ပထမဆုံး ၁ ထရီလျံ ဒေါ်လာတန် U.S ကုမ္ပဏီအဖြစ် သမိုင်းဝင်သွားတဲ့ Apple Apple ဟာ သြဂုတ်လ ၂ ရက်နေ့မှာ ပထမဆုံး ၁ ထရီလျံဒေါ်လာတန်ကြေးရှိ အများပိုင် U.S ကုမ္ပဏီအဖြစ် မှတ်တမ်း ရေးထိုးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ Apple ဟာ တတိယသုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာမှာ Wall Street က မျှော်မှန်းထားတာထက် ရလဒ်တွေ ကောင်းမွန်ခဲ့တာကြောင့် ရှယ်ယာတန်ဖိုးတွေ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာထုတ်ပြန်ပြီး နောက်ထပ် ၂ ရက်အကြာ၊ ကြာသပတေးနေ့ အရောက်မှာတော့ Apple ရဲ့ စတော့ရှယ်ယာ တစုတန်ဖိုးဟာ ၂၀၇ ဒဿမ ၀၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး၊ ကုမ္ပဏီရဲ့ ဈေးကွက် တန်ကြေးကလည်း ၁ ထရီလျံ အမှတ်ကို ကျော်လွန်သွားခဲ့တာပါ။ အခုဆိုရင် Apple ရဲ့ စတော့ဈေးကွက်တန်ဖိုးဟာ UK ရဲ့ GDP တန်ဖိုးစုစုပေါင်း သုံးပုံတပုံပါ ကျော်လွန်နေပြီ ဖြစ်ပြီး၊ တူရကီနဲ့ ဆွစ်ဇာလန်နိုင်ငံ တနိုင်ငံချင်းစီရဲ့ GDP ထက်ကို များပြားနေပြီ ဖြစ်ပါတယ်။ Apple ထက် အရင် ၁ ထရီလျံ ဒေါ်လာတန် ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံခဲ့ရတာကတော့ တရုတ်အခြေစိုက် PetroChina ကုမ္ပဏီ ဖြစ်ပါတယ်။ PetroChina ဟာ ၂၀၀၇ ခုနှစ်မှာ IPO စတင်ထုတ်ရောင်းပြီး ကမ္ဘာ့ပထမဆုံး ၁ ထရီလျံတန် အများပိုင် ကုမ္ပဏီအဖြစ် ရောက်ရှိခဲ့ပေမယ့်၊ ကုမ္ပဏီရှယ်ယာ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကိုသာ စတော့ဈေးကွက်တွင်း အများပြည်သူကို ထုတ်ရောင်းခဲ့တာကြောင့် ကုမ္ပဏီဈေးကွက်တန်ဖိုးအပေါ် အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။ သေချာတာတခုကတော့ Apple ဟာ လက်ရှိမှာ ၁ ထရီလျံတန်ကြေးရှိတဲ့ တခုတည်းသော အများပိုင် ကုမ္ပဏီ ဖြစ်ပြီး၊ အမေရိကန်ရဲ့ ပထမဆုံး ၁ ထရီလျံတန် ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် အချိန်အတွင်းမှာ တခြား အမေရိကန် ကုမ္ပဏီတွေလည်း ဒီစာရင်းမှာ ပါလာတော့မှာပါ။ Apple ပြီးနောက် ၁ ထရီလျံတန်ကြေးရှိ ကုမ္ပဏီဖြစ်ဖို့ နီးကပ်နေတဲ့ ကုမ္ပဏီတွေကတော့ အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးတွေပဲဖြစ်တဲ့ Amazon, Alphabet (Google) နဲ့ Microsoft တို့ ဖြစ်ပါတယ်။ Ref: Fortune, Tech Crunch, The Guardian The post ပထမဆုံး ၁ ထရီလျံ ဒေါ်လာတန် U.S ကုမ္ပဏီအဖြစ် သမိုင်းဝင်သွားတဲ့ Apple appeared first on ဧရာဝတီ.
Source : https://ift.tt/2vdZ95j
via IFTTT
No comments:
Post a Comment