ပညာရေး အဆောက်အအုံ ၆၀၀၀ ခန့် ဆောက်လုပ်မှု စီမံကိန်း ယာယီ ရပ်ဆိုင်း နိုင်ငံတဝန်းရှိ ဘတ်ဂျက် ကျပြီးသား စာသင်ကျောင်းများ အပါအဝင် ပညာရေး အဆောက်အအုံ ၆၀၀၀ ခန့် ဆောက် လုပ်မှု စီမံကိန်းကို ယာယီ ရပ်ဆိုင်း ထားရကြောင်း သတင်းရရှိသည်။ ပညာရေး ဝန်ထမ်း ၄ သိန်းကျော် အတွက် လစာများကို အဆိုပါ အဆောက်အအုံများ ဘတ်ဂျက်ထဲမှ ရယူ သုံးစွဲ ခဲ့ရ သဖြင့် ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း သိရသည်။ သမ္မတ အမိန့်ဖြင့် အစိုးရ ဝန်ထမ်းများ လစာ တိုးပေးခဲ့ရာတွင် ပညာရေး ဝန်ထမ်းများ၏ လစာများလည်း တိုးပေးခဲ့ရ သည့် အတွက် ဘတ်ဂျက် မလောက်င၍ ပညာရေး အဆောက်အအုံ ဘတ်ဂျက်မှ ရယူ သုံးစွဲရခြင်း ဖြစ်သည်ဟု ပညာရေး ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်တွင် အလုပ်သမား တဦး၏ တရက် လုပ်အားခ အနည်း ဆုံး ၄၈၀၀ ကျပ်နှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အမှုထမ်း လစာများကို ၂၀ ရာခိုင်နှုန်းနှင့် အရာထမ်း လစာများ အားလုံးကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ယနေ့ နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်တချို့က ၎င်းတို့၏ မဲဆန္ဒ နယ်မြေများ အတွင်း ကျောင်း လိုအပ်ချက်များကို တင်ပြစဉ် ပညာရေး ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းများ ဆောက်လုပ်မှု ယာယီ ဆိုင်းငံ့ရသည့် ကိစ္စကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်းလစာပေးနိုင်ရန် ပညာရေး ဝန်ကြီးဌာန၏ သာမန် အသုံးစရိတ်ငွေတွင် ပေးစရာမရှိ၍ ပညာရေး အဆောက် အအုံများ ဆောက်လုပ်ရန် ရရှိထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှ ငွေများကို ဝန်ထမ်းစရိတ်ထဲသို့ ထည့်ပေးရ သည့် အခါ ၆ လ ဘတ်ဂျက် အတွက် ရရှိထားသည့် အဆောက်အအုံ အသုံးစရိတ်ကို ဆက်လက် သုံးစွဲနိုင်ခြင်း မရှိ တော့ ကြောင်းလည်း ဒုဝန်ကြီးက ဧရာဝတီသို့ ပြောသည်။ ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက“ဝန်ထမ်း လစာပေးဖို့ ကျပ် ဘီလီယံ ၁၀၀ လိုငွေ ပြသွားတယ်။ ၆ လ ဘတ်ဂျက် ဖြစ်တဲ့ အတွက် ဖြည့်စွက်မရှိဘူး။ မူလ ၆ လ ဘတ်ဂျက်စွဲတုန်းက လစာတွေ တိုးတဲ့အကြောင်းက မပါဘူး။ တိုးပေးဖို့ အတွက် လည်း ဒီပိုက်ဆံကို လွှတ်တော်က ခွင့်ပြုမထားဘူး။ ဥပဒေအရလည်း ပေးလို့ မရဘူး။ ပေးလို့ မရတဲ့အတွက် ၆ လနဲ့ ပြီးရမယ့် ကိစ္စတွေကို ၁၂ လနဲ့ ပြီးအောင် ရွှေ့လိုက်တာပါပဲ”ဟု ရှင်းပြသည်။ သို့သော် ယခု ပြန်စမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆိုင်းငံ့ထားရသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများ အားလုံးကို ပြန်လည် ဆောက်လုပ်နိုင်ရေး အတွက် ထပ်မံ တင်ပြထားကြောင်း၊ အဆောက်အအုံများ ဆိုင်းငံ့ရာတွင် လည်း ဘတ်ဂျက်နည်းသွား၍ ရာခိုင်နှုန်း လျှော့ချခြင်း ဖြစ်ကြောင်း၊ တချို့ စီမံကိန်းများသည် လုံးဝ မစရသေးကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ “ကျောင်းတခုမှ မချန်ခဲ့ဘူး။ အကုန်ပြန်တင်ပေးမှာ။ ဘတ်ဂျက်ကာလ ၆ လအတွင်းမှာ ရာခိုင်နှုန်းလိုက် လျာထားတာ ရှိတယ်။ အဲဒီထဲကမှ ဘတ်ဂျက်လျော့လို့ ရာခိုင်နှုန်းအလိုက် ပြန်လျှော့ရတာ ရှိတယ်။ လုံးဝ မစရသေးတာ ရှိတယ်။ အခု ပြန်စမယ့် ဘတ်ဂျက်မှာ အကုန်အပြည့်ပါမယ်။ တခုမှ မချန်ဘူး။ ငွေစာရင်း ဥပဒေအရ ဆောင်ရွက်လို့ရတာပဲ ဆောင်ရွက်တယ်။ ဥပဒေကို ဘယ်သူမှ ကျော်လွန်ပြီး ဆောင်ရွက်လို့ မရဘူး”ဟု ပညာရေး ဒုဝန်ကြီးက ပြောပြသည်။ ဝန်ထမ်းလစာများ တိုးပေးလိုက်ရ၍ တနိုင်ငံလုံးရှိ ပညာရေး အဆောက်အအုံ ဆောက်လုပ်မှုများ ရပ်ဆိုင်းလိုက်ရသည့် သဘော ဖြစ်သွားရာ ဝန်ထမ်းများ အတွက် လစာတောင်းခံချိန်က လစာတိုးစရိတ် အတွက် ထည့်သွင်း တောင်းခံထား ခြင်း မရှိဘဲ စရိတ်များ အတည်ပြုပြီးမှ သမ္မတ၏ လစာတိုးအမိန့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကလည်း ပြောသည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ရပ်ဆိုင်းထားသည်များကို ပြန်လည် လျာထားမှု ပြုလုပ်ထားသော်လည်း ယခု ၆ လအတွင်း ယင်း အဆောက်အအုံများ ဆောက်လုပ်၍ မရနိုင်သေးကြောင်း၊ ၎င်း၏ မဲဆန္ဒနယ်တွင်လည်း စာသင် ကျောင်း ၄ ခုခန့် ပါသွားရာ ကျောင်းတင်ဒါ အောင်ထားသည့် လုပ်ငန်းရှင်များက မကျေနပ်ကြကြောင်းလည်း ၎င်းက ပြောဆိုသည်။ ဦးအောင်လှိုင်ဝင်းက ဆက်၍ “အခုလို ဖြစ်တော့ ပြဿနာတွေ တက်တာပေါ့။ တချို့ တင်ဒါ သမားတွေက တင်ဒါ အောင် ထားပြီးပြီ။ ပိုက်ဆံရဖို့ပဲ ကျန်တော့တာ။ ကျောင်းတကျောင်း အတွက် တင်ဒါအောင်ဖို့ ဆိုရင် ကျပ် ၁၀ သိန်း ဝန်းကျင် လောက်တော့ ကုန်ကျစရိတ် ရှိတယ်။ တချို့ လုပ်ငန်းရှင်က တင်ဒါအောင်ပြီးတော့ လုပ်ငန်းစနေပြီ။ အသစ် လိုချင်ရင် ပြန်လျှောက်ရဦးမှာ။ တချို့ကလည်း လက်လွန်ထားတာတွေ ရှိတယ်”ဟု ပြောသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းကလည်း လစာအသုံးစရိတ်များကို လွှတ်တော်က ပြဌာန်းပေးရာ ၂၀၁၈ ခုနှစ်အတွက် ၆ လတာ ဘတ်ဂျက်ဖြစ်ကြောင်း၊ သို့သော် နောက်ဆက်တွဲ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲ ရေး ဥပဒေ မရှိကြောင်း၊ ယခုကဲ့သို့ ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှ ပိုက်ဆံကို သာမန် အသုံးစရိတ်ထဲသို့ ခေါင်းစဉ် ကြီး တခုလုံး ပြောင်းလဲ၍ သုံးစွဲခွင့်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် လုပ်ပိုင်ခွင့်ရှိ ကြောင်း ပြောဆိုသည်။ “ဝန်ထမ်း စုစုပေါင်း မြန်မာပြည်မှာ ၁၀ သိန်းလောက် ရှိတဲ့အချိန်မှာ ပညာရေး ဝန်ကြီးဌာနကပဲ ဝန်ထမ်း ၄ သိန်းခွဲ လောက် ရှိတယ်။ တိုးမြင့်လာတဲ့ ဝန်ထမ်းရဲ့ လိုအပ်တဲ့ငွေကို သာမန် အသုံးစရိတ်ကနေ ခွဲဝေသုံးစွဲလို့ မရပါဘူး”ဟု လည်း ၎င်းက ဆိုသည်။ အဆိုပါ ယာယီ ရပ်ဆိုင်းထားရသော ပညာရေး အဆောက်အအုံ ၆၀၀၀ ခန့် ကို ပြန်လည် ဆောက်လုပ်နိုင်ရေး အတွက် ယခုလာမည့် ဘတ်ဂျက်တွင် ထည့်သွင်း ပေးထားကြောင်းလည်း သတင်းရရှိသည်။ The post ပညာရေး အဆောက်အအုံ ၆၀၀၀ ခန့် ဆောက်လုပ်မှု စီမံကိန်း ယာယီ ရပ်ဆိုင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2JSkllG
via IFTTT
No comments:
Post a Comment