မန္တလေးတိုင်း အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၆၈ ခု ခွင့်ပြုထားပြီး မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ဇူလိုင်လဆန်းအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၆၈ ခု ခွင့်ပြုပေးထားပြီး ဖြစ် ကြောင်း မန္တလေးတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။ မန္တလေးတိုင်း ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ တိုင်းနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ဖွဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန် ဒေါ်လာ ၅ သန်းအောက်၊ နိုင်ငံသား ရင်းနှီးမြုပ်နှံမှု အတွက် ကျပ် သန်း ၆ ထောင် အောက်ကို စိစစ် ခွင့်ပြုပေးရပါတယ်။ သတ် မှတ်ချက်တွေ ပြည့်စုံရင် အဆိုပြုတဲ့ ကာလကနေ တလအတွင်း ကော်မတီကနေ စိစစ်ခွင့်ပြုပေးနေပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။ မန္တလေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (Mandalay Region Investment Committee -MRIC) ကို ၂၀၁၇ ဇူလိုင်လ အတွင်းက အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲစည်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စိစစ် ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ဇူလိုင်လ ၄ ရက် အထိ MRIC အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၆ ခု ရှိပြီး ပမာဏအားဖြင့် ဒေါ်လာ ၁၅ ဒသမ ၆၃၃ သန်းနှင့် ပြည်ထောင်စုက ခွင့်ပြုသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၆၂ ခုရှိရာ ဒေါ်လာ ၃ ဒသမ၂၆၂ ဘီလီယံ၊ စုစုပေါင်း ၆၈ ခု ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ MRIC ၏ ခွင့်ပြုချက်များကို အစည်းအဝေး ၁၁ ကြိမ် ပြုလုပ်၍ ခွင့်ပြုပေးခြင်းဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ အနေနှင့် စက်မှု ကဏ္ဍ၌ ၄ ခု၊ လယ်ယာကဏ္ဍ ၁ ခုနှင့် ဟိုတယ် ကဏ္ဍတွင် ၁ ခုတို့ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအနေနှင့်မူ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ နိုင်ငံ တို့မှ ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း ဒေါ်နွယ်နီဦးက ပြောသည်။ ၎င်းက “ဥပဒေမှာ ပြဋ္ဌာန်းထားတာက ရက်ပေါင်း ၄၀ အတွင်း အတည်ပြုမိန့်ကို စိစစ် ထုတ်ပြန်ပေးရမယ် လို့ သတ် မှတ် ထားတယ်။ ဒါကို တလအတွင်းမှာ ထုတ်ပေးနိုင်အောင် ကော်မတီကနေ လုပ်ဆောင် ပေးနေပါတယ်။ နောက်ပြီး လုပ်ငန်းအဆင့်တွေ များလေ လုပ်ရကိုင်ရတာ ခက်လေ၊ အဂတိ လိုက်စားမှုတွေ ရှိလေ ဆိုတော့ အဲဒီ အပိုင်းတွေကို လည်း လျှော့ချနိုင်ပါတယ်”ဟုလည်း ပြောဆိုသည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လမှ ယခု ဇူလိုင် လဆန်းအထိ MRIC မှ ခွင့်ပြုပေးထားသည့် ရင်းနှီး မြှုပ်နှံမှုသည် ၁၁ ခု ပမာဏအားဖြင့် ငွေကျပ် ၂၇၃၂၀ ဒသမ ၈၈၇ သန်း ခွင့်ပြုပေးခဲ့ပြီး ပြည်ထောင်စု အစိုးရက ၁၅၄ ခုမှ ကျပ်သန်းပေါင်း ၄၈၇၂ သန်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၆၅ ခု ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ပြည်ထောင်စု အစိုးရကနေ တိုင်းအစိုးရကို ကိုယ် ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ ကော်မတီကနေ တလတကြိမ် အစည်းအဝေး လုပ်တယ်။ အဆိုတင် သွင်းတဲ့ ကုမ္ပဏီတွေ ရှိရင် လက်ခံတယ်။ အမှုတွဲတွေ ပြည့်စုံရင် တထိုင်တည်း ဆွေးနွေး ဆုံးဖြတ်ပြီး ခွင့်ပြုမိန့် ထုတ် ပေး တယ်။ လုပ်ငန်းအဆင့် နည်းအောင် လုပ်ပေးနေတယ်”ဟု ဇွန်လ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ ၌ ပြောကြားသွားသည်။ မန္တလေးတိုင်း အတွင်း ဒေါ်လာ ၅ သန်းနှင့် အထက် ရင်းနှီးမြှုပ်နှံမှုများ အတွက် တိုင်းအစိုးရ အဖွဲ့က သဘောထား မှတ်ချက် ပေးရပြီး ပြည်ထောင်စု အဆင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ(MIC) က ခွင့်ပြုပေးလျက် ရှိကြောင်းလည်း သိရ သည်။ ဒေါက်တာ ဇော်မြင့်မောင် က “ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်က ထောက်ခံ ချက်၊ မီးသတ်ဦးစီးရဲ့ ထောက်ခံချက်၊ လုပ်ငန်း လိုင်စင်၊ အခွန်ထမ်းဆောင်မှု စတဲ့ အချက်အလက်တွေကို စိစစ်ပြီး တော့ ခွင့်ပြုမိန့် လက်မှတ်ကို တခါတည်း ထုတ်ပေးနေတယ်။ တတ်နိုင်သမျှ အဂတိ ကင်းအောင် ဆောင်ရွက်နေပါ တယ်”ဟု ပြောသည်။ ၎င်းက ဆက်လက်၍ “အချက်လေးချက်ကို ဦးစားပေးရပါတယ်။ နိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်ရမယ်။ နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မလား။ ဒေသခံတွေ အလုပ်အကိုင်ရမလား။ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှု ဖြစ်စေလား။ MIC က ခွင့်ပြုလား၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နဲ့ ရှေးဟောင်းနယ်မြေ၊ ကျန်းမာ ရေး ဆိုင်ရာတို့ အပေါ် အကျိုးသက်ရောက်မှု ရှိမရှိ လေ့လာဆန်းစစ်မှုတွေ လိုပါတယ်”ဟု ပြောဆိုသည်။ တိုင်းဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံမှု အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အခွင့်အရေးများကိုလည်း ထည့် သွင်း ပြဋ္ဌာန်းပေးထားပြီး ယင်းအခွင့်အရေးများကို အပြည့်အဝ ပေးလျက်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် နေရာဒေသပေါ် မူတည်၍ ဝင်ငွေခွန် ခံစားခွင့် အများဆုံး ၇ နှစ်မှ ၅ နှစ်၊ ၃ နှစ် အသီးသီး လျှောက်ထားနိုင်ပြီး လုပ်ကိုင်မည့် လုပ်ငန်း အမျိုးအစားအနေနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်း အမျိုးအစားထဲ၌ ပါဝင်ရမည် ဖြစ်ကြောင်း ဒေါ်နွယ်နီဦးက ပြောသည်။ “တင်ပြလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ နည်းပညာ ရရှိနိုင်မှု၊ ဒေသ ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုပြီး အကျိုးရှိနိုင်မှုတွေကို ဦးစားပေး ကြည့်တယ်။ ဒီလိုမျိုး အချက်တွေနဲ့ ပြည့်စုံမှ သာ စိစစ် ခွင့်ပြုပေးနေတာပါ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ အလုပ်အကိုင် ရရှိရာ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဒေသခံ ၅၇၈၀ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေသခံ ၁၁၆၆၀ တို့ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင် ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး အတွက်လည်း အထောက်အကူ များစွာ ရှိကြောင်း သိရသည်။ The post မန္တလေးတိုင်း အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၆၈ ခု ခွင့်ပြုထားပြီး appeared first on ဧရာဝတီ.
Source : https://ift.tt/2u5MVKK
via IFTTT
No comments:
Post a Comment