Saturday, August 18, 2018


ခွေးလေခွေးလွင့်တွေက တကယ့်ပြဿနာ မြို့ပြမှာဆို မြို့ပြရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်ဖို့လိုသလို ကျေးလက်မှာဆိုရင်လည်း ကျေးလက်ရဲ့ အင်္ဂါရပ်နဲ့ ညီဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်မှာရော၊ မြို့ပြမှာပါ အရုပ်ဆိုးအကျည်းတန်စေတဲ့ထဲ ခွေးလေခွေးလွင့်တွေပြဿနာလည်း ပါဝင်ပါ တယ်။ တနေ့တခြား များပြားလာနေတဲ့ ခွေးလေခွေးလွင့်တွေဟာ လူတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေ ပါတယ်။ ဒီရက်ပိုင်းအတွင်း ပြည်သူတွေကြား ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းတပုဒ်ကတော့ ခွေးတွေဝိုင်းကိုက်လို့ ၄ နှစ်အရွယ် ကလေးတယောက်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပါ။ ခွေးကိုက်ခံရလို့ ခွေးရူးပြန်ရောဂါရပြီးသေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေကြားသိခဲ့ရဖူးပေမယ့် ခွေးလေခွေးလွင့်တွေကိုက်လို့ အသက်သေဆုံးရတာဟာ ဒါ ပထမဦးဆုံးအကြိမ်ဖြစ်ပါ တယ်။ သြဂုတ် ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာ “မဖူးဝေအောင်” ဆိုတဲ့ အသက် ၄ နှစ်အရွယ်ကလေးမလေးဟာ ခွေးလေခွေးလွင့် ၅ ကောင်ထက်မနည်း ဝိုင်းကိုက်ခံရလို့ သေဆုံးခဲ့ရရှာပါတယ်။ ကလေးမလေးဟာ ဦးခေါင်းတခုလုံး စုတ်ပြဲပြီး ပွန်းခြစ်ဒဏ်ရာတွေရရှိပြီး တကိုယ်လုံးမှာပါ ခွေးကိုက်ဒဏ်ရာရခဲ့တာပါ။ တွေ့ရှိသူတွေက “သင်းတော်” တိုက်နယ်ဆေးရုံကို တင်ပို့ခဲ့ပေမယ့် အသက်ဆုံးရှုံးခဲ့ရတာကြောင့် ခွေးလေခွေးလွင့်ကိစ္စကို ဒီအတိုင်း ကြည့်နေတော့မှာလားလို့ မေးခွန်းထုတ်သူ အများအပြား ရှိလာခဲ့ပါတယ်။ ကလေးတယောက်အခုလို အသက်ဆုံးရှုံးရတာဟာ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ တခုခုဖြစ်တိုင်း ခွေးတွေက ပိုင်ရှင်မဲ့ဖြစ်နေတတ်ပြီး တာဝန်ယူဖြေရှင်းသူလည်း မရှိပါဘူး။ ဒါပေမယ့် အကောင်ရေ သိန်းချီရှိနေတဲ့ မြန်မာတနိုင်ငံလုံးက ခွေးလေခွေးလွင့်တွေကို အစာကျွေးသူတွေ ရှိနေတာကလည်း အံ့သြစရာပါ။ တခြားမကြည့်ပါနဲ့ လူဦးရေ ၇ သန်းနီးပါးရှိတဲ့ ရန်ကုန်မှာတောင် မြို့တွင်းမြို့နယ်တွေမှာရော၊ ဆင်ခြေဖုံးမြို့နယ်တွေမှာပါ ခွေးကောင်ရေ အနည်းဆုံး ငါးသောင်းဝန်းကျင်ရှိပါတယ်။ တချို့မြို့နယ်တွေမှာ ခွေးလေခွေးလွင့်တွေဟာ အုပ်စုဖွဲ့ကျက်စားပြီး မြင်မြင်သမျှ ရန်ပြုပါတယ်။ ဝေးဝေးမဆိုထားနဲ့ ရန်ကုန်ဆေးရုံကြီးအနီးတဝိုက်မှာတောင် ခွေးလေခွေးလွင့် အများအပြား တွေ့နိုင်ပါတယ်။ မြို့လယ်ခေါင်လို့ခေါ်နိုင်တဲ့ အောင်ဆန်းအားကစားကွင်းတဝိုက်၊ ဗိုလ်ချုပ်လမ်းမပေါ်၊ ပန်းဆိုးတန်းလမ်း အနီးတဝိုက်မှာလည်း တွေ့နိုင်ပါတယ်။ တဖက်က ခွေးချစ်သူတွေက ခွေးလေခွေးလွင့်တွေကို မရှင်းလင်းသင့်ဘူး၊ သူတို့မှာလည်း အသက်နဲ့ပဲလို့ အမြဲ အကြောက်အကန် ပြောဆိုကြတာရှိပါတယ်။ စည်ပင်ကနေ အဆိပ်ချ ရှင်းလင်းတော့မယ်ဆိုတဲ့ သတင်းကြားရရင် တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီး အော်ကြပြန်ပါတယ်။ ကရုဏာရှင်၊ မေတ္တာရှင် ခံယူချင်သူတွေကလည်း ကိုယ့်အိမ်မှာပိုနေတဲ့ စားကြွင်းစားကျန်တွေကို ကြွပ်ကြွပ်အိတ်တွေနဲ့ ထုပ်ပြီး လူသွားလာနေတဲ့ ပလက်ဖောင်းပေါ် ခွေးစာချကျွေးပါတယ်။ အဲဒီလိုကျွေးတဲ့သူတွေရှိတော့ ခွေးတွေကလာ၊ ခွေးတွေကလာလို့ လူတွေကကျွေးဆိုပြီး သံသရာလည်နေတာပါ။ ကျွေးပြီး ရင်လည်း ကျွေးသူတွေက ဖုတ်ဖက်ခါ ပြန်သွားပြီး ခွေးအချင်းချင်း ကိုက်ကြ၊ လုကြ ဟောင်ကြတာကို အနီးပတ်ဝန်းကျင်က လူတွေက ဒုက္ခခံရပါတယ်။ ပိုဆိုးတာက ပလက်ဖောင်းပေါ်ချကျွေးတာဖြစ်လို့ လမ်းသွားလမ်းလာတွေမှာ လမ်းဆက်လျှောက်လို့ မရအောင်အထိ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ လမ်းပေါ်မှာ ခွေးစာကျွေးတာဟာ စည်ပင်ဥပဒေအရ တရားဝင် ခွင့်ပြုထားတာ မဟုတ်ပါဘူး။ အဲဒီလို ကျွေးသူတော်တော် များများရဲ့ ဆင်ခြေက “ကုသိုလ်ရချင်လို့” သနားလို့ ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ခွေးလေခွေးလွင့်တွေက ယိုချတဲ့ ခွေးချေးကိုတော့ သနားလို့ ဆိုပြီး ကျုံးသူမရှိပါဘူး။ အဲဒီတော့ လမ်းပေါ်မှာ ခွေးချေးတွေက ဟိုတပုံ၊ သည်တပုံ၊ ခွေးသောက်ဖို့ လုပ်ထားတဲ့ ရေထည့်တဲ့ခွက်တွေနဲ့ တော်တော်ကြည့်ရဆိုးပါတယ်။ စည်ပင်က ရှင်းမယ်ဆိုရင် တချို့သူတွေက သူတို့အိမ်ထဲမှာ ခွေးတွေကို ဝှက်ပေးထားပါတယ်။ ကျမရဲ့ အတွေ့အကြုံအရပြောရရင် ကန်တော်လေး ၉၁ လမ်း ကျီတော်နဲ့ မဟာသုခလမ်းထောင့်နဲ့ တောင်လုံးပြန်ရပ်ကွက် တွေမှာ နေထိုင်ခဲ့စဉ်တုန်းက ခွေးလေခွေးလွင့်တွေရဲ့ ဒဏ်ကို တော်တော်ခံခဲ့ရပါတယ်။ ကျီတော်နဲ့ မဟာသုခလမ်းထောင့်မှာ ဆိုရင် ဖြတ်သွားဖြတ်လာတွေမှာ အထုပ်တွေကိုင်လာရင် တချို့ခွေးတွေက အထုပ်ကိုပါ လိုက်ဆွဲပါတယ်။ ည ၁၀ နာရီကျော် သွားရင် ခွေးတွေပိုများလာပြီး အနည်းဆုံး အကောင် ၂၀ ကျော်ထိ ရှိပါတယ်။ တောင်လုံးပြန်ရပ်ကွက်မှာနေထိုင်ခဲ့စဉ်က ခွေးလေခွေးလွင့်တွေရဲ့ အူသံ၊ ဟောင်သံကြောင့် ကျမမှာ ညစဉ်ညတိုင်း အိပ်ရေးပျက်ခဲ့ရပါတယ်။ မိုးရွာတဲ့ညတွေဆို ခွေးတွေက တိုက်အဝင်အထွက်တံခါးကိုပါ ရအောင်ဖွင့်ပြီး တက်လာတာတောင် ရှိပါတယ်။ ကလေးတချို့လည်း ခွေးကိုက်တာ ခံရဖူးပါတယ်။ ဒါပေမယ့် ကျမအထက်ကပြောခဲ့သလိုပဲ စည်ပင်က ရှင်းလင်းမယ်ဆိုရင် ခွေးချစ်သူတွေက ဝှက်ပေးထားလို့ ထိထိရောက်ရောက် မဖြစ်ပါဘူး။ ခွေးကိုက်ခံရရင်တော့ ကိုက်ခံရသူတွေကသာ ကိုယ့်စရိတ်နဲ့ကိုယ် ခွေးရူးပြန်ကာကွယ်ဆေးထိုးရပြီး ပိုင်ရှင်မပေါ်တော့ပါဘူး။ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ထွက်နေတဲ့ ရန်ကုန်အပါအဝင်မြို့တွေမှာ ခွေးတွေရဲ့ ခွေးချေးတွေဟာ နိုင်ငံရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်။ လမ်းပေါ်က ခွေးလေခွေးလွင့်တွေကို အံ့သြလွန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ကို ကျမကိုယ်တိုင်တွေ့ဖူးပါတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း အနံ့အသက်မကောင်းတာမို့ ကျန်းမာရေးအတွက် ထိခိုက်စေပါတယ်။ ဒီလိုပြောဖို့ ခွေးအားလုံးကို အဆိပ်ကျွေးသတ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အရေးကြီးတာက ခွေးလေခွေးလွင့်ကောင်ရေကို ထပ်မတိုးအောင် ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရပါမယ်။ ပြီးရင် မြို့နယ်၊ ကျေးရွာအုပ်စု တခုချင်းစီအလိုက် ခွေးလေခွေးလွင့်ကောင်ရေစာရင်းကို ကောင်ယူရပါမယ်။ သူ့အလှည့်နဲ့သူ ခွေးတွေကို ခွေးရူးပြန် ကာကွယ်ဆေးထိုးနှံပေးရမှာဖြစ်သလို ခွေးမတွေကို သန္ဓေတားဆေးထိုးပေးခြင်း၊ ခွေးထီးတွေကို သင်းကွပ်ခြင်းတွေ ပြုလုပ်ပေးရပါမယ်။ ခွေးချစ်သူတွေအနေနဲ့ တကယ်ချစ်ရင်၊ ကြင်နာရင် ကိုယ့်ရန်ပုံငွေနဲ့ကိုယ် ခွေးစောင့်ရှောက်ရေး ဂေဟာတွေ တိုးချဲ့ ဆောက်လုပ်ပြီး အဲဒီမှာ စောင့်ရှောက်ထားတာ အကောင်းဆုံးပါ။ ဒါ့အပြင် ခွေးစောင့်ရှောက်ရေး အကြောင်းပြုပြီး လုပ်စား တာမျိုး၊ ခွေးတွေဘက်က ဆတ်ဆတ်ခါနာပြပြီး လူ့အသက်ကို ဂရုမထားသယောင် ပြောဆိုတာမျိုး မပြုလုပ်သင့်ပါဘူး။ အစိုးရဘက်ကလည်း ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ပြည်သူတွေကို ပညာပေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ရရှိလာတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး စည်ပင်အနေနဲ့ ခွေးလေခွေးလွင့်တွေကို ကာကွယ်ဆေးထိုးပေးတာ၊ သန္ဓေတားတာတွေ ပြုလုပ်ပေးရပါမယ်။ တချို့မြို့နယ်တွေမှာ ပြုလုပ်ပေးနေတာတော့ ရှိပါတယ်။ ခွေးစာကျွေးတဲ့ စည်းကမ်း မဲ့သူတွေကို စည်ပင်ဥပဒေအရ ပြတ်ပြတ်သားသား ဒဏ်ရိုက်အရေးယူရပါ့မယ်။ “ခွေးရူးပြန်ရောဂါဖြစ်လာရင် အသက်သေဆုံးမှာ သေချာပြီး ကာကွယ်လို့ပဲ ရပါတယ်။ ဒီရောဂါဟာ Rabies Virus လို့ခေါ်တဲ့ ဗိုင်းရစ်ကြောင့် ဖြစ်ရပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ခွေးရဲ့ သွားနဲ့ ကုတ်ခြစ်မိတာ၊ အကိုက်ခံရတာ၊ သွားရည်နဲ့ ထိမိတာတွေ ကနေ လူကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတာကနေ ခွေးရူးပြန်ရောဂါလက္ခဏာပြချိန်ဟာ နှစ်ချီပြီး ကြာမြင့်နိုင် ပေမယ့် ဖြစ်လာရင် သေဆုံးမှာပါပဲ။ မြန်မာနိုင်ငံမှာ လူတသန်းမှာ ခွေးရူးပြန်ရောဂါကူးစက်ခံရသူဟာ နှစ်ဆယ်ကျော်အထိ ရှိပြီး နှစ်စဉ်ခွေးရူးပြန်ရောဂါကြောင့် လူငါးရာကနေ တထောင်ကြားထိ သေဆုံးနေပါတယ်။ ” ရခဲလှတဲ့ လူ့ဘဝမှာ အသက်ထက် တန်ဖိုးကြီးတာ ဘာမှမရှိပါဘူး။ ဒါကြောင့် “လူ့အသက်” ဟာ “ခွေးအသက်” ထက် အများကြီး တန်ဖိုးပိုရှိပါတယ်။ ခွေးရူးပြန်ရောဂါဖြစ်ပွားမှု့လျော့ကျဖို့၊ ခွေးလေခွေးလွင့်မျိုးပွားမှု ထိန်းချုပ်ဖို့၊ စည်းကမ်းမဲ့ ခွေးစာကျွေးမှုကို အရေးယူဖို့ အဖြေရှာဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။ (သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။) The post ခွေးလေခွေးလွင့်တွေက တကယ့်ပြဿနာ appeared first on ဧရာဝတီ.
Source : https://ift.tt/2MiOD7r
via IFTTT

No comments:

Post a Comment