Saturday, August 13, 2016


ပါကစ္စတန်တွင် မွေးကင်းစ ကလေးများ ခိုးယူရောင်းချနေသည့် ဆေးရုံဝန်ထမ်းများကို ဖမ်းဆီး ပက်ရှဝါ၊ သြဂုတ် ၁၃ ပါကစ္စတန်နိုင်ငံတွင် မွေးကင်းစ ကလေးများကို ခိုးယူရောင်းချနေသည့် ဆေးရုံဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ယင်းဆေးရုံဝန်ထမ်းများသည် အကောင်းပကတိ ကျန်းမာစွာ မွေးဖွားလာသော မွေးကင်းစ ကလေးငယ်များကို မွေးကင်းစ ကလေးအသေများ၏ အလောင်းများနှင့် လဲလှယ်ပြီး မိဘများကို ကလေးအသေလေး မွေးဖွားကြောင်း လိမ်လည် ပြောဆိုကာ ကလေးများ ခိုးယူနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ခိုးယူပြီးနောက်တွင် ကလေးများကို ကလေးမရှိသည့် ဇနီးမောင်နှံများထံ ရူပီး ၇၀၀၀၀ မှ ၃၀၀၀၀၀ ခန့် အထိဖြင့် ရောင်းစားလေ့ရှိသည်။ ကလေးခိုးယူခံရမှုနှင့် ပတ်သက်ပြီး အခြားသော တိုင်ကြားမှုများလည်း အများအပြား လက်ခံ ရရှိထားကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောကြားသည်။ ၎င်းတို့အနေဖြင့် ကျန်းမာသန်စွမ်းသည့် ကလေးကို မွေးဖွားခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ၎င်းတို့၏ ကလေး သေဆုံးသွားပြီဟု ဆေးရုံဝန်ထမ်းများက လာပြောသည်များနှင့် ကြုံရကြောင်း အမျိုးသမီး အချို့ကလည်း ပြောကြားသည်။ ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးမိသူများမှာ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂ ဦး ဖြစ်ပြီး သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းနှင့် ကလေးများကို ရောင်းချပေးသည့် ပွဲစားများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကလေးသူခိုး ဂိုဏ်းသည် မွေးကင်းစကလေး ၉ ဦးအထိ ရောင်းချခဲ့ပြီး ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားသည်။
Source : http://goo.gl/8lNsfU
via IFTTT

No comments:

Post a Comment