အချိန်ရှစ်လနီးပါး ကျန်ပါသည်။ နီးစပ်ရာဖုန်းဆိုင်တွင် သင့်ဖုန်းထဲရှိ ဆင်းကတ်များကို မှတ်ပုံတင်လိုက်ပါ။ နောက်ဆုံးရက်မှာ လာမည့် ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဖြစ်သည်။ ဖော်ပြပါရက်တိုင်အောင် ဆင်းကတ်များကို မှတ်ပုံမတင်ပါက သုံးစွဲခွင့်ယာယီ ပိတ်ပင်ခံရမည် ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ဆင်းကတ်များ မှတ်ပုံတင်ရန် ဩဂုတ်လ ၁ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။ ဆင်းကတ်များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကတ်၊ ယာဥ်မောင်းလိုင်စင်ကဲ့သို့ အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုး၊ ယင်းကတ်ပြား၏ မိတ္တူတစ်စောင်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ လိုအပ်သည်။ နိုင်ငံခြားသားများအတွက်မူ ပတ်စ်ပို့နံပါတ် လိုအပ်သည်။ မှတ်ပုံတင်လျှောက်ပြီးသား ဆင်းကတ်များကို လက်လွှဲရောင်းချ၍ဖြစ်စေ သို့မဟုတ် သုံးစွဲသူ၏ အချက်အလက်များ မှန်ကန်စေရန် ထည့်သွင်းမည်ဆိုပါက သက်ဆိုင်ရာ အော်ပရေတာနှင့် ဆက်သွယ်၍ မှတ်ပုံတင်ရန် လိုအပ်သည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။ အဘယ့်ကြောင့် ဆင်းကတ်များကို မှတ်ပုံတင်ရသနည်း။ ဆင်းကတ်များကို မှတ်ပုံတင်ရခြင်း အတွက် အကြောင်းရင်း သုံးချက်ရှိသည်။ အများပြည်သူလုံခြုံရေး အတွက် ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်။ Mobile Banking, Mobile Money နှင့် Online Shopping လုပ်ငန်းများတွင် ဖုန်းအသုံးပြု၍ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရန်အပြင် ဆင်းကတ်များ ပျောက်ဆုံးသွားပါက အလွယ်တကူ ပြန်လည်ရယူလျှောက်ထားနိုင်ရန် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ “စာချုပ်စည်းကမ်းမှာ အစကတည်းက ပါပြီးသား။ လိုင်စင်ဥပဒေမှာလည်း ပါပြီးသားပါ” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်က ဆိုသည်။ ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာ့ ဆက်သွယ်ရေးကဏ္ဍသည် ပြည်ပရင်းနှီး မြှုပ်နှံမှုနှင့်အတူ ဖွံ့ဖြိုးလာခဲ့သည်။ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာများကို ပြည်တွင်း၌ စတင်လုပ်ကိုင်ခွင့်ပြုခဲ့သည်မှ အစပြု၍ တစ်ချိန်က မိုးထိမြင့်မားနေသော ဆင်းကတ်ဈေးမှာ တစ်ကတ်လျှင် ၁၅ဝဝ ကျပ် အထိ ကျဆင်းလာခဲ့သည်။ ယင်းအချိန်ကမူ ပြည်သူများက ဆင်းကတ်များကို ကြိတ်ကြိတ်တိုးဝယ်ယူ ခဲ့ကြသည်။ ဆင်းကတ်ရရှိရေး တန်းစီစောင့်ဆိုင်းနေရသည်ပင် ရှိခဲ့သည်။ ဆင်းကတ်များကို ၁၅ဝဝ ကျပ်ဖြင့် စတင်ရောင်းချစဥ်က ဖြည့်သွင်းရန် လျှောက်လွှာစာရွက်တစ်ရွက် ပါသည်။ ယင်းမှာ ဆင်းကတ်ကို မှတ်ပုံတင်ရန် ဖြစ်သည်။ ကနဦးဝယ်ယူသူ အချို့ကမူ လျှောက်လွှာဖြည့်ကြသည်လည်း ရှိသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့၏ လမ်းမများဘေးတွင် ဆင်းကတ်ရောင်းသည့် ဆိုင်များ ပေါ်ပေါက်လာသည်။ လမ်းဘေးတွင် အလွယ်တကူ ဝယ်ယူ၍ရလာသော ဆင်းကတ်များတွင် အဆိုပါ မှတ်ပုံတင်လျှောက်လွှာ မပါလာတော့ချေ။ မည်သူမှလည်း လျှောက်လွှာဖြည့် ၍ ဆင်းကတ်များကို မသုံးစွဲတော့ချေ။ အဓိကမှာ လျှောက်လွှာဖြည့်မှ ရောင်းမည်ဟူ သည့် စည်းကမ်းမရှိသကဲ့သို့ လျှောက်လွှာ မဖြည့်လည်း ဆင်းကတ်သုံးစွဲ၍ ရနေသောကြောင့်ပင်။ “စရောင်းတုန်းက ဆင်းကတ်နဲ့အတူ ဖောင်တွေပါတယ်။ သုံးသူက လုပ်ကိုလုပ်ရတယ်။ ဖုန်းတွေက အရင်တုန်းက ဝယ်ရတာ ကျပ်တည်းတယ်။ လူတွေက အလျှင်အမြန်ရချင်တယ်။ (မှတ်ပုံတင်ဖို့) သိပ်ပြီး အလေးမထားကြဘူး” ဟု တယ်လီနောမြန်မာ Corporate Communications ဌာနမှ Senior Expert ဦးညီညီအောင်က မှတ်ချက်ပြုသည်။ လက်ရှိအချိန်တွင်မူ ဆင်းကတ်များ ပေါများလာမှုကြောင့် မှတ်ပုံတင်ရန် မည်သူမျှ သတိမရကြချေ။ ထို့အတူပင် ဆင်းကတ်ရောင်းသည့် ဆိုင်များကလည်း တိုက်တွန်း ပြောကြားခြင်းမရှိချေ။ လမ်ဘေးတွင်ပင် လွယ်လွယ်ကူကူ ဝယ်ယူနိုင်သောကြောင့်လည်း ဖြစ်သည်။ တယ်လီနောမြန်မာကမူ နိုင်ငံတစ်ဝန်းလုံးတွင် တယ်လီနောဆိုင်ပေါင်း ခုနှစ်သောင်း နီးပါးရှိကြောင်း၊ ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်သည် မီတာ ၂ဝဝ ကျော်သာ ဝေးကွာသောကြောင့် တယ်လီနော သုံးစွဲသူများသည် အဆိုပါဆိုင်များတွင် ဆင်းကတ်များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ကြောင်း ဦးညီညီအောင်က ဆိုသည်။ ဆိုင်လိပ်စာများကိုလည်း တယ်လီနောမြန်မာ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးလက်နှင့် တောနယ်များအတွက်မူ ဆင်းကတ်များ မှတ်ပုံတင်ရေး အတွက် သီးခြားအစီအစဥ် မရှိသေးကြောင်း ၎င်းကဆိုသည်။ “အွန်လိုင်းက လုပ်ဖို့ကျတော့လည်း မြို့လူတွေသာ အွန်လိုင်းနဲ့ အကျွမ်းတဝင် ရှိတာ” ဟု ဦးညီညီအောင်က ရှင်းပြသည်။ သို့သော်လည်း တယ်လီနောဆင်းကတ်များ မှတ်ပုံတင်ရေး အသုံးပြုသူများ အလွယ်တကူ ဖြစ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ထည့်သွင်း စဥ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ တယ်လီနောနည်းတူပင် နီးစပ်ရာ အူရီဒူးအမှတ်တံဆိပ် ဆိုင်များတွင် ဆင်းကတ်များကို မှတ်ပုံတင်နိုင်ကြောင်း ပြောကြားသည့် ဆက်သွယ်ရေးအော်ပရေတာမှာ အူရီဒူးမြန်မာဖြစ်သည်။ အူရီဒူးသည် နိုင်ငံတစ်ဝန်းလုံးတွင် ၎င်းတို့အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် ဆိုင်ပေါင်း ၁ဝဝ ခန့်ရှိသည်ဟု အူရီဒူးမြန်မာ၏ ပြန်ကြားရေးက ဆိုသည်။ အူရီဒူးဆင်းကတ်များကို မှတ်ပုံတင်နိုင်ရေး အတွက် အဆိုပါဆိုင်များရှိ ဝန်ထမ်းများက ကူညီလုပ်ကိုင်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။ ဆက်သွယ်ရေးလောကတွင် အင်အားကြီး ပြည်တွင်းလုပ်ငန်းဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) မှာ ထိုအစီအစဥ်ကို ထုတ်မပြောသေး။ မည်သည့် အစီအစဥ်မျှ မပြုလုပ်ရသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ အကြီးတန်း မန်နေဂျာတစ်ဦးက ပြောကြားသည်။ MPT ၏ အင်တာနက်စာမျက်နှာ တွင်လည်း ဆင်းကတ်များမှတ်ပုံတင်ရေး သုံးစွဲသူများ အဆင်ပြေစေနိုင်သည့် နည်းလမ်းကို ဖော်ပြမထားချေ။ “ကျွန်တော်တို့ အခုလုပ်နေတုန်းပါ” ဟု အကြီးတန်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမိုးသူရက ဆိုသည်။ ဆင်းကတ်များ မှတ်ပုံတင်ရေးသည် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရမည့် ကိစ္စဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း အော်ပရေတာများက ဆင်းကတ်များ လွယ်လင့်တကူ ရောင်းချနေမှုကိုမူ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မည်သို့မှ မထိန်းချုပ်ခဲ့ပေ။ ဆင်းကတ်များကို မှတ်ပုံတင်ရန် ကနဦး စည်းကမ်းချက်များတွင် ပါဝင်သော်လည်း အော်ပရေတာ ကုမ္ပဏီများ၏ လုပ်ရပ်ကို လျစ်လျူရှုခဲ့ချိန်တွင် ဈေးကွက်အတွင်းသို့ ဆင်းကတ်ပေါင်း ၄၃ သန်းကျော် ရောက်ရှိနေပြီဖြစ်သည်။ ယင်းပမာဏမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဆင်းကတ် သန်း ၂ဝ၊ တယ်လီနောဆင်းကတ် ၁၆ သန်းနှင့် အူရီဒူး ဆင်းကတ် ခုနစ်သန်းတို့ဖြစ်သည်။ ဆင်းကတ်များကို မှတ်ပုံတင်ခြင်းသည် မြန်မာနိုင်ငံတွင်မှ ထူးပြီးဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း မှတ်ပုံတင်ရသည်သာ။ သို့သော်လည်း ထိုင်းတွင် မှတ်ပုံတင်ရခြင်းသည် ဆင်းကတ်ဝယ်ပြီးနောက် တစ်ပါတည်း မှတ်ပုံတင်ရခြင်းဖြစ်သည်။ “သူတို့ရောင်းရဖို့အတွက် SIM Registration ကို သေချာ ဂရုမစိုက်ဘဲ Sim Card ရောင်းရဖို့ပဲ ပြင်နေကြတာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် နီးစပ်သူတစ်ဦးက အော်ပရေတာသုံးခု၏ လုပ်ရပ်ကို မှတ်ချက်ပြုသည်။ အော်ပရေတာများ ထုတ်လုပ်သည့် သန်းနှင့်ချီသော ဆင်းကတ်များ မှတ်ပုံတင်ရေး ကိစ္စမှာ ဆင်းကတ်သုံးစွဲသူတာဝန် ဖြစ်လာသည်။ ဆက်သွယ်ရေးအော်ပရေတာ များကမူ သုံးစွဲသူများ လွယ်ကူရေး မည်သည့် နည်းလမ်းမျှ ရှာမတွေ့သေးချေ။ နယ်မြို့များရှိ ဆင်းကတ်သုံးစွဲသူ များမှာ မြို့ပေါ်မှာကဲ့သို့ ဆင်းကတ်မှတ်ပုံတင်ရန် လွယ်ကူမည်မဟုတ်ဟု ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာနေ လယ်သမားဦးတင်ရီက ဆိုသည်။ “ဒီက သွားရလာရ ခက်တယ်လေ။ ဘယ်လိုလုပ်ရမှန်းလည်း ကောင်းကောင်း မသိသေးဘူး” ဟု MPT ဆင်းကတ်သုံးစွဲသည့် ၎င်းကဆိုသည်။ မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကတ်များကို လာမည့် မတ်လ ၃၁ ရက်နေ့တွင် သုံးစွဲခွင့် ယာယီဖြတ်တောက်မည် ဖြစ်သည်။ သုံးစွဲသူများ အဆင်ပြေရေး နည်းလမ်းရှာနေဆဲဟု ပြောဆိုပြီး တစ်ယောက်၏ ခြေလှမ်းကို တစ်ယောက်စောင့်ကြည့်နေသည့် အော်ပရေတာများအတွက် ဆက်သွယ်ရေးကဏ္ဍနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ အကြံပြု သည်။ “ဒီအတိုင်းတောင် သူတို့ (အော်ပရေတာတွေက) နိုင်ငံအနှံ့ Campaign တွေ လျှောက်လုပ်နေတာပဲဗျာ။ အဓိက က SIM Card တွေ Registration လုပ်ဖို့အတွက် မက်လုံးတစ်ခုလောက် ပေးလိုက်ရင်ရပါတယ်” ရဲနိုင်ဦး
Source : http://goo.gl/7YI0es
via IFTTT
No comments:
Post a Comment