မြန်မာ့ စတုတ္ထမဏ္ဍိုင် ကပ်ဆိုက်နေပြီ မီဒီယာ စာနယ်ဇင်းသည် တိုင်းပြည်တပြည်၏ စတုတ္ထမဏ္ဍိုင် ဖြစ်သည်။ တိုင်းပြည်၏ နား၊ မျက်စိ နှင့် ပါးစပ် တာဝန်ကို ယူထားရသည်။ မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် တိုင်းပြည်တွင် သတင်းဖတ် မည့်သူများ၊ သတင်းငတ်နေသူများ၏ လက်ထဲသို့ သတင်းအချက်အလက် မှန်မှန်ကန်ကန် ရောက်စေရန် အမှန်တရားနှင့် အနီးစပ်ဆုံး ဝေဖန်ပိုင်းခြားမှုများကို တာဝန်ယူမှုအပြည့်၊ ကျင့်ဝတ်နဲ့အညီ တင်ပြရသည်။ ထို့ကြောင့် အရင် သတင်းစာဆရာကြီးများက ပြည်ကြီးပုခုံး ပြည်ကြီးမျက်လုံးဟု တင်စားခေါ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး သွေးခုန်နှုန်းကို မှန်မှန်ကန်ကန် တိုင်းထွာ ထုတ်ပြန် တင်ပြနေရသော စတုတ္ထမဏ္ဍိုင် မီဒီယာများ ရှိသည်။ ရှိခဲ့သည်။ သမ္မတ ဦးသိန်းစိန် လက်ထက် ဆင်ဆာဖြတ်တောက်မှုကို ရပ်ဆိုင်းပေးခဲ့အပြီး ပြည်ပမီဒီယာတွေကို ဝင်ခွင့် သတင်းယူခွင့်ပေးခဲ့သည်။ မီဒီယာတွေကို တလေးတစား ဆက်ဆံလာခဲ့သည်။ ပြည်ပအခြေစိုက် မီဒီယာတွေကိုလည်း အိမ်ပြန်လာခွင့် ပေးခဲ့သည်။ အသိအမှတ် ပြုရမည့် သမိုင်း မှတ်တိုင်တခု ဖြစ်သည်။ လက်ရှိ အချိန်တွင်မူ ယိမ်းယိုင်နေသော မြန်မာ့ စီးပွားရေးလို မြန်မာမီဒီယာများ၏ ကျန်းမာရေး၊ ရပ်တည်ရေး၊ ရှေ့ဆက် ရှင်သန်ရေး၊ သတင်းဆိုးများ ကြားနေရသည်။ ဂျာနယ်တွေ တစောင်ပြီး တစောင် ပိတ်နေရသည်။ ကျန် သတင်းစာ ဂျာနယ်များလည်း အခြေအနေ မကောင်းလှ။ မကြာခင်က မြန်မာတိုင်းမ် သတင်းစာမှာ သေခန်းဝင်တော့မည့် မီဒီယာများ၏ အခြေအနေကို ရေးသားဖော်ပြထားသည်။ စိတ်မချမ်းမြေ့စရာ အမှန်ပင်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင် သတင်းစာများမှာမူ ပန်းပန်လျက်ရှိသည်။ သို့သော် တိုင်းပြည်တွင် လက်ရှိဖြစ်ပေါ်နေသော အဖြစ်မှန်များ ဝေဖန်သုံးသပ်ချက်များအား မြန်မာ့အလင်း၊ ကြေးမုံဖတ်လျင် မသိနိုင်။ MRTV ကြည့်လျင် မသိနိုင်။ ပြည်ပက မြန်မာ့အရေး စိတ်ဝင်စားသူ ဖြစ်ဖြစ်၊ တိုးရစ် ဖြစ်ဖြစ်၊ လေ့လာသူပဲ ဖြစ်ဖြစ် မနက်လင်းလျင် Global New Light of Myanmar ကို ဖတ်ပြီး စိတ်ဝင်စားစရာ၊ မြန်မာပြည်အကြောင်း သိစရာ၊ လေ့လာစရာ မရှိ။ အစိုးရ ဝါဒဖြန့်ချိရေးသာ ဖတ်ရမည်။ တိုင်းပြည်တွင် လွတ်လပ်ပြီး သမာသမတ်ကျ သော National Newspaper မရှိ။ မီဒီယာတွေ အားနည်းချိနဲ့လာပြီဆိုလျင် နိုင်ငံတော်က စတုတ္ထမဏ္ဍိုင်ကို ဘယ်လိုကူညီ ဖေးမပေးမလဲ ဆိုတာကလည်း အရေးပါသည်။ State intervention လုပ်ရန် လိုသည်။ ရေနစ်သူကို ဝါးကူထိုးသလို မဟုတ်ဘဲ ထိရောက်တဲ့ ပံပိုးကူညီမှုတွေ လုပ်ရန် လိုသည်။ ဥရောပနိုင်ငံများမှာ ဆိုလျင် Package ဖြင့် အစီအစဉ်တကျ ကူညီသည်။ ဒီမိုကရေစီ ရှင်သန်ရေး အစိုးရများ၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာ ရှိမှုသာမက အများပြည်သူ အကျိုးစီးပွားဆိုင်ရာ အကြောင်းအရာများကို စောင့်ကြည့်တင်ပြနိုင်ရန် အခွန်အကောက်မှ ရရှိသော နိုင်ငံတော်ဘဏ္ဍာကို အတိုင်းအတာ ရာခိုင်နှုန်းတခု သတ်မှတ်ပြီး ပံ့ပိုးသည်။ သင်တန်းများ ပေးသည်။ Watch dog အဖြစ် စောင့်ကြည့်ရေး တာဝန်မှာ၊ နိုင်ငံ၏ Image ပုံရိပ်ကို ပြရာမှာ မီဒီယာ၏ အခန်းကဏ္ဍ စတုတ္ထမဏ္ဍိုင်၏ နေရာကို အစိုးရတွေက အသိအမှတ် ပြုသည်။ မှန်ကန်လွတ်လပ်သော မီဒီယာများ လဲပြိုလျင် ဒီမိုကရေစီလည်း ပြည့်တန်ဆာခန်း ရောက်သွားမည်ကို ကောင်းကောင်းသဘောပေါက် ခံယူဖို့ လိုသည်။ ရွေးကောက်ပွဲနီး၍ အစိုးရ၏ ဆင်ဖြူတော်စီမံကိန်းတွေ ပြချင်သောကြောင့် မီဒီယာကို အူယားဖားယား ခေါ်ပြီးပြ၊ ပြီးတော့ ပစ်ထား၊ မလိုရင် မလိုသလို တရားစွဲ ထောင်ချတာမျိုးတွေ၊ ခြိမ်းခြောက်တာတွေ၊ တရားစွဲတာတွေက ဒီမိုကရေစီ တည်ဆောက်မှုကို အားကောင်းမောင်းသန် မဖြစ်စေပါ။ မြန်မာတိုင်းမ်ရဲ့ ဆောင်းပါးတွင် မြန်မာမီဒီယာတချို့ကို နိုင်ငံခြားအဖွဲ့တွေက ထောက်ပံ့ကူညီရေး လုပ်နေသည်များကိုလည်း ရေးထားသည်။ USAID, NED, IMS, Internews, FHI (360) စသော အဖွဲ့များက သင်တန်းပေးသည်။ Journalism ဖွံ့ဖြိုးရေးအတွက် ကူညီတာတွေ ပါသည်။ ကောင်းကျိုးဆောင်တာတွေ ပါသလို ငါးပွက်ရာ ငါးစာချသော Project တွေလည်း ပါသည်။ ၎င်း အဖွဲ့များသည် နိုင်ငံခြားသားများက ဦးစီးလုပ်ဆောင်သောကြောင့် ရုံးစရိတ်နှင့် လစာသုံးစွဲမှု Operating cost က ပိုပြီး စရိတ်ကြီးနေတာ များသည်။ ထို့ အပြင် ၎င်းတို့၏ ချမှတ်ထားသည့် အစီအစဉ် Agenda များကို ပြည်တွင်းမီဒီယာများအား Project များ ချပေးပြီး ဖော်ဆောင်ခိုင်း တတ်သလို ဦးနှောက် ဖောက်စားတာတွေလည်း ရှိတတ်သည်။ ၎င်းတို့ချပေးသော Project ကို လိုက်လုပ်သည့် မီဒီယာက ဒေါ်လာ တသိန်းခန့် ရလိုက်လျင် အဖွဲ့ လုပ်ငန်းကို တနှစ် နှစ်နှစ်အတွင်း တိုးချဲ့လိုက်သည်။ တသိန်းက တစ်နှစ် နှစ်နှစ်ပဲလာပြီး Project မရှိ သော နောက်နှစ်များတွင် လုပ်ငန်းကိုပြန်ပြီး ချုံ့ရသည်။ မည်သို့မျှ Sustain ရေရှည် မတည်တံ့နိုင်။ ရေရှည် မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဟုတ် မဟုတ်၊ ဂွင်ရှိ၍ လာပြီး သိုက်တူးသူတွေက ဟုတ် မဟုတ်၊ ဒါကို လွတ်လပ် ပွင့်လင်းပြီး တာဝန်ခံမှုကို ယုံကြည်သော မြန်မာတွေက ပြန်ပြီး Evaluation စေ့ငု သုံးသပ် အကြံဉာဏ်ကောင်းများ ထုတ်နိုင်ရမည်။ လက်ရှိ မြန်မာ့မီဒီယာကောင်စီကမူ ယင်းတို့ကို လက်မှိုင်ချ ကြည့်နေရပုံပေါ်သည်။ မြန်မာမီဒီယာ သားကောင်း သမီးကောင်းများ သားကောင် ဖြစ်သွားရတာလည်း ရှိသည်။ မြန်မာပြည်တွင်းက ပေးသောလစာထက် အများကြီး သာသော နိုင်ငံခြားအခြေစိုက် BBC, VOA, RFA စသည့် ရေဒီယိုတွေက Headhunting ဟု ခေါ်သော ပြည်တွင်း မီဒီယာသမားများအား (ဒေါင်ဒေါင်မြည်တွေလည်း ပါသလို ချာတူးလန်တွေလည်း ပါသည်) ခေါင်းခေါက်ရွေးပြီး ခန့်ကြသည်။ လစာကောင်းလို့ ဖြစ်စေ၊ လက်ရှိ တိုက်မှာ မပျော်လို့ ဖြစ်စေ၊ မိမိဘဝ အနာဂတ် လုံခြုံရေး အာမခံချက်အတွက် ဖြစ်စေ မိမိ လစာနည်း အလုပ်လုပ်နေသော နေရာမှ ထွက်ပြီး လစာပိုကောင်းသော နိုင်ငံခြား မီဒီယာများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။ ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံ့ဘဏ္ဍာကို သုံးစွဲနေရသော နိုင်ငံခြား မီဒီယာများ၏ အယ်ဒီတာ့အာဘော်က လုံးဝ လွတ်လပ်ပြီး မျှတသည်ဟု ပြောရခက်သည်။ ထိုဘဏ္ဍာငွေကို သုံးစွဲရန် ၎င်းတို့၏ အစိုးရ မူဝါဒနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ပရိသတ်ကို မျက်နှာမူရသောကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နိုင်ခြင်းလည်း ရှိသည်။ ထင်ရှားသော ဥပမာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး တင်ပြမှုတွေက သက်သေပြခဲ့ပြီး ဖြစ်သည်။ ယင်းဌာနများတွင် အလုပ်လုပ်သူ အမှန်တရား မြတ်နိုးသော မြန်မာ တချို့ စိတ်ထောင်း ကိုယ်ကျေ အလုပ်ထွက် အလုပ်ပြောင်းသူတွေ ရှိသည်။ ဂျာနယ်လစ် အလုပ်သည် လစာက ပထမ မဟုတ်။ အများပြည်သူကို ဝန်ဆောင်ချင်မှုကသာ ပထမဖြစ်သည်။ မိမိ နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားကသာ ပထမ ဖြစ်သည်။ ယင်းကိုပင် သစ္စာခံကြသည်။ ပိုက်ဆံပေးသည့်ဘက် မျက်နှာလိုက်ခြင်းက Journalism မဟုတ်ပါ။ နိုင်ငံခြားသားဆိုလျင် နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားနှင့် ပိုဝေးသွားနိုင်သည်။ သစ္စာရှိမှု သစ္စာခံမှုအပိုင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသား ဗြိတိန်နိုင်ငံသား ခံယူပြီး ၎င်းနိုင်ငံများအား သစ္စာစောင့်သိသူ မြန်မာများအတွက်မူ ရပ်တည်ရေးဆိုင်ရာ စိန်ခေါ်ချက် ဖြစ်သည်။ ဘဝရပ်တည်ရေးအရ မချစ်သော်လည်း အောင့်ကာ နမ်းနေရခြင်းကိုမူ ကိုယ်ချင်းစာနိုင်သည်။ ဝါဒဖြန့်ချိနေသော အစိုးရပိုင် မီဒီယာများက ပုဂ္ဂလိကပိုင် မီဒီယာများ၏ အသက်သွေးကြောဖြစ်သည့် ကြော်ငြာဝင်ငွေကို လုယူနေသောကြောင့် အသက်ငင်နေရချိန် ပြည်ပ မီဒီယာများ၊ နိုင်ငံခြားသားပိုင်တဲ့ မီဒီယာများ အားကောင်း ချယ်လှယ်လာသည်က ဒီမိုကရေစီတည်ဆောက်ရေးတွင် အရေးကြီးသော မြန်မာ့စတုတ္ထမဏ္ဍိုင်အတွက် အရေးပေါ်အခြေအနေဖြစ်သည်။ ရောဂါကို ကုသ အဖြေရှာနိုင်သော နည်းလမ်းက ရှိပြီး ဖြစ်သည်။ မြန်မာပြည်အကြောင်း ထိုင်းနိုင်ငံက The Nation, Bangkok Post၊ အမေရိကက New York Times, Washington Post, CNN၊ လန်ဒန်ကThe Guardian, BBC တွင် ရေးသားဖော်ပြခြင်းက မြန်မာ့အရေး ပို ထိရောက်သည် မဟုတ်ပါ။ မြန်မာ့ စာနယ်ဇင်း သမိုင်းတွင် အရေးပါခဲ့သော သူရိယ၊ မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ ကြေးမုံ၊ လူထုတို့သည် နိုင်ငံခြားသားများ မပိုင်ခဲ့ကြပါ။ ထိုင်းနိုင်ငံတွင် ပြောင်းရွှေ့ထုတ်ဝေခဲ့သော The Nation သတင်းစာ၏ မူရင်းပိုင်ရှင်မှာ မြန်မာနိုင်ငံသား ဦးလောရုံ ဖြစ်သည်။ ထို့ကြောင့် သိက္ခာသမာဓိရှိသော၊ ကျင့်ဝတ်ရှိသော၊ တာဝန်ယူမှုရှိသော မြန်မာအမျိုးသားပိုင် မီဒီယာများ ပေါ်ထွန်းလာရန် လိုသည်။ ရေရှည်ရပ်တည်နိုင်ရန် လိုသည်။ သူတို့က နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားအတွက် တိုက်စစ်မှူးတွေ ဖြစ်လာပါလိမ့်မည်။ တိုင်းပြည်တွင် Resource ရင်းမြစ်ကြွယ်ဝသော မီဒီယာများ၊ အားကောင်းမောင်းသန် နိုင်ငံကိုယ်စားပြု အယ်ဒီတာကောင်းများ၊ ဂျာနယ်လစ်ကောင်းများ၊ National Newspaper များ၊ ရေဒီယို ရုပ်မြင်သံကြားများ ရှိလျင် နေပြည်တော်၊ ရခိုင်မြောက်ပိုင်း၊ ကချင်ပြည်နယ်အဆုံး ဖြစ်နေသော အဖြစ်အပျက်များ၊ သတင်းများကို ပြည်တွင်းရော ပြည်ပမှာပါ တင်ပြနိုင်မည်။ တိုင်းပြည်၏ ပုံရိပ်အမှန်ကို သိခွင့်ရကြမည်။ ဦးသိန်းစိတ်ခေတ်တွင် တခေတ်ထခဲ့သော မီဒီယာ ကွန်ဖရင့်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သတင်းစီးဆင်းမှုများ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ပိုပြီး မှေးမှိန်လာနေသည်။ ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော NLD အစိုးရသည် ပြန်ကြားရေး ဝန်ကြီးဌာနပိုင် သတင်းစာ၊ ရုပ်သံနှင့် မီဒီယာ လုပ်ငန်းများကို အပြောင်းအလဲလုပ်မှု အရိပ်အယောင်ပင် မမြင်ရ။ စစ်အစိုးရခေတ်တုန်းကမူ မီဒီယာသမားများသည် ပြည်တွင်းမှာရော ပြည်ပမှာပါ အကျဉ်းအကျပ်ထဲ တာဝန်ထမ်းခဲ့ကြသည်။ ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်ရင်း သင်တန်းတွေခိုးတက်၊ တိုင်းပြည် ပွင့်လင်း လွတ်လပ်လာရန် ပုခုံးရိုးကျိုးအောင် လုပ်ခဲ့ကြ၊ စေတနာ့ဝန်ထမ်းကြသော ဂျာနယ်လစ်များ ရှိခဲ့ကြသည်။ သတင်းမီဒီယာတွေ ရှိခဲ့ကြသည်။ ဂုဏ်ယူတတ်သူတွေအတွက် ဂုဏ်ယူစရာ ကောင်းပါသည်။ The post မြန်မာ့ စတုတ္ထမဏ္ဍိုင် ကပ်ဆိုက်နေပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2vH84fW
via IFTTT
No comments:
Post a Comment