ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဓာတ်ဆီပုလင်းနှင့် ပစ်သူ ထောင် ၅ နှစ်ကျ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာ လမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား ဓာတ်ဆီ ပုလင်းနှင့် ပစ်ပေါက်သူ ဝင်းနိုင် ဆိုသူကို ယနေ့ ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက် ကြောင်း သတင်း ရရှိသည်။ ကျူးလွန်သူ ဝင်းနိုင်ကို တရားရုံးက စစ်ဆေးရာတွင် အပြစ်ရှိသည်ဟု ဝန်ခံခဲ့သောကြောင့် ယင်းသို့ အမိန့်ချမှတ်ခြင်း ဖြစ် ကြောင်း သိရသည်။ ဝင်းနိုင်သည် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲ ခန့်၌ ဒေါ်အောင်ဆန်းစုကြည်၏ အိမ် ခြံအမှတ် ၅၄/၅၆ အတွင်း သို့ ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း ခြံဝန်းအတွင်း ခြံစောင့်တဲ အနီးရှိ ရေပိုက်တချောင်း မီးစွဲလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ ကျူးလွန်သူကို ဖမ်းဆီးမိပြီးနောက် ၎င်းသည် ၂၀၁၆ ခုနှစ်တွင် စိတ်ကျန်းမာရေး ဆေးရုံတက်ထားသည် ဟူသော ဆေး မှတ်တမ်းများလည်း လူမှုကွန်ရက် စာမျက်နှာတွင် ပေါ်ထွက်လာကြောင်း သိရသည်။ “ဥပဒေ ကျူးလွန်ရင် ဥပဒေရဲ့ပြစ်ဒဏ်ကို ခံရမှာပဲ။ သူ့မှာ ဘာလက်မှတ်တွေရှိရှိ ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ ချမှတ်ခံရ မှာ ပဲ။ ဥပဒေအတိုင်း လုပ်တဲ့အတွက် သဘောတူပါတယ် ကောင်းပါတယ်။ ဒါ ပညာပေးလည်း ဖြစ်ပါတယ်”ဟု ဗဟန်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ် က ပြောသည်။ ဝင်းနိုင်ကို ဗဟန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် လှဝင်းထွန်း က တရားလိုပြု တိုင်ကြားခြင်း ဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ သည် မည်သူမဆို ကိုးကွယ်ဝတ်ပြုရာ နေရာ၊ နေအိမ်၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာ စသည်တို့ကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ၊ ပျက်စီးမည်ကို သိလျက်နှင့် ဖြစ်စေ မီး (သို့) ပေါက်ကွဲ စေတတ်သော အရာဖြင့် အကျိုးဖျက်ဆီးမှု ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ယင်းပုဒ်မကို ကျူးလွန်သူသည် တသက်တကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ် အထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ The post ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဓာတ်ဆီပုလင်းနှင့် ပစ်သူ ထောင် ၅ နှစ်ကျ appeared first on ဧရာဝတီ.
Source : https://ift.tt/2z1s6FJ
via IFTTT
No comments:
Post a Comment