ဦးကိုနီအမှု ဝေဖန်မှု ဆင်ခြင်ဖို့ ခုံတရားသူကြီးအဖွဲ့သတိပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုအား စစ်ဆေးနေစဉ် အတောအတွင်း တရားခွင် ပြင်ပ၌ ဝေဖန် ပြောဆိုမှုအား သတိပြု ဆင်ခြင်ကြရန် ခုံတရားသူကြီး အဖွဲ့က ယနေ့ (ဇူလိုင် ၅) ရုံးချိန်း၌ သတိပေး ပြောဆိုလိုက်သည်။ ခုံတရားသူကြီး အဖွဲ့ဝင် တဦးက “တရားစီရင်ရေးနဲ့ ပတ်သက်လို့ စကားဦးသန်းတဲ့ အပြောအဆိုမျိုးတွေ မပြောကြဖို့ပါ”ဟု ပြောသည်။ အဆိုပါ ခုံတရားသူကြီး အဖွဲ့၏ သတိပေးမှုသည် အမှုသည်များ အပြင် အားလုံးကို ဆိုလိုခြင်း ဖြစ်ပြီး မည်သူမဆို အမှုအား ကြိုတင်ဆုံးဖြတ်ရာ ရောက်စေသည့် ပြောဆိုဝေဖန်မှု ရေသားမှုများ ပြုလုပ်ပါက တရားရုံးများကို မထီမဲ့မြင် ပြုမှု ဥပဒေ ဖြင့် အရေးယူခံရမည့် အခြေအနေ ဖြစ်ကြောင်း ယင်းအမှုမှ နှစ်ဖက်ရှေ့နေများ က ရှင်းပြသည်။ တရားလိုဘက်က ရှေ့နေ ဦးနေလက “စကားဦးသန်းတယ် ဆိုတာက တရားစီရင်ရေးကို အနှောက်အယှက်ပေးရာ ရောက် အောင် မလုပ်နဲ့ပေါ့။ အားလုံးကို သတိပေး လိုက်တာပါ။ အရေးယူခံရမယ် ဆိုရင် ထောင်ဒဏ် ၆ လ အထိ ချခံရနိုင်တဲ့ အနေအထား ရှိတယ်”ဟု ပြောသည်။ ယနေ့ တရားခွင်၌ ကြည်လင်းအား သက်သေအဖြစ် အစစ်ခံမည်လား၊ တရားခံအဖြစ် အစစ်ခံမည်လားဟု ခုံတရားသူကြီး အဖွဲ့က မေးမြန်းရာတွင်လည်း ကြည်လင်းက တရားခံ အဖြစ်သာ စစ်ဆေးခံမည် ဟု ပြန်လည် ဖြေကြားသွားသည်။ ကြည်လင်း အနေနှင့် တရားခံအဖြစ် စစ်ဆေးခံမည်ဟု ဆိုသည့်အတွက် ခုံတရားသူကြီး အဖွဲ့က လာမည့် ဇူလိုင် ၁၂ ရက် ရုံးချိန်းတွင် ၎င်းအား စတင် စစ်ဆေးမည် ဖြစ်သည်။ ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက် က “ရာဇဝတ် ကျင့်ထုံး ဥပဒေ ၃၄၂ (၁) သက်သေအဖြစ် အစစ်ခံ၊ ကျမ်းကျိန် ဆိုပြီး တဖက်ရှေ့နေတွေ မေးမြန်းတာတွေကို ပြန်လည် ဖြေဆိုခွင့် ရှိတယ်။ အခုကျတော့ သူက ၃၄၂ (၂) တရားခံ အဖြစ် အစစ်ခံမှာ ဖြစ်တဲ့အတွက် နှစ်ဖက်ရှေ့နေတွေက ဘာမှ လုပ်ဆောင်ခွင့် မရှိဘူး။ တရားရုံးနဲ့ စွပ်စွဲခံရသူနဲ့ပဲ တိုက်ရိုက် အမေး အဖြေလုပ်မယ်။ ဥပဒေပါ အခွင့်အရေးပါပဲ” ဟု ရှင်းပြသည်။ ပြန်လှန် စစ်မေးခွင့် မရတော့သည့် အခြေအနေနှင့် ပတ်သက်၍လည်း တရားလို ရှေ့နေ ဦးနေလက “တရားလိုဘက်က ပြန်လှန် စစ်မေးခွင့် မရတော့ဘူး။ အဲဒါကို ကြည့်မယ်ဆိုရင် သူဟာ ပြန်လှန် စစ်မေးခံရဲတဲ့ သတ္တိမရှိဘူးလို့ ယူဆရမှာပေါ့” ဟု ပြောသည်။ အမှုတွင် ကြည်လင်းနှင့် အတူ ဖမ်းဆီးခံထားရသူများဘက်က တင်ပြထားသည့် သက်သေ ၅၀ ဦး၏ အမည်နှင့် နေရပ် လိပ်စာ အတိအကျကိုလည်း ယနေ့ ရုံးချိန်း၌ တရားရုံးသို့ ထပ်မံ တင်ပြသည်။ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တိုင်းတရားလွှတ်တော်က နောက်ဆုံး အတည်ပြုထားသည့် စွဲချက်များ အရ ကြည် လင်းနှင့် အောင်ဝင်းဇော် တို့အား အမြင့်ဆုံး ပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ဖြင့် စွဲချက်တင် ထားပြီး ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် စွဲချက်တင်ထားသည်။ လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်း သေဆုံးမှုတွင် ကြည်လင်းအား ပုဒ်မ ၃၀၂(၂) ဖြင့် လည်းကောင်း၊ လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့် ပတ်သက်၍ လက်နက် ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ) ဖြင့် လည်းကောင်း သီးခြား စွဲချက် တင်ထားသည်။ အဆိုပါ အမှုတွင် အောင်ဝင်းဇော်နှင့် အတူ ဖမ်းဆီးရမိသည့် အောင်ဝင်းထွန်းကိုမူ ပုဒ်မ ၂၀၂ ဖြင့် စွဲချက်တင်ထားပြီး အာမခံ ပေးထားကြောင်း၊ ယင်းသို့ တရားရုံးက စွဲချက်တင်ထားသည့် ပုဒ်မများနှင့် ပတ်သက်ပြီး ပြင်ဆင်ချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ နှစ်ဖက်ရှေ့နေများက တင်ပြထားကြောင်း သိရသည်။ The post ဦးကိုနီအမှု ဝေဖန်မှု ဆင်ခြင်ဖို့ ခုံတရားသူကြီးအဖွဲ့သတိပေး appeared first on ဧရာဝတီ.
Source : https://ift.tt/2IVa0Fa
via IFTTT
No comments:
Post a Comment