၂၁ ပင်လုံ ဖိတ်စာ တရုတ်သံရုံးမှတဆင့် မြောက်ပိုင်းလက်နက်ကိုင်များထံ ရောက်ရှိ နေပြည်တော်တွင် ဇူလိုင်လ ဒုတိယ သတင်းပတ်အတွင်း ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အစိုးရက ရန်ကုန်ရှိ တရုတ်သံရုံးမှတဆင့် ဖိတ်ကြားလိုက်သည်။ အဆိုပါဖိတ်ကြားမှုကြောင့် မြန်မာ့တပ်မတော်နှင့် စစ်ရေးတင်းမာမှု မကြာခဏ ဖြစ်ပွားခဲ့သည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့် တပ်ဖွဲ့ (MNDAA) နှင့် ရခိုင့်တပ်မတော် (AA) တို့လည်း ညီလာခံ တက်ရောက်ခွင့် ရှိလာမည်ဖြစ်သည်။ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟု လူသိများသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် အထက်ပါအဖွဲ့များအပြင် ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် "မိုင်းလား အဖွဲ့ (NDAA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့လည်း ပါဝင်သည်။ “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး” ဟု အမည်ပေးထားပြီး နေပြည်တော် MICC 2 တွင် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပမည့်အဆိုပါ အစည်းအဝေး တက်ရောက်ရန် ဖိတ်စာကို ယနေ့ (ဇူလိုင် ၄ရက်) နံနက်ပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း ရခိုင့်တပ်မတော် (AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။ "တက်ဖို့ မတက်ဖို့ ဆွေးနွေးရဦးမယ်။ တက်ဖို့ မတက်၊ မတက်ဖို့ ကိစ္စ နောက် ၂ ရက်၊ ၃ ရက်လောက်မှ သိရမယ်" ဟု ခိုင်သုခက Myanmar Now ကို ပြောသည်။ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ FPNCC အဖွဲ့ဝင်များအား တက်ရောက်ကြရန် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက မေလအတွင်းက တိုက်တွန်းထားသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့သည် ပြီးခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးသို့ တရုတ်အစိုးရ၏ မေတ္တာရပ်ခံချက်ကြောင့်ဟု ဆိုကာ အထူးဖိတ်ကြားခံရသူအနေဖြင့် တက်ရောက်ခဲ့သည်။ ယင်းသို့တက်ရောက်လာစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် မြန်မာအစိုးရစီစဉ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ငြင်းဆန်ပြီး “ဝ” အဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်ကိုသာ စွဲကိုင်မည်ဟု ကြေညာထားသည်။
Source : https://ift.tt/2lY6a5n
via IFTTT
No comments:
Post a Comment