ဖိနှိပ်မှုတွေ ကြုံတွေ့နေရဆဲ စက်ရုံအလုပ်သမများ လှိုင်သာယာမြို့နယ်အတွင်းက အထည်ချုပ်စက်ရုံတခုမှာစက်ချုပ်တဲ့ ဘိုမက ဧရာဝတီတိုင်းဒေသကြီးငသိုင်းချောင်းမြို့နယ်ကနေလာခဲ့တာပါ။ စက်ရုံနဲ့ မနီးမဝေးမှာအဆောင်ငှားပြီးနေထိုင်ပေမယ့် မိုးရွာနေချိန် အလုပ်သွားရတဲ့ အချိန်ခဏလေးဟာ သူ့အတွက် စိတ်အနှောင့်အယှက်အဖြစ်ရဆုံးပါ။ “အဲဒီရေတွေကိုနေ့တိုင်းဖြတ်သွားရတော့ ခြေထောက်မှာအနာတွေဖြစ်လို့ ခွဲတောင်ခွဲရတယ်။အခုထိအနာကမပျောက်တော့ဘူး။ မိုးတွင်းရောက်ရင် အနာပြန်ထလာတယ်”လို့ ဘိုမကညည်းတွားပြောဆိုပါတယ်။ ဘိုမလိုအမျိုးသမီးလေးတွေဟာ လှိုင်သာယာမြို့နယ်ထဲမှာ လူဦးရေသိန်းနဲ့ချီပြီးရှိပါတယ်။ ပညာအရည်အချင်းနဲ့ အလုပ်ကျွမ်းကျင်မှုအပေါ် မူတည်ပြီး လစာအနည်းအများကွာဟတာတွေ ရှိပေမယ့် ရန်ကုန်လို မြို့ကြီးမှာအလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားအများစုဟာ ကုန်ဈေးနှုန်းအပါအဝင် နေထိုင်စရိတ်ကြီးမြင့်မှု စတဲ့အချက်တွေကြောင့် ငွေကြေး စုဆောင်းမိတာ မရှိကြဘူးလို့လည်းသိရတယ်။ အထူးသဖြင့် နယ်ကတက်လာပြီးစက်ရုံတွေမှာအထည်ချုပ်ရတဲ့ အမျိုးသမီးငယ်လေးတွေဟာနေ့စဉ် လုပ်ငန်းခွင်အတွင်းမှာဖြစ်ဖြစ် နေထိုင်စားသောက်မှုမှာဖြစ်ဖြစ် ဝင်ငွေနဲ့ ထွက်ငွေ မ ျှတမှု မရှိကြဘဲ စိန်ခေါ်မှုကြီးစွာနဲ့ အလုပ်လုပ်နေကြရတယ်လို့ သိရပါတယ်။ အထည်ချုပ်စက်ရုံတွေမှာအလုပ်လုပ်နေတဲ့ အလုပ်သမားအများစုကမနက်မိုးလင်းတာနဲ့ အုပ်ချုပ်သူ၊ သက်ဆိုင်ရာ ဌာနတွေရဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ ဖိအားပေးတာတွေ ရှိသလို မည်သည့် အကြောင်းပြချက်နဲ့ မဆိုအလုပ်ချိန်နောက်ကျရင်လည်းလစာငွေထဲကနေ ဖြတ်တောက်မှုတွေရှိတဲ့အတွက် နေမကောင်းလည်း အလုပ်ကို ကြိုးစားဆင်းရတာမျိုးရှိတာတွေကြောင့် စိတ်ဖိစီးမှု အများအပြားရတယ်လို့ ပြောကြတယ်။ “အခက်အခဲတွေကတော့ အများကြီးပဲ။ အချိန်ပိုကြေးမပေးဘူး။ နောက်ပြီး ထမင်းစားဆောင် မလောက်ဘူး၊ အိမ်သာမသန့်ရှင်းဘူး၊မီးမရဘူး။သူတို့ကအချိန်ပိုခေါ်တယ်လို့ပြောပေမယ့် အချိန်ပိုကြေးထည့်မပေးဘူး”လို့ စက်ရုံအလုပ်သမ တဦးဖြစ်တော့ ဘိုမက ပြောပါတယ်။ စက်ရုံတွေမှာ အချိန်ပိုအလုပ်ဆင်းရတာက ပြဿနာတခုလိုဖြစ်နေကြောင်း၊ အချိန်ပို မဆင်းရင်လည်း ခြိမ်းခြောက်တဲ့ပုံစံမျိုးကြမ်းတမ်းစွာဆဲဆိုခြင်း၊ ဆုကြေးငွေ ဖြုတ်တာတွေလည်းရှိနေတဲ့အတွက် အခုလိုလုပ်နေခြင်းက Force labour မြောက်ပါတယ်လို့ အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ်ကဒါရိုက်တာဒေါ်သက်သက်အောင်ကမှတ်ချက်ပြုပြောကြားပါတယ်။ ဥပဒေနဲ့မညီညွတ်ရင် သက်ဆိုင်ရာဦးစီးဌာနတွေကို တင်ပြအကူအညီတောင်းခံနိုင်ကြောင်း၊ အလုပ်ရှင် အလုပ်သမားအကြား ညှိနှိုင်းပေးဖို့ တောင်းဆိုနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကဧရာဝတီကိုပြောပါတယ်။ ရွှေပေါက်ကံစက်မှုဇုန်မှာအလုပ်လုပ်နေတဲ့ စက်ချုပ်သမ တဦးဖြစ်သူ အိဘုတ်ကလည်း “ အချိန်ပိုကို ကြိုက်သလောက်ခေါ်လို့ရတယ်။ သူခေါ်ချင်တိုင်းခေါ်လို့ရတယ်။ခေါ်ချင်တဲ့အချိန်လည်းခေါ်လို့ရတယ်တဲ့။ အဲဒါ ဟုတ်လား”လို့ မေးခွန်းပြန်ထုတ်ပါတယ်။ အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့ ရဲ့ဒါရိုက်တာ ဒေါ်သက်သက်အောင်က အလုပ်အချိန်ပိုခေါ်တာကအလုပ်သမားအပေါ် မူတည်ပြီး အလုပ်သမားကသဘောတူလက်မှတ်ရေးထိုးပြီးမှသာေ ခါ်ခွင့်ရှိတာဖြစ်တဲ့အတွက် အလုပ်ရှင်ကကြိုက်သလိုတော့ခေါ်လို့မရပါဘူးလို့ ရှင်းပြပါတယ်။ ဒါပေမယ့် ဥပဒေ ကျိုးကြောင်း ညီညွတ်မှုကို မသိနားလည်သော အလုပ်သမား အများစုကတော့ စားဝတ်နေရေး ပြေလည်မှုကို လိုချင်တာကြောင့် ဖိနှိပ်မှုများ၊ အဆင်မပြေမှုများကို ကြုံတွေ့ရသော်လည်း အလုပ်ရှင် စိတ်တိုင်းကျ လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။ “ကျမ အိမ်ပြန်ချင်တယ်” မြန်မာ အထည်ချုပ်လုပ်ငန်းတွင် လုပ်အားခ မညီမျှမှုသည် အမျိုးသမီး အလုပ်သမားတိုင်းအတွက် ပြဿနာ ဖြစ်သော်လည်း အထည်ချုပ် အလုပ်သမားများ၏ အများစုဖြစ်သော ကျေးလက်ဒေသမှ လာရောက်လုပ်ကိုင်ရသည့် ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများအတွက် အခြေအနေမှာ ပိုမိုဆိုးရွား အန္တရာယ်များပါတယ်။ စက်ရုံအလုပ်သမားအများစုဟာ အချိန်ပို ဆင်းရခြင်း၊ ဆုကြေးငွေ ဖြတ်တောက်ခံရခြင်း၊ ပိတ်ရက်နည်းခြင်းများအပြင် စက်ရုံတွင်း စည်းကမ်းချက်တွေနဲ့ ကန့်သတ်ခံရတာကို အများဆုံးကြုံတွေ့ကြရပါတယ်။ ခေါင်းဆောင် အဆင့်ဆင့်ရဲ့ ဖိနှိပ်မှုတွေအပြင် စားသောက်ရေး၊ သန့်ရှင်းရေး၊ လစာရရှိမှုတွေက အစ လိုအပ်ချက်တွေ ရှိနေတာတွေကြောင့် စက်မှုဇုန်တွေမှာ မကြာခဏ ဆန္ဒပြ တောင်းဆိုမှုတွေရှိနေခဲ့တာပါ။ အထည်ချုပ်စက်ရုံအလုပ်သမလေးတွေဟာမနက် ၇နာရီခွဲကနေ ည၈နာရီခန့်အထိအလုပ်လုပ်ရသလိုတပတ်မှာ၆ရက်အလုပ်လုပ်ကြရပါတယ်။တပတ်မှာတရက်နားခွင့်ရတယ်ဆိုပေမယ့်အချိန်ပိုဆင်းရတဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အလုပ်သမားဥပဒေပုဒ်မ ၃၂ မှာ ဖော်ပြထားတာက အလုပ်ရှင်ဟာ အလုပ်သမားတဦးကိုအနားယူချိန် မပါဘဲတနေ့ကို ၈နာရီ၊ တပတ်နာရီ ၄၀ကျော် ခိုင်းစေလို့မရကြောင်းပါရှိပေမယ့် အချို့နေရာတွေမှာ နားလည်မှုတွေနဲ့လုပ်ကိုင်နေကြတယ်လို့သိရပါတယ်။ ဖ။ ၂၀၁၈ခုနစ်မှာအလုပ်သမားတွေအနေနဲ့ တနေ့ အနည်းဆုံးလုပ်ခကြေးငွေ ၅၆၀၀ ကျပ် ထက်မနည်းရရှိနေရေးတောင်းဆိုတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲရဲ့အတည်ပြုချက်နဲ့အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကိုဆိုင်ရာအမျိုးသားကော်မတီကအလုပ်သမားတဦးကိုတနေ့အနည်းဆုံးလုပ်ခကြေးငွေ ၄၈၀၀ကျပ် ရရှိစေဖို့ မေလ ၁၄ရက်နေ့ကတရားဝင် ထုတ်ပြန်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က အလုပ်သမားတယောက်ရှိရမယ့် နေ့စဉ် ကယ်လိုရီအရတွက်မယ်ဆိုရင် အခြေခံလုပ်ခလစာတရက်ကို ၆ထောင်ကျော်ရရှိရမှာဖြစ်တယ်လို့ တွက်ပြထားပါတယ်။ အထည်ချုပ်အလုပ်သမားတွေကအာဟာရပြည့်မီစွာ၊ကျန်းမာရေးနဲ့ပြည့်မီစွာမစားရတဲ့အခါမှာကျန်းမာရေးကိုထိခိုက်တာလွယ်ကူကြပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးစက်ရုံအလုပ်ရုံတွေမှာလူမူဖူလုံရေးစနစ်ကိုအလုပ်သမားတိုင်းကထည့်ဝင်ကြရတယ်ဆိုပေမယ့် အလုပ်သမားတိုင်းရဲ့လက်ထဲမှာတော့ လူမူဖူလုံရေးကတ်တွေ အပြည့်အဝမရကြသေးပါဘူး။အလုပ်သမားတွေအနေနဲ့ လူမူဖူလုံရေးကတ်တွေရရှိမှသာဆေးကုသခွင့်ရရှိမှာဖြစ်တယ်။ အလုပ်သမားတိုင်းကလူမူဖူလုံရေးကတ်ကိုလုပ်သက် ၃ လအကြာမှာရရှိရမှာဖြစ်ပေမယ့် လုပ်သက် ၇လ ကြာနေပြီဖြစ်တဲ့ ဘိုမကတော့ ဖူလုံရေးကတ်မရသေးဘူးလို့ ဆိုပါတယ်။ “ဖူလုံရေးကတ် လုပ်မပေးတော့၊ ခြေထောက်အနာဖြစ်တုန်းကခွဲရတာ၊ ခွင့်နဲ့နားရတယ်။ သူတို့ကတော့ ကုန်ကျငွေ ပြန်ပေးမယ်ပြောတယ်။ အခုထိတော့ မပေးသေးဘူး”လို့သူကဆက်ပြောပါတယ်။ လုပ်သက် ၇လမှာ ထည့်ဝင်ကြေးထည့်နေတာဘယ်လောက်ရှိပြီလဲ၊ ကတ်ကတော့ ယာယီကတ်တွေပဲပေးနေတယ်၊ အစိုးရဝန်ကြီးဌာနအနေနဲ့ စမတ်ကတ်တွေ ထုတ်ပေးဖို့ ကြိုးစားနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ ဘယ်စက်ရုံ၊ အလုပ်ရုံမဆိုဆေးပေးခန်းရှိရမယ်၊ဆေးသေတ္တာထားပေးရမယ်။သူနာပြုထားပေးရမယ်လို့ အလုပ်ရုံများအက်ဥပဒေမှာဖော်ပြထားပြီးဖြစ်ပါတယ်။ဒါပေမယ့်ဥပဒေပါဖော်ပြချက်တွေကိုအမှန်တကယ်လိုက်နာတဲ့ စက်ရုံတွေ ရှိသလို၊မလိုက်နာတဲ့စက်ရုံတွေလည်းရှိနေသေးတယ်လို့လည်း သိရပါတယ်။ “ကျနော်တို့ စက်ရုံမှာတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုထားပေးပါတယ်။စက်ရုံတွေမှာ ဝန်ထမ်းအင်အား ၁ ထောင်ရှိရင် ထားပေးရမယ်ဆိုတာဥပဒေမှာ ပါပြီးသားဖြစ်ပါတယ်။ဝန်ထမ်းတွေကိုလည်း ၃ လတခါဆေးစစ်ပေးတာလုပ်ပေးရပါတယ်။ အရေးပေါ်ကားလည်းရှိတယ်၊ စက်ရုံကိုလာစစ်လို့လည်းရပါတယ်”လို့ရွှေပြည်သာအထည်ချုပ်စက်ရုံပိုင်ရှင်တဦးက ဧရာဝတီကိုပြောကြားပါတယ်။ အလုပ်ရုံများအက်ဥပဒေအရစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတွေ ကျန်းမာရေးကိစ္စဖြစ်တဲ့ အခါ မူလနေရာထက်ပိုမိုသက်တောင့်သက်သာရှိတဲ့နေရာ၊ လုံခြုံနွေးထွေးတဲ့နေရာတွေမှာအလုပ်လုပ်ခိုင်းသင့်တယ်ဆိုတဲ့အချက် ပါဝင်ပေမယ့် အဲဒီဥပဒေတွေကိုလိုက်နာတဲ့စက်ရုံတွေ ဒီနေ့အထိမတွေ့သေးဘူးလို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ Association for labour and Development အဖွဲ့ကဒါရိုက်တာဒေါ်မာမာဦးကဧရာဝတီကိုပြောပါတယ်။ “ကျန်းမာရေးနဲ့ပက်သက်ပြီးသူနာပြု ထားတာရှိတယ်။ဒါပေမယ့် ဆေးဝါးက မပြည့်စုံဘူး။ကိုက်တာခဲတာအတွက် ပါရာစီတမောလောက်ပဲပေးတာ။ဟိုတပတ်ကလက်ကိုက်လို့ သွားပြတာဆရာမကမလာဘူး”လို့ကျောက်ပန်းတောင်းဘက်ကနေရန်ကုန်ရွှေပြည်သာအထည်ချုပ်စက်ရုံမှာလာရောက်လုပ်ကိုင်နေတဲ့ အိဘုတ်ကပြောပါတယ်။ ခွင့်နဲ့ပတ်သက်ရင် စက်ရုံအလုပ်ရုံတွေမှာမီးဖွားခွင့်၊ဆေးခွင့်၊ ရှောင်တခင် ခွင့်တွေရှိပါတယ်။အလုပ်သမားတယောက်ကရှောင်တခင် ခွင့်ပဲဖြစ်ဖြစ်၊လုပ်သက်ခွင့်ပဲဖြစ်ဖြစ် ခွင့်တိုင်ကြားရင် ငွေမဖြတ်ရပါဘူး။ သို့ပေမယ့် အလုပ်သမားတွေဟာခွင့်တိုင်ကြားပေမယ့်လည်းလုပ်အားခတွေကဖြတ်တောက်ခံနေရတာတွေ ရှိနေပါတယ်။ လှိုင်သာယာအထည်ချုပ်စက်ရုံမှာအလုပ်လုပ်နေတဲ့ ကိုယ်ဝန် ၉လလွယ်ထားရတဲ့ မအေးဝင်းကိုသူ့ရဲ့စက်ရုံကမီးဖွားခွင့်မပေးသေးတဲ့အပြင် ခွင့်ယူရက်များတာကြောင့် အလုပ်နေရာအတည်တကျမပေးဘဲ၊အလုပ်နေရာမျိုးစုံကိုရွှေ့ပြီးလုပ်ပေးနေရတယ်လို့လည်းပြောပါတယ်။ မအေးဝင်းက မိတ္ထီလာကနေလှိုင်သာယာအထည်ချုပ်စက်ရုံကိုလာရောက်လုပ်ကိုင်နေတာ ၂နှစ်ရှိပါပြီ။ “ဥပဒေအတိုင်းမလိုက်နာလို့ တိုင်ကြားတာရှိရင် ဖြေရှင်းဆောင်ရွက်ပေးတယ်။တချို့ကတရားစွဲတာ၊တချို့ကလိုက်နာပါလု့ိပြောပြီးသဘောတူညီချက်ဖောက်ဖျက်တဲ့ဟာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကတရားစွဲတာတွေရှိတယ်” လို့အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကရှင်းလင်းပြောဆိုပါတယ်။ အဲဒါအပြင် လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုမှာယောကျ်ားကမိန်းမကို၊ မိန်းမကယောကျ်ားကိုဆိုတဲ့အရာမျိုးထက်၊စက်ရုံအလုပ်ရုံတွေမှာအမျိုးသမီးအချင်းချင်း၊ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုဆက်ဆံနေတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်းမှာတချို့သောအုပ်ချုပ်သူတွေကအမျိုးသမီးအချင်းချင်းနားမခံသာတဲ့၊ အရှက်ရစေတဲ့ စကားလုံးအသုံးအနှုန်းတွေကိုအများရှေ့မှာ ပြောဆိုတာတွေကလည်းလုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုမြောက်စေပါတယ်။ အထည်ချုပ်စက်ရုံတွေမှာများသောအားဖြင့် လုပ်ငန်းခွင်သာယာရေး ဆိုတာမရှိသလောက်ရှားပါးနေပြီးလုပ်ငန်းခွင်သာယာရေးထက် လုပ်ငန်းပြီးမြောက်ရေးကိုသာပိုမိုအားထားနေကြရတယ်လို့ သိရပါတယ်။ The post ဖိနှိပ်မှုတွေ ကြုံတွေ့နေရဆဲ စက်ရုံအလုပ်သမများ appeared first on ဧရာဝတီ.
Source : https://ift.tt/2vMJbPI
via IFTTT
No comments:
Post a Comment