Tuesday, July 3, 2018


ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး ပညာပေးများ မူလတန်းက စမည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ မူလတန်းပညာရေးမှ စ၍ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ဇူလိုင်၂ ရက်က ပြုလုပ်သော အဂတိ လိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် လက်မှတ် ရေးထိုးပွဲ အခမ်းအနားနှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။ ဥက္ကဋ္ဌ ဦးအောင်ကြည်က “အခု စတုတ္တ အကြိမ် ဥပဒေ ပြင်ဆင်တဲ့ အထဲမှာလည်း မူလတန်း ပညာရေးက စပြီး ကိုယ်ကျင့် သိက္ခာ မြှင့်တင်ရေး ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ဆိုတဲ့ ပြဋ္ဌာန်းချက် ပါရှိလာတာ ဖြစ်ပါတယ်။ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်”ဟု ပြောသည်။ အထက်ပါ အကြောင်းအရာနှင့် အတူ တပြိုင်တည်း ဆောင်ရွက်နေသော ကလေးသူငယ်များတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ကိုယ်ကျင့်သိက္ခာ မပျက်ပြားစေရန် ပညာပေး ဖြေဖျော်ရေး လုပ်ငန်းစဉ်များကို ယခု ပညာသင်နှစ်မှ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒါကလည်း ပုံပြင် ပြောတာ၊ ကဗျာရွတ်တာ၊ သီချင်းဆိုတာ ပြဇာတ်လေးတွေ အစရှိသဖြင့်ပေါ့။ ဒီကနေစပြီးတော့ ကိုယ်ကျင့် သိက္ခာမြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးအောင်ကြည်က ပြောသည်။ ဆက်လက်၍ ၎င်းက “အခုဆိုရင် ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ မူလတန်းကျောင်းတိုင်းကို ဒီအသိပညာပေး ပရိုဂရမ် တွေကို ဖြန့်ဝေပေးနိုင်ဖို့ ပြုစုနေတာ ဒီလထဲမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ လာမယ့် ၁ လ၊ ၂ လ လောက် အတွင်းမှာ ပြည်တွင်းမှာ ရှိတဲ့ မူလတန်းကျောင်းတွေ၊ အစွန်အဖျား အထိ အကုန်လုံးကို ရောက်အောင် ပို့ပေးမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ တနိုင်ငံလုံး အတိုင်းအတာနှင့်ပျံ့နှံ့ ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှု အခြေအနေ၊ နှစ်ပေါင်း များစွာ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အားနည်းချက်များ ရှိလာသည်မှာ ယဉ်ကျေးမှု တရပ်သဖွယ် ဖြစ်နေ သော ကြောင့် ယင်းအနေအထားများကို ပြင်ရန် အချိန်ယူ၍ မူလတန်းအရွယ်မှ စတင်ခြင်း ဖြစ်သည်ဟု ဦးအောင်ကြည် က ရှင်းပြ သည်။ ဒဂုံ တက္ကသိုလ် စိတ်ပညာဌာန၏ လက်ထောက်ကထိက တဦး ဖြစ်သူ ဒေါက်တာ နှင်းသန္တာလင်း က “မူလတန်း အရွယ် ဆိုတာ အရာအားလုံး စတင် သင်ယူ သင်ကြားတဲ့ အရွယ်ကောင်းပဲ ဖြစ်ပါတယ်။ ဒီလို အရွယ်မှာ ကိုယ်ကျင့်တရား ကောင်း မွန်ဖို့ သွန်သင်တာတွေ လုပ်ပေးကြပါတယ်။ အရင်ကဆို ကလေးတွေ လိမ္မာ ယဉ်ကျေးဖို့နဲ့ ကိုယ်ကျင့်တရား ကောင်းမွန် စေဖို့ လောက နီတိ တို့လို ၃၈ ဖြာ မင်္ဂလာတို့လိုမျိုး သင်ကြားပေးတာတွေ ရှိပါတယ်။ အခု အဲဒါတွေကို သင်တဲ့ ကျောင်းက သင် မသင်တဲ့ကျောင်းက မသင်ကြဘူး။ အခု ကလေးတွေက လောကနီတိတို့ဆိုရင် မသိတာ များသွားပြီ။ သိတတ်စ အရွယ် ကတည်းက ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ ပြုစုပျိုးထောင်မှုက အဲဒီကလေးရဲ့ ဘဝ တလျှောက်လုံး အတွက်ပါ အရမ်းကို အရေးကြီးပါတယ်” ဟု ပြောဆိုသည်။ ယင်းသို့ စာသင်ကျောင်းများတွင် သင်ကြား ပြသပေးမည့် သင်ရိုး ပြဋ္ဌာန်းချက်များကို ဆရာကိုင်၊ နည်းပြကိုင် အဖြစ် စာအုပ် များ ထုတ်ပေးထားမည် ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က သိရသည်။ အဆိုပါ ပြဋ္ဌာန်းချက်တွင် ကလေးသူငယ်များ အနေနှင့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဖြစ်ပွားလာနိုင်သော ကိုယ်ကျင့် သိက္ခာ ထိန်းသိမ်းမှု ကိစ္စများ၊ ရိုးသား ဖြောင့်မတ်မှုများ၊ မှန်မှန်ကန်ကန် စကားပြောကြားရန်နှင့် မျှမျှတတ အလုပ်များ လုပ်ဆောင်ရန် အတွက် စတင် သင်ကြားမည် ဖြစ်ကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင်က ပြောသည်။ ထို့ပြင် အဂတိလိုက်စားမှုကို တွန်းလှန်ရန် အတွက် ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးနှင့် ပတ်သက်ပြီး အရပ်ဘက်လူမှု အဖွဲ့ အစည်းများ (CSO)၊ ပညာရှင်များနှင့် ဆွေးနွေးမည့် ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ The post ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး ပညာပေးများ မူလတန်းက စမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2KGl3nu
via IFTTT

No comments:

Post a Comment