သတင်းမီဒီယာသည် တပ်မတော်၏ အသုံးတော်ခံလို ဖြစ်နေသည် မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် သတင်းမီဒီယာကောင်စီတို့ ယခင်အပတ်က တွေ့ဆုံသည့်အကြောင်း နေပြည်တော်ဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်သည် အကြောင်းအရာသစ် တစုံတရာ မပါဘဲ နဂိုပြောနေကြ အကြောင်းများသာဖြစ်သည့် “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ညီညွတ်ရေး”တို့ကို “အပြုသဘော” သတင်းတင်ပြခြင်းဖြင့် “အမျိုးသားအကျိုးစီးပွား”ကို ထမ်းဆောင်ရန် မီဒီယာကို တိုက်တွန်းခြင်းသာဖြစ်နေသောကြောင့် စိတ်ပျက်စရာ ကောင်းပါသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က ကျင်းပသော ထိုအစဉ်းအဝေးသည် ယခင်နှင့်မတူ တမူထူးမည်ဟု မြန်မာသတင်းသမားများ ခပ်ရေးရေးမျှော်လင့်ခဲ့သည်ကို ဝန်ခံရမည်ဖြစ်ပေသည်။ ရခိုင်ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့များ၏လုပ်ရပ်များ (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ၏အဆိုအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု)အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏လက်ထောက်များတွင် တာဝန်ရှိသည်ဟု စွပ်စွဲပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC တင်ရန် နိုင်ငံတကာမှ ဖိအား ပိုမိုများပြားလာနေသောကြောင့် ထိုအကြောင်းများနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ပြောစရာ တခုခုရှိမည်ဟု ကျနော်တို့ ထင်ခဲ့ကြသည်။ ထိုအကြောင်းအရာများကို ပြောမည့်အစား ဗိုလ်ချုပ်မှူးကြီးက သတင်းသမားများ သတင်းရေးရာတွင် မည်သို့ရေးသင့်သည်ကိုသာ ညွှန်ကြားခဲ့သည်။ မီဒီယာ သို့မဟုတ် စတုတ္ထမဏ္ဍိုင်သည် နိုင်ငံတွင် အရေးပါသည့် မဏ္ဍိုင်အဖွဲ့အစည်းဖြစ်ကြောင်းနှင့် တိုင်းပြည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးရန် လိုကြောင်း၊ တဖက်တွင်လည်း ဝေဖန်သင့် ကိစ္စများကိုလည်း ဝေဖန်ရန် လိုအပ်ကြောင်း ထိုနေ့က ဆွေးနွေးပွဲတွင် တပ်ချုပ် က ပြောသည်။ “ပြည်သူလူထုကို အားပေးသည့် သတင်းထုတ်ပြန်မှုများထက် အားနည်းချက်များကိုသာ ထောက်ပြသည့် ထုတ်ပြန်မှုများသည် စိတ်ဓာတ်ကျဆင်းမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် ပြည်သူများ၏ စိတ်ဓာတ်မြှင့် တင်ပေးရာ ရောက်သည့် သတင်းများကို အပြုသဘောဆောင်၍ မျှတစွာဖြင့်ရေးသားဖေါ်ပြသင့်ကြောင်း” ဟု ပြောဆိုသွားသည်။ သို့သော် သူ၏မိန့်ခွန်းတွင် မပါရှိသောအချက်မှာ သတင်းလွတ်လပ်မှုဟူသည့် အယူအဆကို အသိအမှတ်ပြုခြင်းနှင့် မီဒီယာသည် အမှီအခိုကင်းမဲ့ရမည်ဟူသော အချက်ဖြစ်သည်။ လွတ်လပ်မှု မရှိလျှင် (မှီခိုနေရလျှင်) မီဒီယာသည် အစိုးရ၏ ဝါဒဖြန့်ချိရေး ယန္တရားထက် မပိုပေ။ သတင်းအချက်အလက် ရရှိမှု လွယ်ကူအောင်ပြုလုပ်ပေးခြင်းသည်သာ မီဒီယာကို အားပေးရာရောက်ပြီး ဘက်မလိုက်သော သတင်းများကို ဖော်ပြသည့် လွတ်လပ်သော မီဒီယာ၏ သဘောသဘာဝကိုလည်း နားလည် သိရှိရာ ရောက်ပေမည်။ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်၀၀ ပေးခဲ့သည့် စစ်ဘက်ခေါင်းဆောင်ဟူ၍ သမိုင်းတွင် မတွေ့ရှိဖူးသေးသောကြောင့် ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်သူအဖြစ် သမိုင်းတွင် လာနိုင်မည်လော။ ဗိုလ်ချပ်မှူးကြီး အနေဖြင့် သတင်းသမားများ မည်သို့ရေးသင့်သည်ကို ပြောသည်ထက် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့နှင့်ပတ်သက်သော မျှတ ဘက်မလိုက်သည့် သတင်းများ ရေးစေလိုသည်ဆိုလျှင် သူ၏လက်အောက်ငယ်သားများအား မီဒီယာကို မကြောက်ရန် အားပေးသင့်သည်။ မြန်မာပြည်တွင် သတင်းဖြစ်စဉ် ကိစ္စနှင့် ပတ်သက်ပြီး သဘောထား မှတ်ချက်ပေးရန် သို့မဟုတ် ဖြေကြားပေးရန် ပူးပေါင်းဆောင်ရွက်မှု အနည်းဆုံးမှာ မည်သည့် အဖွဲ့အစည်းဖြစ်သည်ကို မြန်မာသတင်းသမားများကိုမေးလျှင် တခုတည်းသောအဖြေကိုသာ ရရှိမည်ဖြစ်သည်။ တပ်မတော် နှင့် ပတ်သက်သော သတင်းများတွင် ‘ဖြစ်စဉ်နှင့် ပတ်သက်၍ သဘောထားမှတ်ချက်တောင်းခံရန် တပ်မတော်ဖက်သို့ ( အကြိမ်ကြိမ်) ဆက်သွယ်သော်လည်း ဖြေကြားခြင်း မရှိပါ/ ဆက်သွယ်၍ မရပါ’ ဆိုသည်တို့ကို တွေ့နေရပါသည်။ ယခင်ကလည်း ထိုအတိုင်းဖြစ်ခဲ့ပြီး ယခုထိလည်း ပြောင်းလဲခြင်း မရှိသေးပါ။ ထိုသို့ မီဒီယာ နှင့် ထိတွေ့ရန် စိုးရိမ်စိတ်ကြောင့် တပ်မတော်အနေဖြင့် မကြာသေးခင်ကပင် တန်ဖိုးတခုပေးဆပ်ခဲ့ရသည်။ ရခိုင်ပြဿနာကို အစိုးရက ကိုင်တွယ်ပုံကို မကြိုက်သောကြောင့် တပ်မတော်အကြီးအကဲက နိုင်ငံခေါင်းဆောင်များအား အာဏာသိမ်းမည်ဟု ခြိမ်းခြောက်ကြောင်း ပြည်ပသတင်းသမားတဦးက အမည်မဖေါ်လိုသော သတင်းရင်းမြစ်အများအပြားကို ကိုးကားရေးသားသည်။ တပ်မတော်တွင် ဆက်သွယ်ရန် လွယ်ကူသော ပြောရေးဆိုခွင့်ရှိသူတဦးရှိနေပါက ထိုသို့သောသတင်းများ စာမျက်နှာပေါ်ရောက်လာနိုင်ဖွယ်မရှိဘဲ ဗိုလ်ချုပ်မှုးကြီး ကိုယ်တိုင်လည်း ထိုသတင်းမမှန်ကြောင်း ကြာသပတေးနေ့ပွဲတွင် အချိန်ကုန်ခံပြီး ရှင်းပြစရာလိုမည် မဟုတ်ပေ။ တပ်မတော်အကြီးအကဲ၏ ပြည်ပခရီးများမှသည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအထိ ဖြစ်ရပ်များနှင့် ရခိုင်ပြဿနာအတွက် အရာရှိများအားအရေးယူသော ကိစ္စများတွင် တပ်မတော်သည် သတင်းထုတ်ပြန်ရာတွင် များစွာမြန်ဆန်လာသည်ကိုတော့ ဝန်ခံပါသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုသတင်းစီးဆင်းမှုသည် တဖက်သတ်ဖြစ်နေပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးရန် သို့မဟုတ် နောက်ဆက်တွဲမေးခွန်းမေးရန် သတင်းသမားများအတွက် မဖြစ်နိုင်သည့်သဘောဆောင်နေသည်။ တပ်မတော်တွင်ပြောရေးဆိုခွင့်ရှိသူ မရှိဘူးလားမေးလျှင် ရှိပါသည်ဟု ဖြေရပါမည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ဌာနတိုင်းအတွက် ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ယခုနှစ်ဖေဖေါ်ဝါရီလက အသစ်ထပ်မံ ထုတ်ပြန်သည်။ ထိုစာရင်းတွင် တပ်မတော်ကပြောရေးဆိုခွင့်ရှိသူ ၂ ဦးစာရင်းပေးထားသည်။ သို့သော် သူတို့၏ဖုန်းနံပါတ်များကို ခေါ်ဆိုလျှင် ပြန်လည်ဖြေကြားသည်မှာ မရှိသလောက်ပင်ဖြစ်သည်။ ထိုအချက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သိစေချင်ပါသည်။ (အင်္ဂလိပ်ဘာသာဖြင့် Same Old Story: For the Military, the Media is Simply a Tool တွင် ဖတ်ရှုပါ။) The post သတင်းမီဒီယာသည် တပ်မတော်၏ အသုံးတော်ခံလို ဖြစ်နေသည် appeared first on ဧရာဝတီ.
Source : https://ift.tt/2z6EdBx
via IFTTT
No comments:
Post a Comment