Sony မှ ရုပ်ရှင်တကားလုံး မှားတင်မိခဲ့တဲ့ “Khali the Killer” က ဘယ်လိုကားမျိုးလဲ Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးဟာ Youtube မှာ “Khali the Killer” ရုပ်ရှင်ရဲ့ ၃ မိနစ်စာ အမြည်းဗီဒီယိုကို တင်ရမယ့်အစား ရုပ်ရှင်တကားလုံးကို မတော်တဆ မှားယွင်းပြီး တင်မိခဲ့တာ Youtube Channel မှာကော ပရိသတ်တွေကြားမှာပါ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ Hollywood Reporter မီဒီယာရဲ့ အဆိုအရ ထုတ်လုပ်ရေးအဖွဲ့ဟာ ၈၉ မိနစ်နဲ့ ၄၆ စက္ကန့်ရှိတဲ့ ရုပ်ရှင်ကို ဇူလိုင်လ ၃ ရက် နေ့မှာ သူတို့ရဲ့ Youtube ချန်နယ်မှာ တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုအမှားအယွင်း ဖြစ်ခဲ့တဲ့ သတင်းကို ဖျော်ဖြေရေးဆိုက်တခုဖြစ်တဲ့ CBR.com က အရင်ဆုံးတွေ့ရှိခဲ့တာပါ။ အဲဒီရုပ်ရှင်ဟာ အချိန် ၈ နာရီကြာ Youtube မှာ ရှိခဲ့ပြီးတဲ့နောက် ပြန်ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါဆိုရင် ၃ မိနစ်စာ အမြည်း ဗီဒီယို တင်ရမယ့်အစား ရုပ်ရှင်တကားလုံးကို မှားတင်မိခဲ့တဲ့ “Khali the Killer” က ဘယ်လို ကားမျိုးလဲ။ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ “Khali the Killer” ရုပ်ရှင်ကို Jon Matthews က ကိုယ်တိုင်ရေးသား၊ ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် Richard Cabral, Ryan Dorsey နဲ့ Clayton Cardenas တို့က ပါဝင် သရုပ်ဆောင်ထားပြီး အမေရိကန်နိုင်ငံမှာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စပြီး ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။ “Khali the Killer” ရုပ်ရှင် အမြည်းဗီဒီယို ဇာတ်လမ်း အကြောင်းအရာကတော့ East L.A တပ်ဖွဲ့ကနေ အငြိမ်းစားယူထားတဲ့ အမျိုးသားတဦးဟာ အဖွားဖြစ်သူ သေကောင်ပေါင်းလဲ ဖြစ်နေတာကို ငွေကြေးပိုင်းဆိုင်ရာအရ အကူညီဖို့ နောက်ဆုံးအလုပ်တခုကို လုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ကြေးစားဆန်ဆန် လုပ်ကိုင်ခဲ့ပေမယ့် သူပစ်မှတ်ထားပြီး သတ်ဖြတ်ရမယ့် သူအပေါ်မှာ သနားစိတ်ဝင်ခဲ့ပြီး သူ့ဘဝမှာ အခက်အခဲဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ရတဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ကြေးစားလူသတ်သမား အဖြစ် မင်းသား Richard Cabral က ပါဝင် သရုပ်ဆောင် ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလမှာတော့ ထုတ်လုပ်ရေးအဖွဲ့က အဲဒီ ရုပ်ရှင်ကို DVD အခွေအနေနဲ့ ထုတ်ဝေဖြန့်ချိခဲ့ပြီးသား ဖြစ်ပါတယ်။ IMDB Rating (3.6/10) ရရှိထားတဲ့ မှုခင်း၊ ဒရာမာ ရုပ်ရှင်အမျိုးအစား ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – Trailer အစား ရုပ်ရှင်ကား တကားလုံးကို YouTube ပေါ် မှားတင်မိခဲ့တဲ့ Sony Ref: economictimes.indiatimes The post Sony မှ ရုပ်ရှင်တကားလုံး မှားတင်မိခဲ့တဲ့ “Khali the Killer” က ဘယ်လိုကားမျိုးလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2MRiAaD
via IFTTT
No comments:
Post a Comment