက် ရွာမှာ ပြန်လုပ်ကိုင်စားသောက်ဖို့ လုပ်တဲ့ အချိန်ကျတော့ သူတို့က ပြန်ဝင်လာတော့ ရွာသားတွေက စိုးရိမ်မှု ရှိနေတယ်။ ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ မေး။ ။ NCA ထိုးပြီးနောက် KNLA နဲ့ တပ်မတော် တိုက်ပွဲတွေ ပြန်ဖြစ်ရတာ ဘာ့ကြောင့်လဲ။ တယောက် ယောက်က အပစ်ရပ်သဘောတူညီချက်တွေကို ချိုးဖောက်နေလို့လား။ ဖြေ ။ ။ NCA က တကယ်တမ်း ပြန်ကြည့်ရင် အစိုးရက သူတို့ အစီအစဉ် ကျကျ သူတို့ ခင်းထားတဲ့ လမ်းကြောင်းပဲ ။ ကျနော်တို့ လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေရတာလည်း အစိုးရက သူတို့ လိုချင်တာကို အကောင်အထည် ဖော်နေလို့ ဖြစ်ပါတယ်။ NCA ထိုးပြီးနောက်ပိုင်းမှာ သူတို့ ဘာအခွင့်အရေးတွေ ထပ်ယူနေလည်း ဆိုတော့ ကျနော်တို့ အုပ်ချုပ်ရေးနယ်မြေတွေမှာ သူတို့ စစ်တပ်တွေ စခန်းတိုးဆောက်တာ တွေ ရှိပါတယ်။ သူတို့ အုပ်ချုပ်ရေး နယ်မြေကို ချဲ့ဖို့အတွက်လည်း ကျနော်တို့ နယ်မြေထဲမှာ တပ် တိုးချဲ့တာတွေ ရှိနေပါတယ်။ မေး။ ။ ဒီလို တပ်တိုးချဲ့တာတွေက ဘယ်ဒေသတွေမှာ ကြုံတွေ့နေရတာလဲ။ တပ်မဟာ (၅) ဖာပွန်ခရိုင် ထဲမှာလား။ ဖြေ။ ။ လမ်းကြောင်းချဲ့ထွင်တာ လမ်းတွေကို ပြန်ပြင်တာ။ ဖွံ့ဖြိုးရေး ဗန်းပြပြီး နယ်မြေချဲ့ထွင်တာတို့က ခရိုင်တိုင်း လိုလို ဖြစ်နေတာပါ။ နောက်အရေးကြီးက ဒီ နယ်စပ် (ဖာပွန်ခရိုင်၊ ထိုင်း-မြန်မာ နယ်စပ်) မှာ သူတို့ ထိန်းချုပ်လို့ ရဖို့ အတွက် သူတို့ ဦးစားပေး လုပ်နေတယ်။ ဒီနယ်စပ်မှာ သူတို့ ထိန်းချုပ်ခွင့် ရအောင် မျှော်မှန်း နေကြတယ်။ မေး။ ။ တပ်မဟာ ၅ မှာ ပဋိပက္ခတွေ ထပ်ဖြစ်တော့ စစ်ဘေးရှောင်တွေ ထပ်တိုးလာတယ်နော် ။ ကြားထဲမှာလည်း မတည်မငြိမ်ဖြစ်တာတွေ ရှိတယ်။ ဒီတော့ NCA ဟာ ခိုင်မာတဲ့ အပစ်ရပ်စာချုပ်လို့ ပြောလို့ ရမလား။ ဖြေ။ ။ NCA ဟာ ခိုင်မာမှု မရှိပါဘူး။ တကယ်တမ်း တိုင်းရင်းသားတွေရဲ့ ရည်ရွယ်ချက် ပေါက်မြောက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ အခုဆို တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အနေအထားတွေလည်း ရှိတယ်လေ။ NCA ဟာ စစ်တပ်က သူတို့ ထင်တာ သူတို့ လုပ်ချင်တာကို လုပ်ထားတော့ NCAဟာ တိုင်းရင်းသားညီညွတ်ရေး ၊ ငြိမ်းချမ်းရေးက အဆုံးထိ ခရီးမပေါက် နိုင်ပါဘူး။ NCA ကို ကျနော် မြင်တာတော့ တပ်မတော်က သူတို့ လိုချင်သလို စီစဉ် အကွက်ချပြီး လုပ်ထားတာပါ။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးကို လိုအပ်နေတယ်။ Nationwide ceasefire တပြည်လုံး အပစ်ရပ်ရေးကို ကျနော်တို့ လိုအပ်တယ်။ ဒါကို အစိုးရက တိုင်းရင်းသားတွေဆီက သူလိုချင်တာ ရဖို့ အကွက်ချတဲ့ အနေနဲ့ Nationwide ceasefire agreement ( တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) ဆိုပြီး လုပ်တယ်။ တိုင်းရင်းသားတွေ ဒီအစီအစဉ်ထဲ ပါလာအောင် လက်မှတ်ထိုးဖို့ အစီအစဉ်ကို ဆွဲတယ်။ ပြီးတော့လည်း သူတို့လုပ်ချင်တဲ့ အစီအစဉ်ကိုပဲ လုပ်နေတယ်။ NCA ဆိုတာ တပြည်လုံးအတိုင်းအတာ တပြည်လုံးက တိုင်းရင်းသားလူမျိုးတွေ အတွက် မဟုတ်ဘူး။ အစိုးရက သူလိုချင်တဲ့ ပုံစံကို ရအောင် သူလုပ်တဲ့ စာချုပ်ပဲ။ ဒီနေရာမှာ ကျနော်ပြောတာ အစိုးရမဟုတ်ပါဘူး။ အစိုးရလို့ မသုံးချင်ပါဘူး။ စစ်တပ်ကို ဆိုလိုတာပါ။ မေး။ ။ ဒါဆို NCA ကနေ ဘာအကျိုးအမြတ်မှ မရနိုင်ဘူးလား။ ပြည်သူတွေဘက်က ကြည့်ရင်ရော။ ဖြေ။ ။ လက်နက်တွေနဲ့ တိုက်နေခိုက်နေတဲ့ တိုက်ပွဲတွေ လျော့ကျသွားတာကတော့ NCA ရဲ့ အကျိုးအမြတ် တခုလို့ ပြောလို့ ရပါတယ်။ ပြည်သူတွေ သွားရေးလာရေး နည်းနည်းချောင်လည် လာတယ်။ လုပ်ကိုင်စားသောက်ဖို့ သွားလာတာမှာ စိုးရိမ်ပူပန်မှုတွေ လျော့စေတာတော့ ရှိပါတယ်။ ဒါတွေက အပေါ်ယံ ရရှိတဲ့ အကျိုးတွေပါ။ ဒါပေမယ့် တကယ်တမ်း အတွင်းမှာ မမြင်နိုင်တဲ့ ပြဿနာတွေက ရှိနေပါတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနယ်မြေတွေမှာ သူတို့ (စစ်တပ်) ဘက်က ဝင်လာပြီး သူတို့ အလိုကျအတိုင်း ကျနော်တို့က လိုက်လုပ် ပေးနေရတာတွေ ရှိတယ်။ ဒါတွေက ပြည်သူတွေလည်း မသိဘူး။ မြင်သာထင်သာ လည်း မရှိတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒါတွေက ကျနော်တို့အတွက် အဆင်မပြေဘူး။ ကျနော်တို့အတွက် ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ဘာလို့ ကျနော်အဲ့လို ပြောလည်းဆိုတော့ ကျနော်တို့ အုပ်ချုပ်နေတဲ့ နေရာတွေ ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာမှာ သူတို့( စစ်တပ်) က လက်လှမ်းမီပြီဆိုရင် NCA ထိုးပြီး နောက်ပိုင်းမှာ လမ်းတွေ ဝင်ဖောက်တယ်။ ဆက်သွယ်ရေးတွေ ကျနော်တို့ နယ်မြေမှာ လုပ်တယ်။ အုပ်ချုပ်ရေးယန္တရားတွေ စတည်ထောင်တယ်။ နယ်မြေချဲ့ထွင်တယ်။ သူတို့ စစ်တပ်တွေ လက်နက် သယ်ဆောင်ဖို့ ဗျူဟာလမ်းတွေကိုလည်း ကောင်းအောင် လုပ်လာတော့ ဒေသမှာ ရှိတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ အသက်ရှင်နေထိုင်ရေးက အရင်က ထက်တောင် ပိုပြီး စိုးရိမ်စရာတွေ ရှိနေတယ်။ ဒါတွေက အပြင်က လူတွေ မမြင်သာမထင်သာ ဖြစ်နေတဲ့ အတွင်းက ကိစ္စရပ်တွေပါ။ မေး။ ။ NCA ထိုးပြီးနောက် နယ်မြေချဲ့ထွင်တာတွေ မလုပ်ရဘူးဆိုတာ စာချုပ်မှာ ပါတယ်။ ဒါတွေကို KNLA ဘက်က တပ်မတော်ကို ပြောတာမျိုး မရှိဘူးလား ။ ဖြေ ။ ။ ကျနော်တို့ ပြောတာတွေ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ သူဆန္ဒရှိသလို သူ ဆက်လုပ်တာပါပဲ။ သူတို့ လုပ်ချင်တာကို သူတို့ လုပ်တာပဲ ကျနော်တို့ အများဆုံး တွေ့ရပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တပ်ဖွဲ့တွေ တနေရာရာ သွားမယ်ဆိုလည်း ကြိုတင်ပြီး အကြောင်းကြားညှိနှိုင်း ရမယ်။ အဲ့မှာ ညှိနှိုင်းရမယ် စကားပြောရမယ်ဆိုရင်လည်း တွေ့ဆုံမယ့် နေရာကို သူတို့ဘက်က လာချင်လာတယ်။ မလာချင်ရင် မလာဘူး။ ကျနော်တို့ နယ်မြေတွေထဲမှာ ဖြတ်သန်းသွားလာ မယ်ဆိုရင်လည်း တားရင်လည်း တားလို့ မရဘူး။ သူတို့ လာချင်ရင် သူတို့လာတယ်။ တချို့တပ်မှူးတွေကျတော့ ကျနော်တို့ မလာနဲ့ တားရင် သူတို့ လိုက်နာတာ ရှိတယ်။ လိုက်နာတာကလည်း ကျနော်တို့ တားလို့ သူတို့လာရင် ပြဿနာ တခုခု ဖြစ်ခဲ့ရင် ဖြေရှင်းရမယ့် အရှုပ်အရှင်းတွေ များလို့ ရှောင်လိုက်တဲ့ သဘောပဲ။ သူတို့က နိုင်ငံရေး အမြတ် ဘယ်လို ထုတ်မလဲ ဆိုတာ လုပ်တာတွေလည်း ရှိပါတယ်။ မေး။ ။ တပ်ပိုင်းဆိုင်ရာ မပြေလည်တာတွေ ရှိရင် ပဋိပက္ခဖြစ်ရင် ဖြေရှင်းဖို့ JMC ကော်မတီ အဆင့်ဆင့် ရှိတယ်။ ဒါကရော ဘယ်လို ရှိလဲ။ ဖြေ ။ ။ JMC က အလုပ်မဖြစ်ပါဘူး။ JMC က အသက်လည်း မရှိပါဘူး။ JMC မှာ ဥက္ကဋ္ဌ ကလည်း သူတို့လေ။ ဒုဥက္ကဋ္ဌ က ကျနော်တို့။ တခုခု ဖြစ်ရင် ဆုံးဖြတ်ချက်က သူတို့ဆီကပဲ လာတယ်။ ဒီတော့ JMC က အလုပ်မဖြစ်ပါဘူး။ မေး။ ။ NLD အစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနေတာ ၃ကြိမ်ရှိပြီ။ ညီလာခံမှာ ဆွေးနွေးတာတွေ အဖြေထွက်တာတွေကိုရော ဗိုလ်ချုပ်ကြီး ဘယ်လို သုံးသပ်ချက်ရှိလဲ ။ ဖြေ ။ ။ ပင်လုံညီလာခံတွေက နိုင်ငံရေးကစားကွက်တခုပါ။ စားပွဲပေါ်မှာ တင်ပြီး လှလှပပနဲ့ နိုင်ငံတကာက မြင်အောင် လုပ်နေတာပါ။ တကယ်တမ်း ပြည်တွင်းမှာ ငြိမ်းချမ်းရေး ရအောင် ဒီပင်လုံညီလာခံ အစီအစဉ်က အလုပ်မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဘာမှ တိတိပပ မလုပ်ပေး နိုင်ဘူး။ မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က တိုင်းရင်းသား အင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ့်ဘက်တော် သား အဖြစ် အစိုးရဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတယ်နော်။ အခု အစိုးရ ဖြစ်နေတဲ့ ကာလမှာရော ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ ဘက်မှာ ရှိသလား။ ဖြေ ။ ။ ကျနော် အမှန်ပြောရရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တိုင်းရင်းသားတွေကို သူ့ဘက်မှာ ရှိဖို့ မျှော်လင့်ခဲ့တယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း အားကိုးတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ခဲ့ကြတယ်။ အပြန်အလှန် မျှော်လင့်ချက် ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၅ မတိုင်ခင်မှာ တိုင်းရင်းသား အင်အားစုတွေဘက်မှာလည်း အကွဲကွဲအပြဲပြဲတွေ ဖြစ်လာတာ ရှိတယ်။ တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်လည်း အာဏာရပြီး အစိုးရ ဖြစ်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုပ်နိုင်ကိုင်နိုင်တဲ့ အာဏာစားပွဲပေါ် ရောက်လာတဲ့ အခါမှာကျတော့ ဘာမှ မလုပ်နိုင်တော့ဘူး။ သူကိုယ်တိုင်လည်း ရည်ရွယ်ချက် ပျက်တယ်။ သူမျှော်မှန်းထားတာတွေ မရဘူး။ တိုင်းရင်းသားတွေ ဘက်ကလည်း မျှော်မှန်းထားတာတွေ မရတော့ မျှော်လင့်ချက်တွေ ပျက်ပြယ်သလို ဖြစ်နေတယ်။ တခုမှ မထိရောက်ဘူး။ နှစ်ဖက်လုံးမှာ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒီလိုဘာလို့ ကျနော်ပြောနိုင်လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၂၀၀၈ အခြေခံဥပဒေကို မပြင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ကို ဆက်ပြီး သွားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ၂၀၀၈ ဥပဒေ မပြင်ရင် NCA က ခရီးမပေါက်နိုင်ဘူးလို့ သူကိုယ်တိုင်ပဲ ပြောခဲ့တယ်။ NCA ကို ဖြည်းဖြည်းချင်း စဉ်းစဉ်းစားစား လုပ်ပါ။ NLD အစိုးရ ဖြစ်လာရင် အသစ်တတ်လာမယ့် အစိုးရနဲ့မှ NCA ကို ထိုးပါဆိုပြီး ပြောခဲ့တယ်။ လောလော လောလော မလုပ်နဲ့လို့ သူကိုယ်တိုင်ပဲ ပြောခဲ့တာ။ အဲ့စကားတွေကို ကြည့်ရင် ဒေါ်စုကိုယ်တိုင်က တိုင်းရင်းသားကို အားကိုးတယ် ဆိုတာ ပေါ်လွင်ပါတယ်။ အခုကျတော့ တခုမှ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာဘူး။ မေး ။ ။ NLDအစိုးရ လုပ်နေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးက ဘယ်လို အခြေအနေ ရှိလဲ သုံးသပ်ပေးပါဦး။ ဖြေ ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ဆက်သွားလို့ မရနိုင်ဘူး။ ကျနော်မြင်တာ ပြောရရင် အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်တန့်နေတယ်လို့ ပြောလို့ ရတယ်။ ရှေ့ကို ဆက်ပြီးတော့ သွားဖို့ သိပ်မဖြစ်နိုင်ဘူး။ ရှေ့ဆက် သွားဖို့ ဆိုရင် ကျနော်တို့ ပြင်သင့် ပြင်ထိုက်တာတွေကို ပြင်ရလိမ့်မယ်။ အဲ့တာတွေက ဘာတွေလည်း ဆိုတော့ စစ်တပ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူလုပ်ဆောင် နေတဲ့ အပြုအမူတွေကို ပြင်ရလိမ့်မယ်။ စစ်တပ်အနေနဲ့ သူ့ကိုယ်သူ ပြန်စဉ်းစား သုံးသပ် သင့်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်စဉ်းစားသုံးသပ်သင့်တယ်။ ဘာလုပ်သင့်လဲ ဆိုတာပေါ့။ ဒါက စဉ်းစားကြရမယ့် အချက်တချက် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ကို ရောက်အောင် ဆက်သွားကြမယ်ဆိုရင် လက်ရှိ ရှိနေတဲ့ NLD အစိုးရကလည်း တပ်မတော်ကို ဘယ်လို ကူပြင်ပေးနိုင်မလဲ ဆိုတာ စဉ်းစား ရလိမ့်မယ်။ ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေကလည်း တပ်မတော်ကို ဘယ်လို ပြင်ပေးနိုင်မလဲ စဉ်းစားရမယ်။ အရေးကြီးတာက ကျနော်တို့ ရည်မှန်းချက်အတိုင်း ခိုင်ခိုင်မာမာနဲ့ ရပ်တည်ပြီး အချင်းချင်း နားလည်မှု ယူကြဖို့ အရေးကြီး ပါတယ်။ မေး ။ ။ ဗိုလ်ချုပ်ကြီး ၂၀၁၅ တုန်းက ပန်ဆန်းအစည်းအဝေးမှာ ပါဝင်တတ်ရောက်ခဲ့တယ်နော်။ အဲ့အစည်းအဝေးကနေ တဆင့် ဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC)။ သူတို့ကို NCA ထိုးဖို့ အစိုးရရော တပ်ရော တရုတ်ကရော ဖိအားတွေ ပေးနေတယ်။ ဗိုလ်ချုပ်ကြီးက NCA အတွေ့အကြုံ နဲ့ပတ်သတ်ပြီး မြောက်ပိုင်းမဟာမိတ်တွေကို ဘာများ စကားပါးချင်ပါသလဲ။ ဖြေ ။ ။ နိုင်ငံတကာက သူ့အကျိုးအတွက်ပဲ သူကြည့်နေတာ။ တရုတ်ကလည်း ထိုနည်းတူပဲ။ သူ့အကျိုးအတွက်ပဲ မြောက်ပိုင်း ၇ ဖွဲ့ကို NCA ထဲ ဝင်ဖို့ သူပြောနေတာ။ စစ်တပ်၊ အစိုးရဆီကနေ သူဘာအမြတ်ထုတ်လို့ ရမလဲဆိုတာကို မူတည်ပြီး လိုက်လုပ်နေတာ။ မြောက်ပိုင်းအဖွဲ့တွေကလည်း သူတို့ကိုယ် သူတို့လည်း သိပါတယ်။ NCA ဆိုတာ ထောင်ချောက်တခုအနေနဲ့ သူတို့ မြင်ပါတယ်။ သူတို့ မထိုးချင်ဘူး။ လောလော လောလောနဲ့ သူတို့ မလုပ်ချင်ဘူး။ ဒါ့ကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်။ ဒါကို သူတို့လည်း သိပါတယ်။ ကျနော်တို့လည်း သိတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း အနီးစပ်ဆုံးတရုတ်က မြောက်ပိုင်းအ ဖွဲ့တွေကို NCA ထိုးဖို့ ဖိအားပေးတယ်။ အစိုးရကလည်း ပြောနေတယ်။ တိုက်တွန်းနေတယ်။ ဒါပေမယ့် သူတို့ စဉ်းစားချင့်ချိန်နေပါတယ်။ မေး ။ ။ ကရင်လူမျိုးတွေ မျှော်လင့်တဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုက လက်ရှိမှာ တွက်ဆရင် ဘယ်လို အလားအလာ ရှိသလဲ ။ ကရင်လူမျိုးတွေကို ဘာများ ပြောချင်ပါသလဲ။ ဖြေ ။ ။ ကရင်ပြည်သူလူထုတွေ တမ်းတနေတဲ့ တကယ့် ငြိမ်းချမ်းရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖော်ဆောင်ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ပြဌာန်းခွင့် က ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲပါ။ ဘာလို့လည်း ဆိုတော့ အခု ဗမာပြည်ရဲ့ အနေအထား ခင်းနေတဲ့ ငြိမ်းချမ်းရေးလမ်းက တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်နဲ့ ပြောင်းပြန်ကို ဖြစ်နေလို့ပါ။ ကျနော်တို့ မျှော်မှန်းတာတွေက ဝေးသထက်ဝေးနေပါတယ်။ မျှော်မှန်းလို့ကို မရဖြစ်နေပါတယ်။ ရှေ့မှာ ရင်ဆိုင်ရမှာတွေ ဖြတ်သန်းရမှာတွေ အခက်အခဲ ကြုံတွေ့ရဦးမှာ တွေ အများကြီးပါ။ ဝေးနေပါသေးတယ်။ ပြည်သူတွေက ဆင်းရဲဒုက္ခကြားထဲက မလွတ်နိုင်သေးပါဘူး။ ဒါအမှန်ပါပဲ။ ပြည်သူတွေ ဆက်ကြုံတွေ့နေ ရဦးမှာပါ။ The post ပင်လုံညီလာခံတွေက နိုင်ငံရေး ကစားကွက်တခုပါ appeared first on ဧရာဝတီ.
Source : https://ift.tt/2vS30Fn
via IFTTT

No comments:

Post a Comment