ဂျပန်နိုင်ငံမှာ နောက်နှစ်ထဲ တွေ့မြင်ရတော့မယ့် မောင်းသူမဲ့ ဘတ်စ်ကားများ တရုတ်အင်တာနက် ရှာဖွေရေးအင်ဂျင် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Baidu နဲ့ ဂျပန်ကော်ပိုရေးရှင်း လုပ်ငန်းစု Softbank တို့ ပူးပေါင်းပြီး ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ ဘတ်စ်ကားတွေကို စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ Baidu ရဲ့ နှစ်စဉ် AI Developer ညီလာခံမှာ အခုအစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ Baidu ကုမ္ပဏီအနေနဲ့ လက်ရှိမှာ အစီး ၁၀၀ မြောက် မောင်းသူမဲ့ ဘတ်စ်ကားကို အောင်မြင်စွာ ထုတ်လုပ်ပြီးဖြစ်ကာ၊ နောက်ထပ် အလုံးအရင်းနဲ့ ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ဆက်လက် ကြေညာသွားခဲ့ပါတယ်။ Baidu ကုမ္ပဏီအနေနဲ့ Apolong လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ ဘတ်စ်ကားတွေကို တရုတ်မြို့ကြီးတွေမှာ အရပ်ဘက်သုံးအဖြစ် စတင်ပြေးဆွဲသွားမှာဖြစ်ပြီး၊ ဂျပန်နိုင်ငံမှာတော့ Softbank ကုမ္ပဏီနဲ့ ပူးပေါင်းကာ နောက်နှစ် အစောပိုင်းအတွင်း စတင်ပြေးဆွဲဖို့ ရှိတယ်လို့ သိရပါတယ်။ King Long ကုမ္ပဏီနဲ့ Baidu တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Apolong မောင်းသူမဲ့ ဘတ်စ်ကားတွေဟာ Baidu ရဲ့ Apollo မောင်းသူမဲ့ကား ထိန်းချုပ်မောင်းနှင်မှုစနစ်သုံး ဘတ်စ်ကားတွေဖြစ်ပြီး တစီးကို လူ ၁၄ ဦးအထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ဒရိုင်ဘာခုံ၊ စတီယာရင်ဘီးနဲ့ ခြေနင်းတွေတောင် လုံးဝ ပါရှိမှာ မဟုတ်ဘဲ Fully Autonomous System နဲ့ ပြေးဆွဲမယ့်ကားတွေ ဖြစ်ပါတယ်။ Apolong ဘတ်စ်ကားတွေဟာ မောင်းသူမဲ့ ယာဉ်ဖော်ဆောင်ရေး အဖွဲ့အစည်း SAE International ရဲ့ Level 4 အဆင့် အသိအမှတ်ပြု ဘတ်စ်ကားတွေလည်း ဖြစ်ပါတယ်။ Level 4 အဆင့် မောင်းသူမဲ့ ကားတစီးဟာ ယာဉ်မောင်း ပါလာရင်တောင် တချို့အခြေအနေတွေမှာ ယာဉ်မောင်းဆီကနေ ယာဉ်ထိန်းချုပ်မှုကို အပြည့်အဝ အသုံးပြုနိုင်ခွင့်ရှိတဲ့ ကားတွေဖြစ်ပါတယ်။ Level 4 အထက်မှာ Level 5 တဆင့်ပဲရှိတော့တာပါ။ Level 5 မောင်းသူမဲ့ကားတွေကတော့ လမ်းကြမ်းတွေ၊ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေမှာတောင် လူသားယာဉ်မောင်း မလိုဘဲ မောင်းနှင်နိုင်ပါတယ်။ “၂၀၁၈ ခုနှစ်ဟာ မောင်းသူမဲ့ယာဉ်စနစ်ကို အရပ်ဘက်မှာ စီးပွားဖြစ် စတင် အသုံးပြုနိုင်တဲ့နှစ် အဖြစ် မှတ်တမ်း တင်မယ့်နှစ် ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် တရုတ်နိုင်ငံဟာ ပေါပေါလောလော လူသုံးကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာတော့ တရုတ်နိုင်ငံဟာ AI နည်းပညာတွေကို ကမ္ဘာအနှံ့ တင်ပို့နိုင်တဲ့ နိုင်ငံတခုဖြစ်လာမှာပါ” လို့ Baidu ကုမ္ပဏီ CEO Robin Li က ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ Baidu မောင်းသူမဲ့ ဘတ်စ်ကားတွေဟာ ၂ နာရီ အားသွင်းပြီးရင် တနာရီ ၇၀ ကီလိုမီတာနှုန်းနဲ့ ကီလိုမီတာ ၁၀၀ လောက်အထိ ပြေးဆွဲနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး ကားတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းက အလုံပိတ် ဧရိယာတွေဖြစ်တဲ့ လေဆိပ်နဲ့ ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှုနေရာတွေမှာ စတင်ပြေးဆွဲသွားဖို့ ရှိပြီး၊ မကြာမီမြို့ကြီးတွေမှာပါ စတင်ပြေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။ ဂျပန်နိုင်ငံမှာတော့ လာမယ့် ၂၀၁၉ ခုနှစ် အစပိုင်းမှာ Apolong ၁၀ စီးကို စတင်စမ်းသပ်ပြေးဆွဲမှုတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ Ref: Tech Crunch, BBC The post ဂျပန်နိုင်ငံမှာ နောက်နှစ်ထဲ တွေ့မြင်ရတော့မယ့် မောင်းသူမဲ့ ဘတ်စ်ကားများ appeared first on ဧရာဝတီ.
Source : https://ift.tt/2ISpeeg
via IFTTT
No comments:
Post a Comment