Monday, August 8, 2016

7Day News Journal

မက္ကဆီကိုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၄၀ နီးပါးသေဆုံး =============== မက္ကဆီကို နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၄၀ နီးပါးထိ မြင့်တက်လာကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မက္ကဆီကို နိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားသည့် အပူပိုင်းမုန်တိုင်း အားလ်ကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများပါ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်း ဒေသများတွင် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးများက ဆိုသည်။ ပျူဘလာ ပြည်နယ်မှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရသည့် ဒေသဖြစ်ပြီး ၂၈ ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဗီရာခရုဇ်တွင် သေဆုံးသူ ၁၀ ဦးထိ ရှိခဲ့ပြီး အသေအပျောက် အရေအတွက် တိုးလာနိုင်ကြောင်း သိရသည်။ အစောပိုင်းတွင် မက္ကဆီကို အစိုးရက မုန်တိုင်းကြောင့် သေဆုံးသူ ၆ ဦးသာရှိကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။ အားလ် မုန်တိုင်းသည် ဘီလစ်ဇီ နိုင်ငံကို Category One အဆင့် ဟာရီကိန်း မုန်တိုင်းအနေဖြင့် ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး မက္ကဆီကိုသို့ ဆိုက်ရောက်ချိန်တွင် အပူပိုင်းမုန်တိုင်း အဆင့်ထိ အားလျော့သွားခဲ့သည်။ ဟာရီကိန်းအဆင့် လေတိုက်နှုန်းဖြင့် တိုက်ခတ်နေစဉ် အတောအတွင်း ကာရေဘီယန် ပင်လယ်ပြင်ရှိ ဒေသတွင်း နိုင်ငံများတွင် ကြီးမားသည့် အပျက်အစီး အထိအခိုက်များလည်း ဖြစ်ပေါ်ခဲ့သည်။ မက္ကဆီကို အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ သေဆုံးသူ အများစုသည် ပျူဘလာရှိ ဟွာချီနန်ဂိုမြို့မှ ဖြစ်ကြပြီး နေအိမ်များပေါ် ရွှံ့ချပ်များ ပြိုကျပြီး ဖုံးအုပ်သွားရာမှ အသက်ဆုံးရှုံးကြခြင်းဟု သိရသည်။ ဟွာချီနန်ဂိုမြို့ အနီးရှိ ကျေးရွာငယ် တစ်ခုတွင် နေအိမ် အားလုံးနီးပါး မြေပြိုမှုများကြောင့် ရွှံ့နွံများအောက် နစ်မြုပ်သွားခဲ့သည်။ မုန်တိုင်းမှာ ကုန်းတွင်းဝင်ရောက်ပြီး အရှိန်သေသွားပြီ ဖြစ်သော်လည်း ဒေသတွင်းတွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမည်ဟု မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။ အားလ်မုန်တိုင်း ဖြတ်သန်းမှုကြောင့် ဟေတီနှင့် ဒိုမီနီကန် သမ္မတနိုင်ငံများတွင်လည်း ရာသီဥတု ပြင်းထန် ဆိုးရွားသော အခြေအနေများနှင့် တွေ့ကြုံခဲ့ရသည်။ Ref: AFP
Source : http://ift.tt/2aOqMWv
via IFTTT

No comments:

Post a Comment