Saturday, August 18, 2018


ထမ့်လုံလိုဏ်ဂူ မရဏလမ်းမှ လွတ်မြောက်ခဲ့သူများ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့အဝင်ကနေ မြန်မာနိုင်ငံဘက်အခြမ်းကို တိမ်တွေ၊ မြူတွေကင်းတဲ့ အချိန် လှမ်း ကြည့် လိုက်မယ်ဆိုရင် မယ်ဆိုင်မြို့ အထက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ပက်လက် အနေအထား လဲလျောင်း နေတဲ့ ပုံသဏ္ဌာန် ဖြစ်တည်နေတဲ့ မှိုင်းညို့ညို့တောင်တန်းကြီးတခုကို တွေ့ရပါလိမ့်မယ်။ အဲဒီတောင်တန်းကြီးရဲ့အောက်မှာ Tham Luang Nang Non “မင်းသမီး လဲလျောင်းနေသောဂူ” လို့ အမည်ရတဲ့ သဘာဝ ကျောက်လိုဏ်ဂူကြီး တခု ရှိပါတယ်။ ဒီဂူနဲ့ ပတ်သက်ပြီး ဒေသခံ ထိုင်းလူမျိုးတွေကြားမှာ ဒဏ္ဍာရီတွေ၊ ပါးစပ် ရာဇဝင်တွေ အမျိုးမျိုး ပြောဆိုနေကြသလို အယူအစွဲတွေလည်း ရှိနေကြပါတယ်။ အမျိုးသမီးတဦး လဲလျောင်းနေသည့် ပုံသဏ္ဍာန်ဖြစ်ပေါ်နေသည့် ထမ့်လုံလှိုဏ်ဂူ အထက်က တောင်တန်းကြီး (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) ဂူထဲမှာ မြင်အပ်၊ မမြင်အပ်ပုဂ္ဂိုလ်တွေရှိတယ်။ နတ်ကြီးတယ်။ အပေါ့၊ အလေးစွန့်ရင် ခွင့်ပန်ရတယ်။ ညစ်ညမ်းတဲ့ စကားတွေ ပြောလို့မရဘူး။ စည်းဖောက်တဲ့သူတွေဟာ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြစ်ပေးခြင်း ခံရလိမ့်မယ်ဆိုတဲ့ အယူအစွဲတွေက ဒေသခံတွေကြားမှာ အခုအချိန်အထိ ရှိနေကြဆဲပါ။ အဲဒီသဘာဝ ကျောက်လိုဏ်ဂူကြီးထဲမှာ တောဝက် ဘောလုံးအသင်းသား ၁၂ ဦးနဲ့ အသင်း လက်ထောက်နည်းပြ တဦး ၁၈ ရက်ကြာ ပျောက်ဆုံးပြီးမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ သတင်းဟာ အံ့အားသင့်စရာ ကမ္ဘာကျော် သတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ သူတို့ လွတ်မြောက်လာပေမယ့် ဂူထဲမှာ ဘယ်လိုပိတ်မိခဲ့သလဲ။ အသက်ရှင်အောင် အထဲမှာ ဘယ်လိုနေထိုင်ခဲ့ကြ သလဲ။ ဘယ်အရာတွေက သူတို့ကို လွတ်မြောက်စေခဲ့သလဲ။ လွတ်မြောက်လာပြီးတဲ့နောက် သူတို့ ခန္ဓာကိုယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတွေမှာ အရင်အတိုင်း ရှိနေရဲ့လား ဆိုတာကို အများက စိတ်ဝင်စားနေကြဆဲပါ။ ထမ့်လုံဂူ နဲ့ ဒဏ္ဍာရီ ဇာတ်လမ်း ပါးစပ်ရာဇဝင်တွေအရ ရှေးအခါက လှပတဲ့ မင်းသမီးလေး တပါးဟာ ဖခင် ဘုရင်ကြီး သဘောမတူတဲ့ သာမန်လူငယ် မြင်းထိန်းနဲ့ ချစ်ကျွမ်းဝင်ပြီး ကိုယ်လေးလက်ဝန် ရှိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းကို ခွဲမှာစိုးရိမ်တဲ့အတွက် ထွက် ပြေး လာရာကနေ ဒီထမ့်လုံ လိုဏ်ဂူကို ရောက်ရှိလာကြပြီး ပုန်းခိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ထမ့်လုံလှိုဏ်ဂူနှင့် ကပ်လျှက် ရှိသည့် လှိုဏ်ဂူငယ် အဝတွင် တွေ့ရသော ရုပ်တုများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) တရက်မှာ ချစ်သူက ဂူအပြင်ကို အစာရှာထွက်တုန်း ဘုရင်ကြီးရဲ့ တပ်တွေနဲ့တွေ့ပြီး သတ်ဖြတ်ခံလိုက်ရပါတော့တယ်။ ဒီသတင်းကို ကြားသိရတဲ့ မင်းသမီးလေးဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုက်လို့ သူ့ ခန္ဓာကိုယ်က ကျလာတဲ့ သွေးတွေ ဟာ ရေအဖြစ် ပြောင်းလဲသွားပြီး လိုဏ်ဂူအတွင်း ဖြတ်သန်း စီးဆင်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မင်းသမီးလေးရဲ့ ရုပ်ခန္ဓာဟာလည်း တောင်တန်း ပုံသဏ္ဌာန် ဖြစ်တည်သွားတယ်လို့ ယုံကြည် ထားကြပါ တယ်။ မယ်ဆိုင်မြို့ အဝင်ကနေ လှမ်းကြည့်လိုက်ရင် ဆံပင်တွေကို နောက်လှန်ချထားပြီး ပက်လက် လဲလျောင်းနေတဲ့ အမျိုးသမီး တဦးရဲ့ ပုံသဏ္ဌာန် ဟာ ထင်ထင်ရှားရှား တွေ့မြင်ရတာဟာ အံဖွယ်တခုပါပဲ။ ထမ့်လုံလှိုဏ်ဂူနှင့် ကပ်လျှက် ရှိသည့် လှိုဏ်ဂူငယ် အဝတွင် တွေ့ရသော ရုပ်တုများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) သေဆုံးသွားတဲ့ ဒဏ္ဍာရီ ဇာတ်လမ်းထဲက မင်းသမီးလေးရဲ့ ဝိညာဉ်ဟာ အသက် ရှိနေဆဲပဲလို့ ဒေသခံ တချို့က ယူဆ နေကြဆဲ ဖြစ်ပြီး တောဝက် အသင်းသားတွေ ပျောက်ဆုံးမှုမှာ မင်းသမီးလေးနဲ့ ပတ်သက်နေလိမ့်မယ် လို့တောင် ပြောဆို ကြပါတယ်။ တောဝက် အသင်းသားတွေ ဂူထဲကို ဘယ်လို ရောက်သွားတာလဲ တောဝက် အသင်းသားတွေဟာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက လက်ထောက် နည်းပြနဲ့အတူ ဘောလုံးကန်ခဲ့ကြပါ တယ်။ ပွဲအပြီးမှာ သူတို့ ကြိုတင် တိုင်ပင်ထားကြတဲ့ အတိုင်း ထမ့်လုံ လိုဏ်ဂူထဲကိုဝင်ဖို့ ၁၃ ယောက်လုံး စက်ဘီးတွေ စီးပြီး သွားခဲ့ကြပါတယ်။ ထမ့်လုံ လိုဏ်ဂူကို သွားမယ်ဆိုတာ အိမ်ကမိဘတွေကို အသိပေးခဲ့ကြတာမဟုတ်ပါဘူး။ တော်တော်များများက ဘောလုံး သွားကန်မယ်လို့ပဲ ပြောသွားခဲ့တာပါ။ အားလုံးထဲမှာ အနီးစပ်ဆုံးပြောခဲ့တဲ့ တယောက်တောင် လိုဏ်ဂူနားက ရေတံခါးမှာ သွားလည်မယ်လို့ပဲ ပြောသွားခဲ့တာပါ။ တယောက်ဆိုရင် အိမ်က ဓာတ်မီးကို ဖခင်မသိအောင် တိတ်တိတ်လေး ခိုးထည့်သွားတယ်လို့ ဆိုပါတယ်။ ဒီ ၁၃ ယောက် ထဲက တချို့က ဂူထဲကို မရောက်ဖူးပါဘူး။ ရောက်ဖူးတဲ့သူတချို့က ဂူတွင်း အခန်း ၃ လို့ခေါ်တဲ့ ခန်းမကျယ် ကို ကျော်လွန်ပြီး သူတို့ကို ကယ်ထုတ်ရာမှာ အခက်ခဲဆုံး နေရာတနေရာဖြစ်တဲ့ ရေနက်ပိုင်းနေရာအထိ ရောက်ခဲ့ဖူး တယ် လို့ ဆိုပါတယ်။ ထမ့်လုံလှိုဏ်ဂူထဲမပျောက်ဆုံးခင်ကတွေ့ရတဲ့ တောဝက်အသင်းသားများ (ဓာတ်ပုံ – Thai Navy Seal) အသင်းသားငယ် တချို့က ဂူထဲကို မရောက်ဖူးလို့ သွားလေ့လာချင်တဲ့ အကြောင်း တောင်းဆိုလာတဲ့ အတွက် ဂူထဲ သွားဖို့ အစီအစဉ်ဖြစ်လာတာလို့ အသက် ၂၅ နှစ်အရွယ် အသင်း လက်ထောက် နည်းပြ နိုင်အေကဖွန် ကျန်ထဝုန် က လွတ်မြောက် လာပြီးနောက် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။ “တဦးတယောက်က ဦးဆောင်ပြီး ခေါ်သွားတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး တိုင်ပင်ပြီးမှ သွားဖြစ်ကြတာပါ။ သွားတာ ကလည်း ဂူထဲမှာ ဘာတွေရှိလဲဆိုတာ လေ့လာတာ။ ဂူထဲမှာ ဘာတွေရှိနိုင်လဲ ဆိုပြီးတော့ တယောက် တမျိုး စီ လည်း စဉ်းစား ကြတယ်”လို့ အသင်း လက်ထောက်နည်းပြ က ဆိုပါတယ်။ ဒီစကားဟာ တောဝက် အသင်းသားတွေ ဂူထဲက ထွက်မလာနိုင်ခင်အချိန်မှာ ပြောဆိုနေကြတဲ့ “နည်းပြက ဦးဆောင် ပြီး ခေါ်သွားတယ်” ၊ “မွေးနေ့ပွဲ သွားလုပ်တယ်” စတဲ့ ထင်မြင်ချက်နဲ့ ပြောဆိုနေမှုတွေကို ရပ်တန့်သွားစေပါတယ်။ ဂူထဲကို ဝင်သွားတဲ့ အချိန်မှာ ဘာအစားအသောက်မှ ပါမသွားဘူးလို့လည်း သူတို့ ပြန်ရှင်းပြချက်အရ သိလိုက်ရပါ တယ်။ ဂူအတွင်းထဲမှာ ဘာတွေ ဖြစ်နေသလဲ တောဝက်အသင်းသားတွေဟာ ဂူထဲလမ်းလျှောက်သွားရင်းနဲ့ T ပုံသဏ္ဌာန် နေရာကိုရောက်တော့ ရေတွေကိုစတွေ့ ပါတော့ တယ်။ အသင်းသားထဲက တချို့ဟာ ကျူရှင်တက်ရမှာ ဖြစ်တာမို့ ညနေ ၅ နာရီမထိုးခင် ဂူထဲက ထွက်ဖို့ လည်း လိုနေပါတယ်။ အချိန်ကလည်း တနာရီပဲ ကျန်တော့တာကြောင့် ဆက်သွားမလား၊ မသွားဘူးလား ဆိုတာ သူတို့ ညှိကြပါတယ်။ အားလုံးက ဆက်သွားမယ်လို့ သဘောတူ ဆုံးဖြတ်လိုက်ကြလို့ ရေကူးပြီး ဆက်သွားကြတယ်။ အများစုက ရေကူး တတ်ကြပြီး ငယ်တဲ့သူတွေကိုလည်း အရပ်ရှည်တဲ့သူတွေက တွဲခေါ်သွားကြတယ်လို့ ဆိုပါတယ်။ သွားရင်း သွားရင်းနဲ့ သတ်မှတ်ချိန်ထက် တနာရီကျော်သွားတဲ့ အတွက် အားလုံးလှည့်ပြန် ခဲ့ကြပါတယ်။ တောဝက်အသင်းသားတွေ ဝင်သွားခဲ့တဲ့ ထမ့်လုံလှိုဏ်ဂူ (ဓာတ်ပုံ – Reuters) လမ်းဆုံနား ပြန်အရောက်မှာတော့ ရေတွေပိတ်ဆို့နေတာ တွေ့လိုက်ရပါတော့တယ်။ ပိတ်ဆို့နေတဲ့ ရေလမ်းကြောင်း တွေကို ကျော်ဖြတ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပေမယ့် မရခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ လမ်းသုံးဆုံကနေ နောက်ကို မီတာ ၂၀၀ လောက်ဆုတ်သွားပြီး ကျောက်စက်ရေတွေ ကျနေတဲ့ နေရာနားက သဲသောင်ပြင်မှာ နားခို လိုက်ကြပါတယ်။ အဲဒီနေရာဟာ ဂူဝကနေ တွက်ရင် ၄ ကီလိုမီတာလောက် ကွာဝေးပြီး ပတ္တရား ကမ်းခြေလို့ တင်စား ခေါ်ဝေါ်တဲ့ ဂူတွင်း သဲသောင်ပြင် အကျော်မှာ ရှိပါတယ်။ တကယ်ရေတက်လာတဲ့ အချိန်မှာ ပတ္တရားကမ်းခြေလည်း ရေနစ်မြုပ်ခဲ့ပါတယ်။ ဂူတွင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် ရေငုပ်တပ်ဖွဲ့များ (ဓာတ်ပုံ – Thai Navy Seal) အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် အသင်းသား တဦး ဖြစ်တဲ့ နောင်မိုင်ရဲ့ အသက် ၁၇ နှစ်ပြည့်မယ့် မွေးနေ့ဖြစ်ပါတယ်။ မိဘတွေက သူ့ကို မွေးနေ့လုပ်ပေးမှာ ဖြစ်တဲ့အတွက် သူလည်း ညနေ ၅ နာရီ မထိုးခင် အိမ်ပြန်ဖို့ လိုပါတယ်။ ဒီက အပြန် မှ သူငယ်ချင်းတွေကိုပါ အိမ်ခေါ်သွားပြီး မွေးနေ့ကျင်းပကြဖို့ ရည်ရွယ်ထားပေမယ့် လုံးဝ မဖြစ်နိုင်တော့ ပါဘူး။ တောဝက်အသင်းသားတွေ ဝင်သွားခဲ့တဲ့ ထမ့်လုံလှိုဏ်ဂူ (ဓာတ်ပုံ – Reuters) “အဲဒီတုန်းက ဘာမှ မကြောက်ပါဘူး။ ကျနော်တို့ စဉ်းစားတာကတော့ မနက်ဖြန်ကြရင် ရေကျသွားလိမ့်မယ်။ တာဝန်ရှိ တဲ့ လူတွေလည်း လိုက်လာရှာမယ်လို့ ထင်ခဲ့တယ်”လို့ နိုင်အေကဖွန် ကျန်ထဝုန် က ပြောပါတယ်။ သူတို့အထဲက အသက်အငယ်ဆုံး တယောက်ကတော့ “ဒီနေ့က ကျနော်တို့အိမ်ပြန်လို့ မရတော့ဘူး အမေဆူခံထိမှာ သေချာတယ်”လို့ အဲဒီ အချိန်တုန်းက သူစဉ်းစားမိတာကို ပြောပါတယ်။ ဂူအပြင်မှာ ဘာတွေ ဖြစ်နေသလဲ တောဝက် အသင်းသားတွေ ဂူထဲဝင်တဲ့ အချိန် တောင်ပေါ်မှာ မိုးအဆက်မပြတ် ရွာတာကနေ တောင်ကျရေတွေ ဂူထဲ မှာ ပြည့်လျှံသွားတာကြောင့် လမ်းကြောင်းတွေ ပိတ်ပြီး ပြန်ထွက် မလာနိုင်ကြတာ ဖြစ်ပါတယ်။ တောဝက် အသင်း သား တွေ လိုဏ်ဂူထဲက ပြန်မထွက်လာနိုင်တဲ့ အတွက် ဒေသခံ ရဲ၊ မီးသတ်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ရှာဖွေမှုတွေ စတင် ပြုလုပ် ခဲ့ကြပါတယ်။ တောဝက်အသင်းသားတွေကို ဝင်ကယ်ကြမယ့် နိုင်ငံတကာ ရေငုပ်အဖွဲ့များ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဂူဝနားမှာ ရပ်ထားတဲ့ တောဝက်အသင်းသားတွေရဲ့ စက်ဘီး၊ ချွတ်ထားခဲ့တဲ့ ဖိနပ်တွေနဲ့ ဘောလုံးကန် ဖိနပ်တွေ ထည့်ထားတဲ့ အိတ်တချို့ကိုတွေ့ခဲ့တာဟာ ဂူထဲမှာ တောဝက် အသင်းသားတွေ ရှိနေတယ်ဆိုတာ ခိုင်လုံစေခဲ့ပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရေတွေပြည့်နေတဲ့ အတွက် ဂူအတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိ ခဲ့ဘဲ တော်တော်များများ နောက်လှည့် ပြန်ခဲ့ရပါတယ်။ ထမ့်လုံဂူကယ်ဆယ်ရေးမှာ အသုံးပြုတဲ့ ရေအောက် ဝါယာကြိုးများ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဇွန်လ ၂၅ ရက်နေ့မှာတော့ ထိုင်းအစိုးရ က နိုင်ငံတော်အဆင့် သတ်မှတ်ပြီး တောဝက်သင်းသားတွေကို ကယ်ထုတ် နိုင်ရေး အတွက် ထိုင်း ရေတပ်လည်း ရောက်ရှိလာပါတယ်။ ဂူအပြင်ဘက်မှာလည်း ကယ်ဆယ်ရေး အတွက် အထိုင် စခန်းတွေ ချလိုက်ပါတယ်။ ရေငုပ်သမားတွေ အများကြီး ရှိပေမယ့် ပင်လယ်ရေကြည်မှာ ငုပ်သလိုမဟုတ်တဲ့ ရွှံ့ရေတွေ ငုပ်ဖို့အတွက်က အခက် အခဲ တွေ ရှိခဲ့ပါတယ်။ ဂူတွင်း လမ်းကြောင်းတွေ ရေကြီးနေတဲ့လို့ ကယ်ဆယ်ရေး အတွက် စိန်ခေါ်မှု အကြီးကြီးနဲ့ ရင်ဆိုင် လိုက်ရပြီ ဆိုတာကို ထိုင်းအစိုးရ သိလိုက်ရပါတယ်။ ထမ့်လုံလှိုဏ်ဂူအနီး တောင်ခြေမှာ တောဝက်အသင်းသားတွေ ပြန်တွေ့ရေး အတွက် နတ်ပူဇော်ဖို့ ပြင်ဆင်နေတဲ့ လီဆူးတိုင်းရင်းသားများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) မိဘတွေရဲ့ အပူမီး ဂူလမ်းကြောင်းတွေမှာ ရေတွေပိတ်နေတော့ သားတွေကို ကယ်ထုတ်နိုင်ပါ့မလား။ ဒီလောက်များတဲ့ ရေတွေကြားမှာ သူတို့ အသက် ရှင်နိုင်ရဲ့လား၊ ဘာ အစားအသောက်မှ မရှိဘဲ အသက်ရှင်ရေး အတွက် ဘယ်လို ရပ်တည်မလဲ၊ အမှောင်ထုကြီးထဲမှာ သူတို့ဘယ်လို လုပ်နေကြမလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာဟာ ဂူအပြင်မှာ စောင့်နေတဲ့ မိဘတွေ အတွက်တော့ ပူလောင်လွန်းလှပါတယ်။ ထမ့်လုံလှိုဏ်ဂူအနီး တောင်ခြေမှာ တောဝက်အသင်းသားတွေ ပြန်တွေ့ရေး အတွက် နတ်ပူဇော်ဖို့ ပြင်ဆင်နေတဲ့ လီဆူးတိုင်းရင်းသားများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) တချို့မိဘတွေနဲ့ ဒေသခံတွေဟာ သားသမီးတွေ အတွက် ပူပန်စိတ်နဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရေစောင့် နတ် စတဲ့ နတ်အပေါင်းကို အသားတွေ၊ သစ်သီးတွေ၊ သစ်ဥ သစ်ဖုတွေ၊ အချိုရေ စတာတွေနဲ့ ပူးဇော်ပသပြီး သားတွေ အိမ်ပြန်ခွင့်ပေးဖို့ တောင်းဆိုကြ ပါတယ်။ ကလေး မိဘတွေကတော့ စသိတဲ့နေ့ကတည်းက မစားနိုင်၊ မအိပ်နိုင်ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် ကလေး တယောက် ရဲ့ အမေနဲ့ အခြားမိခင်တချို့ ဆိုရင် ဇွန်လ ၂၆ ရက်နေ့က ဂူဝနားသွားပြီး “သားရေပြန်လာပါ။ အမေ စောင့်နေတယ်” ဆိုပြီး အသံကုန်ဟစ် ငိုကြွေးပြီး အော်ခေါ်ခဲ့ကြပါ သေးတယ်။ မြန်မာတွေလည်း ထမ့်လုံလှိုဏ်ဂူရှေ့မှာ လာရောက် ဆုတောင်းခဲ့ကြပါတယ်။ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဂူထဲက သားတွေ မကြားနိုင်ပေမယ့် သားဇောနဲ့ ပူလောင်နေကြတဲ့ အမေတွေ ရင်ကွဲမတတ် အော်ခေါ်နေကြတာကို မြင်ရကြားရ သူတွေလည်း စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ သားဇောနဲ့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ခဲ့တဲ့ မိဘတချို့ တယောက်ပြီး တယောက် မူးလဲကြလို့ အနီးကပ် ဆေးကုသမှုတွေပါ ပေးခဲ့ရပါတယ်။ ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်ခဲ့တဲ့ နည်းပြ တောဝက် အသင်းသားတွေထဲက ၈ ယောက်လောက်ဟာ မြန်မာနိုင်ငံနွယ်ဖွားတွေလို့ သိရပြီး တချို့ကတော့ ထိုင်း နိုင်ငံသား အထောက်အထားတွေ ရရှိထားပြီးပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံသား အဖြစ် အထောက်အထား လက်မှတ် မရရှိသေးတဲ့ လက်ထောက်နည်းပြ နိုင်အေကဖွန် ကျန်ထဝုန်၊ အိုက်လူးခေါ် အဒွန်း စမ်အွန်နဲ့ နောက် ၂ ဦးကိုတော့ အထောက်အထားတွေ ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ချင်းရိုင်ခရိုင်မှူးက ပြောပါတယ်။ တောဝက် အသင်းသားတွေကို အန္တရာယ် ကြုံတွေ့နေချိန်မှာ စိတ်မလှုပ်ရှားအောင်၊ အသက်အန္တရာယ် မထိခိုက်စေ ရအောင် စုစည်း ထိန်းသိမ်းပေးခဲ့သူကတော့ အသင်း လက်ထောက်နည်းပြဆရာ နိုင်အေကဖွန် ကျန်ထဝုန် ပဲဖြစ်ပါ တယ်။ သူဟာ ရေတွေ တက်လာလို့ ပြန်ထွက်လို့ မရတော့မှန်း သိရတဲ့ အချိန်မှာ ကလေးတွေကို စိတ်လိုက်မာန်ပါ ကူးခတ် မသွားဖို့ အသက် မဆုံးရှုံးစေရဖို့ ထိန်းသိမ်းခဲ့သူ ဖြစ်ပါတယ်။ တောဝက်အသင်းသားတွေ အသက်ရှင်သန်ရေး ထိန်းသိမ်းစောင့်လျှောက်ခဲ့တဲ့ အသင်းလက်ထောက်နည်းပြ (ဓာတ်ပုံ – PR-Department) ဒါ့အပြင် ညအိပ်ချိန်မှာ အားလုံးကို ဘုရားရှိခိုးပြီး အိပ်ခိုင်းပါတယ်။ ပိတ်ပိတ်မှောင်နေတဲ့ အမှောင်ထုကြီးထဲမှာ ကလေး တွေ ကြောက်ပြီး စိတ်လှုပ်ရှားမှု မဖြစ်အောင်လည်း အားပေးထိန်းသိမ်းခဲ့သလို အစာမရှိတာကြောင့် လှုပ်ရှားမှုတွေ သိပ် မလုပ်ဖို့ လမ်းညွှန်တယ်လို့ တောဝက် အသင်းသား နောင့်တီ က ဆိုပါတယ်။ “ကျနော်တို့ ခန္ဓာကိုယ်တွေ အားလျော့လာလား၊ မလျော့လာလား ဆိုတာကိုတော့ ပထမ တရက်မှာ မသိပါဘူး။ တရက် ၂ ရက် ကျော်လာတဲ့ အခါမှာတော့ နည်းနည်း သိလာပါတယ်။ အဲဒီအချိန်မှာ နည်းပြက ငြိမ်ငြိမ်နေဖို့ သိပ် မလှုပ် ရှားဖို့ ပြောတာတော့ ဟုတ်ပါတယ်။ ပါလာတဲ့ ဓာတ်မီးတွေကိုလည်း အသုံးမလိုသေးရင် အားလုံး ပိတ်ထားဖို့ ညီငယ်တွေကိုလည်း ပြောပါတယ်”လို့ နောင်တီက ပြန်ရှင်းပြပါတယ်။ အသင်းသားတွေထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ နောင်ဒေါမ် ကလည်း “အဲဒီအချိန်မှာ အားမရှိတော့ဘူး။ မူးမိုက်လာ တယ်။ အဲဒီအချိန်မှာ ထမင်းစားဖို့တောင် မစဉ်းစားရဲပါဘူး။ စဉ်းစားရင် ပိုဆာလာမှာ စိုးလို့ပါ”လို့ ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြပါတယ်။ သတင်းစာရှင်းလင်းပွဲ မတိုင်ခင်မှာ သရုပ်ပြ ဘောလုံးကစားပြတဲ့ တောဝက်အသင်းသားများ (ဓာတ်ပုံ – PR Department) သူတို့အားလုံး အသက်ဆက်ဖို့အတွက် ကျောက်ခက် ပန်းဆွဲတွေကနေ စိမ့်ကျနေတဲ့ ရေတွေကို သောက်ကြပါတယ်။ အဲဒီရေတွေဟာ အပြင်မှာသောက်တဲ့ သောက်ရေသန့်လိုပဲလို့ ဆိုပါတယ်။ ပြီးရင် သူတို့ အသက်ရှင် လွတ်မြောက်ဖို့ အတွက်လည်း နံရံကို ခဲတွေနဲ့ တယောက်တလဲ ထုပြီး ဖောက်ကြတာ ၃ မီတာ၊ ၄ မီတာလောက်ထိ ခရီးရောက်ခဲ့ တယ် လို့ ဆိုပါတယ်။ ဒီတောဝက် အသင်းသားတွေထဲမှာ ဂူရဲ့ အဆုံးထိ ရောက်ဖူးတဲ့သူတွေ ပါတယ်ဆိုတာ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ ပြောပြချက် အရ သိရပါတယ်။ သူတို့ကတော့ လေ့လာရေးထွက်တုန်းက သိရှိခဲ့တာလို့ ဆိုပါတယ်။ ဂူအဆုံးနားမှာ ထွက် ပေါက် တပေါက်ရှိတယ် ဆိုတာကိုလည်း သူတို့သိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝေးလွန်းပြီး ရေတွေရှိနေတာ ကြောင့် ရေကျချိန် ပြန်ထွက်ဖို့နဲ့ နံရံကို ဖောက်ထွက်ဖို့ အတွက်ပဲ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အရှိန်မြှင့် ဂူတွင်းမှာ ပိတ်ဆို့နေတဲ့ ရေတွေဟာ ရွှံ့ရေတွေဖြစ်တာကြောင့် ရေငုပ်သမားတွေလည်း အခက်အခဲဖြစ်နေပါတယ်။ ဂူအပြင်မှာလည်း မိုးတွေက အဆက်မပြတ် ရွာသွန်းနေတာကြောင့် ဂူတွင်းမှာလည်း ရေက ကြီးသထက်ကြီးနေလို့ ကယ်ဆယ်ရေး အခြေအနေဟာ ရက်တွေ ကြာလာတာနဲ့ အမျှ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။ ထိုင်းအစိုးရကတော့ ကယ်ဆယ်ရေးကို အရှိန်မြှင့် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဂူထဲက ကလေးတွေ ကယ် ထုတ် နိုင်ရေး အတွက် ပင်လယ်မှာ ရေငုပ်ကျွမ်းသူတွေထက် လိုဏ်ဂူမှာ ရေငုပ်ကျွမ်းကျင်သူတွေ လိုအပ်လာပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဂူကျွမ်းကျင် ပညာရှင်တွေ၊ ဂူတွင်း ရေငုပ်ကျွမ်းကျင်သူတွေကို တံခါးဖွင့်ပေးခဲ့ပြီး အကူအညီ တောင်းခံ ခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန်၊ တရုတ် အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ တဖွဲဖွဲ ရောက်ရှိလာခဲ့ ကြပြီး တောဝက် အသင်းသားတွေကို ဂူအတွင်းလမ်းကြောင်းကနေ ကယ်ထုတ်လာနိုင်ဖို့ ဂူကျွမ်းကျင်သူတွေ၊ ထိုင်း တော်ဝင် ရေတပ်က ရေငုပ် ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်း ကြိုးပမ်းကြပါတော့တယ်။ ဂူအပြင်ဘက်မှာလည်း ကြည်းတပ်တွေက ဂူအထက်က တောင်ပေါ်တလျှောက်မှာ ဂူထဲကို ဝင်နိုင်မယ့် အပေါက်တွေ ကို တောနင်း ရှာဖွေကြသလို တောင်ကို ဖောက်ပြီး ဂူထဲဝင်နိုင်ဖို့ အတွက်လည်း ကြိုးပမ်းကြပါတယ်။ လေတပ်က လည်း ရဟတ်ယာဉ်တွေနဲ့ တောင်ကြော တလျှောက်မှာ ပျံဝဲပြီး ဂူပေါက်တွေ ဝိုင်းရှာပေးတာ၊ တောင်ဖောက်မယ့် စက် ကိရိယာတွေကို သယ်ဆောင် ပေးတာတွေ ဆက်တိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ဂူတွင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် တပ်ဖွဲ့များ (ဓာတ်ပုံ – Thai Navy Seal) တချိန်တည်းမှာပဲ ဂူတွင်းလမ်းကြောင်းတွေမှာ ပိတ်ဆို့နေတဲ့ ရေတွေကို ဖောက်ထုတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရေတွေကို ဂူအတွင်း လမ်းကြောင်းက ပိုက်တွေသွယ်ပြီး စက်ကြီးတွေနဲ့ မောင်းထုတ်နေသလို ဂူလမ်းကြောင်း တလျှောက်က ဂူနံရံတွေကို စက်ကြီးတွေနဲ့ ဖောက်ပြီး ရေတွေ မောင်းထုတ်ခဲ့ကြပါတယ်။ ကယ်ဆယ်ရေး အတွက် ထိုင်းတွေရဲ့ ကြီးမြတ်တဲ့ စေတနာ တောဝက် အသင်းသားလေးတွေ ကယ်ဆယ်ရေးအတွက် အာဏာပိုင်တွေ အဘက်ဘက်က ဆောင်ရွက်မှုတွေ ပြုလုပ် နေကြသလို တချိန်တည်းမှာပဲ ကယ်ဆယ်ရေး အတွက် ထိုင်းနိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှုက စိတ်ဝင်စားစရာပါ။ ကလေးတွေ ဂူထဲပျောက်ဆုံးချိန်မှာ လက်ထောက် အသင်းနည်းပြကို ဝိုင်းဝန်းပြစ်တင် ပြောဆိုမှုတွေရှိခဲ့ပေမယ့် တဦး တယောက်ကို အပြစ်တင်ပြောဆိုနေမှုဟာ အလုပ်ဖြစ်မှာမဟုတ်ဘဲ အားလုံးကို ပြန်တွေ့အောင် ရှာဖို့က နံပါတ်တစ် နည်းလမ်းဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်၊ သတင်း ရုပ်သံတွေပေါ်ကနေ ထိန်းညှိကြပါတယ်။ တောဝက်အသင်းသားတွေ ကယ်ဆယ်ရေးရဲ့ အဓိက ခေါင်းဆောင် ချင်းရိုင်ခရိုင်ဝန် (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) အချိန်တိုအတွင်းမှာပဲ အဲဒီအမှန်တရားကို လက်ခံလိုက်ကြပြီး ညီညီညွတ်ညွတ်နဲ့ ထောက်ခံခဲ့ကြပါတယ်။ လိုဏ်ဂူနဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ နာနတ်သီး အခင်း ပိုင်ရှင်တွေဆိုရင် လိုဏ်ဂူကို လာတဲ့လူတွေ များပြားလွန်းတာကြောင့် ကားထားဖို့ နေရာ အခက်အခဲဖြစ်နေတာကို သူတို့အခင်းတွေကို အသုံးပြုလိုက်ကြဖို့ ပြောပါတယ်။ ဂူထဲကရေတွေ ဖောက်ထုတ်ပြန်တော့လည်း ဂူရဲ့ အောက်ဘက်မှာရှိတဲ့ လယ်ဧက ၁၄၀၀ ကျော် ရေနစ်မြုပ် ပျက်စီး ခဲ့ရပါတယ်။ ဒါပေမယ့် လယ်ပိုင်ရှင်တွေကတော့ ကလေးတွေကို ကယ်ထုတ်နိုင်ဖို့ အတွက် ဂူထဲက ရေတွေခန်းသွားဖို့ လိုတယ်။ ဂူထဲကရေတွေ ခန်းဖို့အတွက် သူတို့ လယ်တွေ ပေးဆပ်ဖို့လိုတယ်၊ အဲဒီအတွက် အဆုံးရှုံး ခံနိုင်တယ်လို့ ဆို ပါတယ်။ လှိုဏ်ဂူထဲကရေတွေ မောင်းထုတ်ဖို့ ရေစုပ်စက်တွေ သယ်သွင်းနေတဲ့ ထိုင်းတပ်မတော် (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) “ကလေးတွေကို မတွေ့ခင်တုန်းကတော့ စိတ်ထဲမှာ တအား ဝမ်းနည်းတယ်။ ငိုတယ်။ ပြန်တွေ့အောင်လည်း ဆုတောင်း ပေးတယ်။ ပြန်တွေ့တဲ့ အချိန်မှာ အရမ်းဝမ်းသာတယ်။ သူတို့မိဘတွေကိုလည်း ကိုယ်ချင်းစာပါတယ်” လို့ လယ်ဧက ၄၀ ကျော် ရေမြုပ်ခံခဲ့ရတဲ့ လယ်ပိုင်ရှင် တဦးက ပြောပါတယ်။ မယ်ဆိုင်မြို့ထဲမှာ ဈေးဝယ်ရင်လည်း ထမ့်လုံလိုဏ်ဂူမှာ ကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေ၊ သတင်းမီဒီယာတွေ မှန်း သိရင် ဈေးတွေလျှော့ပေးကြပါတယ်။ တချို့ဈေးသည်တွေဆိုရင် လက်ဆောင်အဖြစ် အပိုပေးကြတာလည်း ရှိသလို ကလေးတွေ အမြန်တွေ့ဖို့လည်း တပါတည်း ဆုတောင်းပေးကြပါတယ်။ ဂူတွင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် ရေငုပ်တပ်ဖွဲ့များ (ဓာတ်ပုံ – Thai Navy Seal) ကင်မရာတွေ ထုတ်လုပ်တဲ့ နာမည်ကြီး Nikon ကုမ္ပဏီဆိုရင် ထမ့်လုံလိုဏ်ဂူ သတင်းတွေကို သွားရောက် တင်ဆက် တဲ့ သတင်းထောက်တွေ အသုံးပြုတဲ့ Nikon ကင်မရာတွေကို အခမဲ့ ဆေးပေးခဲ့ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေဟာ လည်း တောဝက် အသင်းသားတွေ ကယ်ဆယ်ရေးမှာ အားအင်တရပ် ဖြစ်စေခဲ့ပါတယ်။ ထမ့်လုံ လိုဏ်ဂူ နဲ့ သတင်း မီဒီယာ တောဝက် အသင်းသားတွေ သတင်းဟာ တမဟုတ်ချင်း ကမ္ဘာကို ပျံ့နှံ့ခဲ့သလို ထိုင်းနဲ့ မြန်မာ မီဒီယာတွေ အပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးက မီဒီယာကြီးတွေပါ ထမ့်လုံ လိုဏ်ဂူရှေ့ကို ရောက်ရှိလာကြပါတယ်။ တပတ်အတွင်းမှာ မီဒီယာ ၉၀၀ လောက် ရောက်ရှိလာပြီး ထမ့်လုံ ဂူရှေ့ကကွင်းပြင်ရဲ့ နေရာ တဝက်လောက်ကို ပေးထားလိုက်ရတဲ့ အခြေအနေ ပါ။ လှိုဏ်ဂူရှေ့ကိုရောက်ရှိလာတဲ့ ဧရာဝတီ သတင်းမီဒီယာ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဧရာဝတီ သတင်းဌာန အနေနဲ့လည်း တောဝက် အသင်းသားတွေရဲ့ နောက်ဆုံး အခြေအနေတွေကို ထမ့်လုံဂူရှေ့ ကနေ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သလို ဒီနေရာကို ရောက်ရှိလာတဲ့ သတင်း မီဒီယာ အသီးသီးဟာလည်း ဒီနေရာ ကနေပြီး ကမ္ဘာတဝန်းကို သတင်းတွေ ထုတ်လွှင့်နေကြတာ ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေ ဘက်ကလည်း တောဝက် အသင်းသားတွေရဲ့နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး မနက် တကြိမ် ညနေတကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးပါတယ်။ အခါအားလျှော်စွာ ဂူထဲက ကယ်ဆယ်ရေး အဖွဲ့ တွေရဲ့ ခေါင်းဆောင်တွေ ထွက်လာရင်လည်း မေးမြန်းလို့ ရပါတယ်။ လှိုဏ်ဂူရှေ့ကိုရောက်ရှိလာတဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ထိုင်းအစိုးရကတော့ ကယ်ဆယ်ရေး အဖွဲ့တွေသာမကဘဲ ဒီနေရာကို ရောက်ရှိလာသူတွေ အားလုံး အတွက် ထမ့်လုံ ဂူရှေ့က ဝန်းကြီးထဲမှာ စေတနာ့ဝန်ထမ်းတွေ ထားပေးပြီး စားစရာ၊ သောက်စရာတွေ ၂၄ နာရီ အခမဲ့ ကျွေးမွေးပါ တယ်။ အခကြေးငွေနဲ့ ရောင်းချပေးတဲ့ ဆိုင်တဆိုင်မှ မရှိပါ။ တောဝက်အသင်းသား တွေရဲ့ မိခင်တွေကို နှိပ်နယ်ပေးနေတာဖြစ်ပါတယ်။ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) တောကြို တောင်ကြားမှာ ရှိတဲ့ လိုဏ်ဂူဝနားက ဝန်းကြီးဟာ တနေ့တခြား စည်ကားလာပြီး အစားအသောက်တွေ ၂၄ နာရီ အခမဲ့ စားသောက်နိုင်သလို ကယ်ဆယ်ရေး အဖွဲ့တွေ၊ သတင်းမီဒီယာတွေ ညောင်းညာလာရင်လည်း နှိပ်နယ် ပေးဖို့ အတွက် အခမဲ့ အနှိပ်ပညာရှင်တွေ၊ ဆံသပညာရှင်တွေလည်း ထားပေးထားပါတယ်။ အခမဲ့ ဆံသပညာရှင်တွေလည်း လာရောက် လုပ်အားပေးခဲ့ကြပါတယ်။ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဒါ့အပြင် ကျန်းမာရေး တခုခု ဖြစ်လို့ဖြစ်စေ၊ ထိခိုက်ရှနာ မူးမော်တာက အစ အဆင်ပြေ ချောမွေ့အောင် ဆေးပေးခန်း တွေ ဆေးမှူးတွေ အဆင်သင့် ထားရှိပေးထားသလို သန့်စင်ခန်းတွေကိုလည်း ထိုင်းတပ်မတော်က ၂၄ နာရီ သန့်ရှင်း ရေး ဆောင်ရွက်ပေးတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံကလည်း ပူးပေါင်း ရှာဖွေ ထမ့်လုံလိုဏ်ဂူရှိတဲ့ တောင်တန်းဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ထိစပ်နေတာကြောင့် ဂူထဲကို ဝင်လို့ရမယ့် အပေါက် တွေ မြန်မာနိုင်ငံဘက် အခြမ်းမှာ ရှိနေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ထိုင်းအာဏာပိုင်တွေက ဇွန်လ ၂၈ ရက် နေ့မှာ မြန်မာအစိုးရကို ကူညီရှာဖွေပေးဖို့ တောင်းဆို လိုက်ပါတယ်။ နိုင်ငံတော် သမ္မတရုံးကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ် အစိုးရကို ချက်ချင်းစာထုတ်ပြီး ကူညီရှာဖွေ ပေးဖို့ ညွှန်ကြား ခဲ့တာတွေ့ရပြီး တာချီလိတ်မြို့ ဘက်ကို မျက်နှာမူနေတဲ့ လိုဏ်ဂူနဲ့ ဆက်စပ်နေတဲ့ တောင်တန်းတွေ က ဂူပေါက်တွေကို အဖွဲ့ပေါင်းစုံပါတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်း ရှာဖွေခဲ့ကြပါတယ်။ မြန်မာနိုင်ငံ တာချီလိတ်ဘက်အခြမ်းမှာလည်း မြန်မာကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းရှာဖွေ (ဓာတ်ပုံ – Tarchileik News Agency) ရှမ်းပြည်နယ် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကလည်း ဂူရှေ့အထိ လာရောက်ပြီး ထိုင်း အာဏာပိုင်တွေထံ မေးမြန်း မှုတွေ ပြုလုပ်ခဲ့သလို မြန်မာ အရပ်သား တချို့ကလည်း ဂူရှေ့မှာ ကယ်ဆယ်ရေး လုပ်သားတွေ အတွက် အစား အသောက်တွေ လာရောက် ကျွေးမွေးခဲ့ကြပါတယ်။ ထမ့်လုံ လိုဏ်ဂူကို ကြွရောက်လာတဲ့ မိုင်းဖုန်း ဆရာတော် ထိုင်းအာဏာပိုင်တွေ အနေနဲ့ တောဝက် အသင်းသားတွေ လွတ်မြောက်ရေးအတွက် ရေတပ်၊ ကြည်းတပ်၊ လေတပ် တွေ၊ နိုင်ငံတကာ ဂူကျွမ်းကျင် ပညာရှင်တွေ၊ ရေငုပ်အဖွဲ့တွေကို အသုံးပြုရှာဖွေမှုတွေ ပြုလုပ်နေသလို ကိုယ်းကွယ် ယုံကြည်မှု ဘာသာရေး နည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ မိုင်းဖုန်း ဆရာတော်ကြီးကို ပင့်ဖိတ်ခဲ့ပါတယ်။ ဒီအချိန်မှာ မိုးတွေလည်း ဆက်တိုက် သည်းထန်စွာ ရွာသွန်းတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေလည်း ရေကြီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ခရီးမပေါက်နိုင်ဘဲ ဖြစ်နေပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာတော့ ထမ့်လုံဂူကို မိုင်းဖုန်း ဆရာတော် ဘဒ္ဒန ္တဉာဏသံဝရ ကြွလာခဲ့ပါတယ်။ ထမ့်လုံလှိုဏ်ဂူကို ကြွလာတဲ့ မိုင်းဖုန်း ဆရာတော် (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဆရာတော် ကြွမြန်းလာတဲ့ ခရီးစဉ်ဟာ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးတွေကို တားဆီးဖို့လို့ ဆိုပါတယ်။ ဆရာတော် ကြွလာတဲ့ အချိန်ဟာ မိုးတွေသည်းထန်စွာ ရွာသွန်းနေပေမယ့် နောက်နေ့မနက်မှာတော့ မိုးလုံးဝ မရွာဘဲ တိတ်သွား တာ တွေ့ရပါတယ်။ မိုင်းဖုန်း ဆရာတော်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ထပ်မံကြွရောက်လာပြီး ဂူဝမှာ တောဝက် အသင်းသားတွေ လွတ်မြောက် ဖို့ အတွက် နတ်အပေါင်းကို မေတ္တာပို့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆရာတော် ပြန်အကြွမှာ သတင်းထောက်တွေက ကလေးတွေ အခြေအနေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကို မေးမြန်း ရာမှာ “ကလေးတွေ အသက်ရှင်လျက် ရှိနေသေးတယ်၊ နောက် တရက်၊ နှစ်ရက်ဆို ပြန်တွေ့မယ်”လို့ မိန့်ကြားချက် ဟာ ချက်ချင်းဆိုသလို ထိုင်းမီဒီယာတွေမှာ သတင်းပျံ့ခဲ့ပါတယ်။ ထမ့်လုံလှိုဏ်ဂူကို ကြွလာတဲ့ မိုင်းဖုန်း ဆရာတော် (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) မိုင်းဖုန်းဆရာတော် မိန့်ကြားချက်အပေါ်မှာ ထိုင်းတွေလည်း တော်တော်လေး အားရှိသွားကြပါတယ်။ မိုင်းဖုန်း ဆရာတော် က အရင် မယ်ဆိုင်မှာ သတင်းသုံးဖူးတာကြောင့် ဆရာတော့် မိန့်ကြားချက်အပေါ် ယုံကြည်မှုရှိသူတွေ ရှိကြသလို တပတ်လောက် ကြာနေပြီဖြစ်တာကြောင့် အများစုကတော့ မယုံဝံ့ကြပါဘူး။ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ မြန်မာတချို့က ၂ ရက်အတွင်း ကလေးတွေ အားလုံး အသက်ရှင်လျက် ပြန် မတွေ့ရင် ဆရာတော်ရဲ့ ရှိပြီးသား သြဇာအရှိန်အဝါတွေပါ ကျဆင်းသွားလိမ့်မယ်လို့ နောက်ပြောင် သရော်ပြီး ရေးတာ တွေ လည်း ရှိခဲ့ပါတယ်။ တောဝက်တွေကို ပြန်တွေ့ပြီ တတိုင်းပြည်လုံး အံ့အားသင့် ဝမ်းသာဆရာ သတင်းတပုဒ်ကတော့ ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်မှာ ဖြစ်ပေါ် ခဲ့ပါတယ်။ အဲဒီ သတင်းကတော့ တောဝက် အသင်းသား ၁၂ ဦးနဲ့ လက်ထောက် နည်းပြကို လိုဏ်ဂူ အတွင်းမှာ အသက် ရှင် လျက် ပြန်တွေ့တယ် ဆိုတဲ့ သတင်းပါ။ အဲဒီနေ့ဟာ တောဝက် အသင်းသားတွေ ပျောက်ဆုံးသွားပြီး ၁၀ ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။ အင်္ဂလန် ရေငုပ် သမား ၂ ဦးက ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပြီး စတွေ့တဲ့အချိန်မှာ တောဝက် အသင်းသားတွေဟာ အာဟာရဓာတ် ချို့တဲ့ နေလို့ အရိုးပေါ် အရေဖုံး ပုံစံမျိုး ဖြစ်နေပါတယ်။ ဂူအတွင်း ပြန်တွေ့ချိန်မှာ အဟာရဓာတ်ပြတ်တောက်မှုခံနေရတဲ့ တောဝက်အသင်းသားတွေ(ဓာတ်ပုံ – Thai Navy Seal) အင်္ဂလန် ရေငုပ်သမားတွေဟာ ရေတွေပြည့်ပိတ်နေတဲ့ ရေလှိုင်း ပုံသဏ္ဌာန် ဂူတွင်းလမ်းကြောင်းကို ခက်ခက်ခဲခဲ စွန့်စား ကူးဖြတ်ပြီး ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။ တောဝက် အသင်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ကြမ်းတမ်းလွန်းတဲ့ ဂူတွင်း ရေကြောင်းခရီးကို ဖြတ်ကျော်ဖို့ အခက်အခဲ ရှိတာကြောင့် ချက်ချင်း ခေါ်မထုတ်နိုင် ခဲ့ပါဘူး။ ဒါပေမယ့် တောဝက် အသင်းသားတွေကို အနီးကပ် ကြည့်ရှုစောင့်ရှောက်ဖို့ အတွက် တပ်မတော်ရေက ဆေးမှူး တဦးနဲ့ တပ်သား ၃ ဦး ထားရှိပေးထားပါတယ်။ သူတို့ဟာ တောဝက် အသင်းသားတွေ ဂူထဲမှာ ခွန်အားတွေပြည့်စေမယ့် အစားအစာတွေ၊ ကျန်းမာရေး အတွက် ဆေးကုသ စောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ မိုင်းဖုန်း ဆရာတော်ရဲ့ သြဇာအရှိန်အဝါလည်း တမဟုတ်ချင်း တက်သွားခဲ့ပါတယ်။ တတိုင်းပြည်လုံး က တောဝက် အသင်းသားတွေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်နေချိန်မှာ ဆရာတော်က အားလုံး ကို ၁ ရက်၊ ၂ ရက်အတွင်း အသက်ရှင်လျက် ပြန်တွေ့မယ်လို့ မိန့်ကြားခဲ့တာကြောင့်ပါ။ အခု ပြန်တွေ့တဲ့ အချိန် ဟာလည်း ဆရာတော် လာရောက် မိန့်ကြားပြီး ၂ ရက် အတွင်းမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ တွေ့ပေမယ့်လည်း ရတက်မအေးနိုင် တောဝက် အသင်းသားတွေကို တွေ့ရှိခဲ့ပေမယ့်လည်း ဂူတွင်း ရေလမ်းကြောင်းကို ဖြတ်ကျော်ပြီး ကယ်ထုတ်ဖို့ ခက်ခဲ နေပါတယ်။ ဂူတွင်းမှာ ရေတွေပြည့်နှက်နေတာဟာ ကယ်ဆယ်ရေး အတွက် အဓိက စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဂူအပြင်ကနေ စက်ကြီးတွေ အသုံးပြုပြီး ရေစုပ်ထုတ်မှုကို အရှိန် ထပ်မြှင့်လိုက်ပါတယ်။ ဂူတွင်းလမ်းကြောင်း က စုပ်ထုတ်နေသလို နံရံတွေကို ဖောက်ပြီး စုပ်ထုတ်နေတာ ရှိပါတယ်။ လှိုင်ဂူထဲမှာ ပြန်တွေ့တဲ့ သားသမီးတွေရဲ့ ရုပ်ပုံကို ရုပ်သံကတဆင့်ကြည့်ရှုနေကြတဲ့ မိခင်တွေ (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) တောင်ပေါ်ကနေ ဂူထဲဆင်းပြီး ကယ်နိုင်ဖို့အတွက်လည်း ထိုင်းကြည်းတပ်က တောနင်းရှာသလို လေတပ်ကလည်း ရဟတ်ယာဉ်တွေနဲ့ ဂူကိုဖောက်မယ့် စက်ကြီးတွေကို တောင်ထိပ်အထိ သယ်ဆောင်ပြီး ဖောက်ဖို့ ကြိုးပမ်းပါတယ်။ နောက်ဆုံးမှာတော့ သဘာဝ ကျောက်လိုဏ်ဂူကြီးကို တောင်ပေါ်က ဖောက်မယ့်နည်းလမ်းကို လက်လျှော့လိုက်ပြီး ဂူတွင်း လမ်းကြောင်းကသာ ကယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဂူတွင်းမှာ ပိတ်ဆို့နေတဲ့ ရေတွေကို ကျသွားအောင် နည်းလမ်းအမျိုးမျိုးနဲ့ စုပ်ထုတ်နေသလို ဘာသာရေး လမ်းဘက်က ဆရာတော်တွေကို ပင့်ဖိတ်ပြီး မေတ္တပို့ ဆုတောင်းမှုတွေလည်း လုပ်ခဲ့ကြပါတယ်။ ဂူထဲမှာ ကလေးတွေ ပြန်တွေ့ပြီး ၃ ရက်မြောက်နေ့ ဇူလိုင်လ ၅ ရက်နေ့မှာ မိုင်းဖုန်း ဆရာတော်လည်း တတိယအကြိမ် ကြွလာပြီး တောဝက် အသင်းသားတွေ အန္တရာယ်ကင်းစွာ ထွက်လာနိုင်ရေး မေတ္တာပို့ ဆုတောင်းမှု ထပ်မံပြုလုပ်ပေးခဲ့ ပါ သေးတယ်။ ကယ်ဆယ်ရေးမှာ အသက်ပေးသွားရတဲ့ ဆမန်ခူနန် တောဝက် အသင်းသားတွေကို ကယ်ထုတ်ရေး အတွက် အာဏာပိုင်တွေက ဂူတွင်းလမ်းကြောင်းကို ရွေးပြီးတဲ့နောက် မှာ ရေတွေကို ဆက်တိုက်စုပ်ထုတ်ခဲ့သလို ဂူတွင်းလမ်းကြောင်းတွေကိုလည်း လျှပ်စစ်မီးတွေ ဆက်တိုက် သွယ်တန်း ခဲ့ကြပါ တယ်။ တချိန်တည်းမှာပဲ တောဝက် အသင်းသားတွေ ကယ်ထုတ်ရာမှာ အောက်စီဂျင် မပြတ်တောက်ဖို့ အတွက် ဂူဝကနေ တောဝက် အသင်းသားတွေ ခိုလှုံနေတဲ့နေရာအထိ ဂူတွင်း ရေလမ်းကြောင်းတွေကို ငုပ်လျှိုးဖြတ်သန်းပြီး အောက်စီ ဂျင် ဘူးတွေ ၂၅ မီတာ တဘူး တပ်ဆင် ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးမှာ သေဆုံးသွားတဲ့ ဆမန်ခူနန်ရဲ့ ရုပ်တု (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) ဒီလိုတပ်ဆင်ဖို့ အောက်စီဂျင်ဘူးတွေကို သယ်ပို့ရင်း အသက် ၃၈ နှစ်အရွယ် ထိုင်းရေတပ်သားဟောင်း ဆမန်ခူနန် သေဆုံး ခဲ့ရပါတယ်။ သူဟာ အောက်စီဂျင်ဘူးတွေ သွားပို့ပြီး အပြန်မှာ အောက်စီဂျင် ပြတ်တောက် မူးလဲ ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက် မကယ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို သူရဲကောင်းတဦးလို အခမ်းအနားတွေနဲ့ နိုင်ငံတော်အဆင့် သဂြိုဟ်ဖို့ ထိုင်းဘုရင်က မိန့်ကြားခဲ့ပါ တယ်။ ဆမန်ခူနန်ရဲ့ ရုပ်အလောင်းကို ချင်းရိုင်ဆေးရုံကနေ သူ့မိသားစုရှိရာ ဌာနေအထိ လေကြောင်း၊ ကုန်းကြောင်း တွေကနေ အဆင့်ဆင့် သယ်ဆောင်ပြီး ခမ်းခမ်းနားနား သဂြိုဟ်ပေးခဲ့ပါတယ်။ တောဝက် အသင်းသားတွေကို ဂူထဲက ကယ်ထုတ်ပြီ တောဝက် အသင်းသားတွေကို ဘယ်လိုကယ်ထုတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အပြင်က လူထုကြားမှာ အမျိုးမျိုး ပြောဆို နေကြသလို သတင်းမီဒီယာ တချို့ကလည်း ၄ လလောက် ကြာနိုင်တယ်လို့ ခန့်မှန်း ထုတ်လွှင့်မှုတွေ ရှိခဲ့ပါ တယ်။ ဇူလိုင်လ ၇ ရက်နေ့မှာတော့ ထိုင်းအာဏာပိုင်တွေက လိုဏ်ဂူဘက်အခြမ်းမှာရှိတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ နားခိုရာ နေရာတွေနဲ့ ဂူလမ်းကြောင်းကို အစိမ်းရောင် ပလတ်စတစ်တွေနဲ့ ကာရံလိုက်ပါတယ်။ တောဝက် အသင်းသားတွေကို ကယ်ထုတ်လာဖို့ နီးစပ်နေပြီ ဆိုတာကို ရိပ်စားမိပေမယ့် ဘာကြောင့်၊ ဘာကို မမြင်စေချင်လို့ ကာလိုက်တယ် ဆိုတာ ကိုတော့ စဉ်းစားလို့ မရပါဘူး။ တောဝက်အသင်းသားတွေကို လှိုဏ်ဂူထဲက ကယ်ထုတ်လာတဲ့ မြင်ကွင်း (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ ထမ့်လုံလိုဏ်ဂူ ရှေ့မှာရှိတဲ့ မီဒီယာစင်တာကို တနာရီအတွင်း ဖယ်ပေးရမယ် ဆိုပြီး ရုတ်တရက် ရွှေ့ပြောင်းခိုင်းပါတယ်။ ထူးခြားချက်တွေ ဖြစ်နေပြီဆိုတာ ထင်ရှားပေမယ့် ဘာကြောင့် မီဒီယာတွေ ကို နေရာရွှေ့ပြောင်းခိုင်းတယ် ဆိုတာကိုလည်း မသိရပါဘူး။ အာဏာပိုင်တွေကတော့ တောဝက် အသင်းသားတွေကို သယ်ဆောင်တဲ့အခါမှာ လမ်းကြောင်း ရှင်းရှင်းလင်းလင်း ဖြစ် ပြီး ခရီးတွင်အောင်ဆိုတဲ့ သဘောမျိုးပြောပေမယ့် သတင်းမီဒီယာတွေကတော့ ကယ်ထုတ်လာတဲ့အခါ ကင်မရာတွေ ရှေ့ကနေ ထင်သာမြင်သာ မထုတ်ဘဲ တစုံတခုကို လျှို့ဝှက်ချင်တာများ ရှိလေမလား ဆိုတဲ့ သံသယတော့ ရှိနေခဲ့ကြ ပါ တယ်။ တောဝက်အသင်းသားတွေကို ထုပ်ပိုးသယ်ဆောင်လာတဲ့ မြင်ကွင်း (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းမှာတော့ တောဝက် အသင်းသားတွေထဲက ပထမဆုံး တရက်တည်းမှာပဲ ၄ ယောက် ခေါ် ထုတ် ခဲ့ပြီး ဒုတိယ ရက်မှာ ၄ ယောက်နဲ့ တတိယ ရက်မှာ ၅ ယောက် ခွဲပြီး ခေါ်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို တဦးချင်း ခေါ်ထုတ်လာကြတာဖြစ်ပြီး ချင်းရိုင်ဆေးရုံကို ဆေးရုံကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ တဆင့်ချင်း သယ်ဆောင်သွားတာ ဖြစ်ပါတယ်။ မီဒီယာတွေ အနေနဲ့ အနီးကပ် သတင်းယူခွင့် မရှိတာကြောင့် ဂူအပြင်ကို ခေါ်ထုတ်လာတဲ့ ပုံစံကိုတော့ မသိရပါဘူး။ အများကလည်း မေ့ဆေးထိုးပြီး သယ်လာတာလား၊ ဘယ်လိုနည်းနဲ့ သယ်လာတာလဲဆိုတာ သိချင်နေကြပါတယ်။ ထိုင်း အာဏာပိုင်တွေ စိုးရိမ်တဲ့ အချက်ထဲမှာ ဒီအချက်လည်း ပါဝင်နိုင်ပါတယ်။ တောဝက် အသင်းသားတွေကို ချင်းရိုင်းဆေးရုံ သယ်ဆောင်သွားစဉ် – (ဓာတ်ပုံ – သော်ဟိန်းထက်၊ ဧရာဝတီ) ထိုင်း အာဏာပိုင်တွေကလည်း သယ်ထုတ်လာပုံနဲ့ ပတ်သက်ပြီး အခုအချိန်အထိ လူထုကို တိတိကျကျ ချမပြသေးပါ ဘူး။ အများကတော့ အိပ်ဆေး၊ ဒါမှမဟုတ် မေ့ဆေးထိုးပြီး ရေလုံတဲ့ အထုပ်နဲ့ သယ်ထုတ်လာတယ်လို့ ယူဆနေကြပါ တယ်။ ဆေးရုံ ကားပေါ်ကနေ ရဟတ်ယာဉ်ပေါ်တင်တဲ့ အချိန် ဧရာဝတီက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ အဝါရောင် အထုပ်နဲ့ ထုတ်ပိုးလာတာကို တွေ့မြင်ရပါတယ်။ ဂူထဲကနေ ဘယ်သူ အရင်ထွက်မယ် ဆိုတာ ဘယ်သူ စီစဉ်တာလဲ တောဝက် အသင်းသားတွေကို လိုဏ်ဂူထဲက ထုတ်တဲ့အခါမှာ ဘယ်သူတွေကို အရင်ထုတ်၊ ဘယ်သူတွေကို နောက် ဆုံး မှ ထုတ်မယ်ဆိုပြီး အာဏာပိုင်တွေနဲ့ ဆရာဝန်တွေ စီစဉ်ခဲ့တယ်လို့ အများကထင်ခဲ့ကြပေမယ့် တကယ်တမ်း ဂူ အပြင်ကို ဘယ်သူ အရင်ထွက်မလဲ ဆိုတာက တောဝက် အသင်းသားတွေ ကိုယ်တိုင်စီစဉ်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ တောဝက် အသင်းသားတွေက သူတို့ကို ဂူထဲကနေ ကယ်ထုတ်လာချိန်မှာ တခြားလူတွေလို ရေရှိတဲ့ နေရာတွေမှာ ကူးခတ်ပြီး ရေမရှိတဲ့ နေရာတွေမှာ လမ်းလျှောက်လာရမယ်လို့ ထင်ထားပုံရပါတယ်။ ရေတပ်က သူတို့ကို ဘယ်လိုပြောထားတယ် မသိပေမယ့် သူတို့ကတော့ ဂူဝရောက်ရင် ရပ်ထားခဲ့တဲ့ စက်ဘီးတွေကို စီးပြီး ပြန်မယ်လို့ ဆုံးဖြတ်ထားတာပါ။ သတင်းစာရှင်းလင်းပွဲ အပြီးမှာ ချင်းရိုင်ခရိုင်ဝန်အသစ်နဲ့ အတူတွေ့ရတဲ့ တောဝက်အသင်းသားများ (ဓာတ်ပုံ – PR-Department) ဒါနဲ့ပတ်သက်ပြီး အသင်း လက်ထောက်နည်းပြ နိုင်အေကဖွန် ကျန်ထဝုန်က သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ရှင်းပြ ထားပါတယ်။ “ဂူထဲကနေ ထွက်ဖို့ ကိစ္စမှာ များသောအားဖြင့် ကျနော်နဲ့ ရေငုပ်သမားတွေနဲ့ ပြောဖြစ်တာက ဘယ်သူ့ကို အရင်ထုတ် မလဲ။ အားလုံးကပြန်ပြောတာက ဘယ်သူပဲအရင်ထွက်ထွက် ရတယ်ဆိုပြီး ပြောကြတယ်။ အဲဒီ အချိန်တုန်းက ကျနော် စဉ်းစားမိပြီး ပြောဖြစ်တာကတော့ အိမ်ဝေးတဲ့လူတွေ အရင်ထွက် သူတို့က တအားဝေးတယ်။ သူ့အိမ်က တကယ်ပဲ ဝေး တယ်။ တကယ်လို့ အဲဒီလူတွေ ထွက်သွားလို့ရှိရင် ဂူရှေ့မှာ ရပ်ထားတဲ့ စက်ဘီးနင်းပြီး အိမ်ပြန်ကြမယ်” “အဲဒီလိုပြန်သွားတဲ့ အချိန်မှာ ညီငယ်တွေက မှာလိုက်တာက အိမ်က မိသားစုဝင်တွေကို သွားပြီးပြောပြပေး၊ မနက်ဖြန် ကြလို့ရှိရင် သူတို့ ထပ်ထွက်လာမယ်။ နောက်တခု ထပ်ပြောလိုက်တာက ထမင်းဟင်းတွေ ထုပ်လာပြီးတော့ ဂူရှေ့မှာ လာစောင့်နေဖို့ မှာလိုက်တယ်။ ကျနေ်ာတို့ထဲက ကျန်းမာ သန်စွမ်းသူတွေ အရင်ဦးစားပေးထွက် ဆိုတာမျိုး မရှိခဲ့ပါ ဘူး။ အများဆုံးကတော့ ညီငယ်တွေရဲ့ စိတ်သဘောဆန္ဒအရ လုပ်တာပါ။ အရင်ဆုံး ထွက်တဲ့လူတွေကို ကျန်းမာရေး ကောင်းတဲ့အကြောင်း၊ အေးအေး ဆေးဆေးဖြစ်တဲ့ အကြောင်းနဲ့ ရေငုပ်သမားတွေ ကြည့်ရှု စောင့်ရှောက်နေကြောင်း မှာလိုက်တယ်” ဆေးရုံမှာ ဆေးကုသအပြီးတွေ့ရတဲ့ တောဝက်အသင်းသားများ (ဓာတ်ပုံ – PR-Department) “ဂူထဲက ဘယ်သူ အရင်ထွက်မလဲဆိုတာ လက်မြှောက်ကြတယ်။ လူများနေတာ တွေ့ရင် လက်ချလိုက်ကြတယ်။ ညီငယ် အများစုကတော့ ရေငုပ်သမားတွေနဲ့ တအားခင်သွားပြီး သူတို့နဲ့နေရတာ တအားပျော်နေကြပြီ။ အဲဒီအချိန်မှာ ညီငယ်တွေ မထွက်ချင်ကြတာကတော့ ရေငုပ်သမား အစ်ကိုကြီးတွေနဲ့ တအား ရင်းနှီးနေလို့ ဖြစ်ပါတယ်”လို့ အသင်း လက်ထောက် နည်းပြက ရှင်းပြ ပါတယ်။ တောဝက် အသင်းသား ၁၁ ဦးနဲ့ လက်ထောက်နည်းပြတို့ဟာ ဆေးရုံကဆင်းအပြီးမှာ သူတို့ကို ကယ်ဖို့ကြိုးစားရင်း သေဆုံး သွားတဲ့ ဆမန်ခူနန် အတွက် သာသနာ့ဘောင် ဝင်ခဲ့ကြပါတယ်။ အိုက်လူကတော့ ခရစ်ယာန် ဘာသာဝင် ဖြစ် တဲ့ အတွက် မယ်ဆိုင်မြို့ပေါ်က Mae Sai Grace Church မှာပဲ ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ သမိုင်းဝင်မယ့် ထမ့်လုံ လိုဏ်ဂူ ထိုင်း အစိုးရကတော့ ဒီကယ်ဆယ်ရေးဟာ တကမ္ဘာလုံးက အမှတ်ရနေစေမယ့် သမိုင်းဝင် အောင်ပွဲလို့ ဂုဏ်ယူ ဝံ့ကြွား စွာ ပြောလိုက်ပါတယ်။ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သူတွေကိုလည်း သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။ အမြော်အမြင်ကြီးတဲ့ ထိုင်းအစိုးရဟာ ဒီလိုဏ်ဂူကို နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်နိုင်အောင် ကယ်ဆယ် ရေးမှာ ပါဝင်ကြတဲ့သူတွေရဲ့ ပုံတွေကို ရေးဆွဲပြီး ဂူရှေ့မှာ ထားဖို့ လုပ်ဆောင်နေပါတယ်။ တောဝက်အသင်းသားတွေ ကယ်ဆယ်ရေးမှာ ပါဝင်တဲ့သူတွေကို ပန်းချီဆရာ အယောက် ၃၀၀ နဲ့ရေးဆွဲထားတဲ့ The Heroes ပန်းချီကား (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) ပန်းချီဆရာ အယောက် ၃၀၀ နဲ့ ရေးဆွဲထားတဲ့ အဲဒီပန်းချီကားကြီးကို The Heroes လို့ အမည် ပေးထားပါတယ်။ ထမ့်လုံ လိုဏ်ဂူ ကိုလည်း Tourism လုပ်ဖို့ ပြင်ဆင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ The Heroes ပန်းချီကားကြီးရဲ့ ထိပ်ဆုံးမှာ မြန်မာနိုင်ငံက မိုင်းဖုန်း ဆရာတော်ရဲ့ပုံကိုလည်း တွေ့မြင်ရမှာဖြစ်ပါ တယ်။ တောဝက်အသင်းသားတွေ ကယ်ဆယ်ရေးမှာ ပါဝင်တဲ့သူတွေကို ပန်းချီဆရာ အယောက် ၃၀၀ နဲ့ရေးဆွဲထားတဲ့ The Heroes ပန်းချီကား (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) တောဝက် အသင်းသားတွေ ဂူထဲပျောက်စဉ်တုန်းက ကလေးတွေ ဒီလိုဖြစ်ရတာ အသင်း လက်ထောက်နည်းပြ ကြောင့် ဆိုပြီး ပြစ်တင်ရှုတ်ချမှုတွေ ခံခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် နိုင်အေကဖွန် ကျန်ထဝုန် လည်း သူရဲကောင်း တဦးအဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။ သူ့ကို အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိခဲ့ကြသေးခင်က အပြစ်တင်မှုတွေ ရှိခဲ့ပေမယ့် ကလေးတွေကို ပြန် တွေ့လိုက်ရတဲ့ အချိန်မှာတော့ အားလုံးကို အသက်ရှင်လျက် ရှိနေနိုင်အောင် ထိန်းကျောင်း ပေးနိုင်သူဆိုတာ သိလိုက် ရတဲ့ အချိန်မှာတော့ နိုင်အေကဖွန် ကျန်ထဝုန် ဟာ ချက်ချင်း သူရဲကောင်းတဦး အဖြစ် ထိုင်းတနိုင်ငံလုံးက ဂုဏ်ပြုခဲ့ ကြပါတယ်။ တောဝက်အသင်းသားတွေ ကယ်ဆယ်ရေးမှာ ပါဝင်တဲ့သူတွေကို ပန်းချီဆရာ အယောက် ၃၀၀ နဲ့ရေးဆွဲထားတဲ့ The Heroes ပန်းချီကား (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) လွန်ခဲ့တဲ့လက စည်ကားနေတဲ့ ထမ့်လုံ လိုဏ်ဂူကြီးနဲ့ ဒဏ္ဍာရီဆန်တဲ့ မင်းသမီး လဲလျောင်းနေတဲ့ ပုံသဏ္ဌာန် တောင် တန်း ကြီးဟာ လတ်တလောမှာ တိတ်ဆိတ် သွားပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပြည်တွင်း၊ ပြည်ပ က လာရောက် လည်ပတ်သူတွေနဲ့ စည်ကားလာတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် အံ့အားသင့်ဖွယ် မရဏလမ်းကနေ အံတုရုန်းထွက်လာနိုင်ခဲ့တဲ့ တောဝက် အသင်းသားတွေဟာ လိုဏ်ဂူ ထဲ ကို မဝင်ခင်က ခန္ဓာကိုယ်တွေကို ပြန်လည် ပိုင်ဆိုင်နေကြပါပြီ။ ဆေးရုံကဆင်းပြီး မီဒီယာနဲ့ ပထမဆုံး ရှင်းလင်းပွဲမှာ ကျန်းကျန်းမာမာ ပြန်တွေ့ရတဲ့ တောဝက်အသင်းသားတွေ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ) အနာဂတ်မှာတော့ သူတို့ ၁၃ ဦးလုံး ဟာ ကမ္ဘာသိ ထင်ရှားခဲ့တဲ့ ထမ့်လုံ လိုဏ်ဂူကြီးနဲ့ အတူ သမိုင်းဝင် မှတ်တမ်းထဲမှာ ထူးဆန်းတဲ့ လူသားတွေ အဖြစ် ရှိနေမှာ အသေအချာပါ။ ။ The post ထမ့်လုံလိုဏ်ဂူ မရဏလမ်းမှ လွတ်မြောက်ခဲ့သူများ appeared first on ဧရာဝတီ.
Source : https://ift.tt/2OMAe0a
via IFTTT

No comments:

Post a Comment