Thursday, August 2, 2018


တိုးရစ်တွေ တကယ်လာစေချင်တာလား မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ အနေနဲ့သွားဖို့ ဒီနှစ်အောက်တိုဘာလကစပြီး ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမယ်ဆိုတဲ့ သတင်းက သတင်းကောင်းပါ။ ဒါပေမယ့် အဲဒီသုံးနိုင်ငံက လာတဲ့သူတွေဟာ အမေရိကန်ဒေါ်လာ ၁၀၀၀ (Show Money ဆိုပါတော့) လေဆိပ်မှာ ပြရမယ်ဆိုပြီး စည်းကမ်း ချက်က ကပ်ပါလာပါတယ်။ ဒီအချက်ဟာ လက်တွေ့ခက်တဲ့အပြင် လာလည်ဖို့ပြင်ဆင်နေသူတွေအတွက်လည်း စဉ်းစားစရာ ဖြစ်သွားပါ တယ်။ တကယ်ပဲ မြန်မာပြည်က ကမ္ဘာလှည့်ခရီးသွားတွေကို လာလည်စေချင်တာလားဆိုတာ မေးခွန်းထုတ် စရာပါ။ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို မကျွမ်းကျင်တဲ့သူတွေက ဦးဆောင်ပြီး ဒီလို တိုင်းပြည်ဝင်ငွေကောင်းမယ့် အလုပ်ကို ဝင်လုပ်နေကြတာလား မေးခွန်းထုတ်စရာပါ။ မြန်မာရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံဟာ ၂၀၁၇ ခုနှစ်က ကမ္ဘာလှည့်ခရီးသည် ၃၅ သန်း လာရောက် လည် ပတ် ခဲ့ပြီး တိုင်းပြည် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၃ ဘီလီယံ ရရှိခဲ့ပါတယ်။ မျက်လုံးပြူးမသွားပါနဲ့ တကယ်ပါ။ မြန်မာနိုင်ငံမှာ မနှစ်က ကမ္ဘာလှည့်ခရီးသည် ၄ သန်းပဲဝင်ရောက်ခဲ့ ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး(GDP) ရဲ့ ၁၂ ရာခိုင်နှုန်းဟာ ခရီးသွားလုပ် ငန်း က ရှာဖွေပေးနေတာ ဖြစ်ပါတယ်။ သူတို့နိုင်ငံမှာ Tourism Authority of Thailand ဆိုတာရှိပြီး တနိုင်ငံလုံးရဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ Project တွေ၊ ပေါ်လစီတွေ၊ အခြေအနေတွေကို ထိန်းချုပ်စီမံ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အခြေခံ အဆောက်အုံတွေကောင်းတယ်၊ လေဆိပ်တွေမှာ သာမန်လေကြောင်းလိုင်းရော၊ Budget လေကြောင်းလိုင်းရော၊ စင်းလုံးငှား Charter Flight တွေရော ဆင်းသက်နိုင်အောင် စီစဉ်ထားတယ်။ ရထားလမ်း၊ ကားလမ်းနဲ့ သွားမယ်ဆိုရင်လည်း အဆင်ပြေ ချောမွှေ့အောင်၊ လုံခြုံရေး ကောင်းအောင် စီစဉ်ထားနိုင်ပါတယ်။ ထိုင်းကတဆင့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို အလွယ်တကူ သွားနိုင်အောင် နယ်စပ် ဖြတ်ကျော်ဂိတ်တွေ၊ တံတားတွေကို အရင်းအနှီးစိုက်ထုတ်ပြီး ဆောက်ခဲ့ပါတယ်။ ထိုင်းမှာ နယ်မြေ ဖြတ်ကျော်ပြီး သွားလို့ရတဲ့ ဂိတ်ပေါင်း ၃၀ ကျော်ရှိနေပါပြီ။ ဒီလိုအခြေခံ အဆောက်အုံတွေ ဆောက်ဖို့ကိုလည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေကပဲ ပြန်ပြီး သုံးစွဲတာပဲ ဖြစ်ပါတယ်။ ငါးကြင်း ဆီနဲ့ ငါးကြင်းကြော်တာပေါ့။ မြန်မာမှာရော Tourism လုပ်ငန်းအတွက် အစိုးရက ပြည်နယ်နဲ့ တိုင်းတွေမှာ ဘယ်လောက် သုံးစွဲမယ်၊ ရင်းနှီး မြှုပ်နှံမယ်ဆိုတဲ့ အစီအမံ ရှိပါသလား၊ မရှိဘူးဆိုရင် ဒီစီမံကိန်းကို ဆွဲရမှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ မြဘုရားနှင့် နန်းတော်ကို လာရောက်သည့် ခရီးသွားများ/The Nation ထိုင်းနိုင်ငံ ဘန်ကောက်က နာမည်ကြီး ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ သမိုင်းဝင် အဆောက်အဦး ခရီးသွားတွေ အလည် အပတ်များတဲ့ နေရာတွေကို အစိုးရ ကိုယ်တိုင်က ဘက်ဂျက်ချပေးပြီး ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သလို ထိုင်းနိုင်ငံ တောင်ပိုင်းက ပတ္တရား၊ ဖူးခက်၊ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်၊ မယ်ဆောင်ဆောင် စတဲ့ နိုင်ငံခြားသား ခရီးသွားတွေ အသွားအလာများတဲ့ နေရာ၊ ဒေသတွေမှာလည်း ခရီးသွား အဆင်ပြေဖို့ သက်တောင့်သက်သာ ရှိဖို့ ကျန်းမာရေး၊ လုံခြုံရေး ကိစ္စတွေက အစ အဆင်ပြေဖို့ စီမံဆောင်ရွက်မှုတွေ့ရှိနိုင်ပါတယ်။ ဒါတွေဟာ တနှစ်၊ နှစ်နှစ်နဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ နှစ်ရှည်စီမံကိန်းနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက အသေအချာ ပစ်မှတ်ထားပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာရော TAT (Tourism Authority of Thailand ) က ကမ္ဘာကို ထွက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ သဘာဝအလှအပ အစားအသောက်၊ ယဉ်ကျေးမှု ထိုင်းလူမျိုးတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု တွေကိုလည်း Marketing ဆင်းတာတွေ့ရပါတယ်။ ပြီးတော့မှ CNN လိုမျိုး မီဒီယာမှာလည်း ထိုင်းနိုင်ငံကို လည်ပတ်ချင့်စဖွယ်ဖြစ်အောင် ကြော်ငြာထည့် ဖို့အတွက် ဘက်ဂျက်တွေ သုံးစွဲတာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ ဘုရားဖူးဖို့ တခုတည်းကိုပဲ လာတာမဟုတ်ပါဘူး။ နာမည်ကြီး ကမ်းခြေ တွေမှာ အပန်းဖြေ အနားယူပြီး ကျေနပ် သူတွေရှိသလို သဘာဝအလှတောတောင်တွေ၊ ယဉ်ကျေးမှု တွေ၊ အစားအသောက်တွေ၊ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အကြောင်းတွေ၊ သဘာဝ တိရစ္ဆာန်တွေနဲ့ ဇီဝမျိုးကွဲ သစ်ပင်ပန်းပင်တွေကို လေ့လာချင်တဲ့ သူတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံဆိုရင် Bird Watching ငှက်တွေကို စောင့်ကြည့်လေ့လာဖို့ အတွက် ထိုင်းနိုင်ငံထက် ပိုကောင်းတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ငှက်မျိုးနွယ်စု တွေဟာ ထိုင်းနိုင်ငံထက် ပိုများတာတွေ့ရပါတယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ မယ်ဆိုင် ထမ့်လုံလိုဏ်ဂူက တောဝက်အသင်းသားတွေကိစ္စမှာဆိုရင်လည်း ထိုင်းက မြန်မြန် ဆန်ဆန်ပဲ Tourism အတွက် ကောင်းကောင်း အသုံးချပြီး နိုင်ငံတကာကို ဈေးကွက်တင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၈ ပွင့်လင်းရာသီမှာ ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသမှာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည်တွင်းက လာရောက် လည်ပတ်သူတွေ ပြည့်နေမှာ မလွဲပါဘူး။ ထိုင်းနိုင်ငံကို တိုးရစ်တွေရောက်တဲ့အချိန်ကစပြီး သူတို့ရဲ့ ဘဏ်ကတ်တွေနဲ့ ငွေထုတ်နိုင်တဲ့ ကိစ္စ၊ ဖုန်းSim ကတ် ဝယ်မယ့်ကိစ္စ၊ ကား – ရထားငှားစီးပြီး လေဆိပ်ကနေ ကိုယ်တည်းခိုမယ့် နေရာကိုသွားမယ့် ကိစ္စအပြင် လည်ပတ်နေချိန်မှာလည်း ငွေထုတ်ရ၊ သုံးရလွယ်ကူအောင် အခြေခံ အဆောက်အအုံတွေကို တည်ဆောက် စီမံပေးထားပါတယ်။ ချင်းမိုင်မြို့ ဘုရင့်ပန်းခြံ ဘဏ်တွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပြီး လုပ်ဆောင်ခွင့် ရှိသလို အသက်အာမခံကိစ္စ အတွက်လည်း လွယ်ကူအောင် ချိတ်ဆက် စီမံထားရ တာဖြစ်ပါတယ်။ ခရီးသွားတိုင်းဟာ အသက်အာမခံတွေ ဝယ်ကြတာဖြစ်ပါတယ်။ ဒီကမ္ဘာလှည့်ခရီးသွားတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ ဟိုတယ်မှာ တည်းနိုင်သလို Home Stay ဆိုတဲ့ ရပ်ရွာနေအိမ်မှာလည်း နေခွင့်ရ တယ်။ Home Stay ကြောင့် ဒေသခံတွေ ဝင်ငွေရပြီး အကျိုးကျေးဇူးများတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားသားတွေ ငါတို့ဆီလာတုန်း ရိတ်မယ်၊ ဖြတ်မယ်၊ လှီးမယ်ဆိုတဲ့ အမြင်တခုတည်းနဲ့တော့ ကြည့်လို့မရပါဘူး။ ၁၉၆၀ခုနှစ် လောက်ကစပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ဒီနေ့မှာ ထိုင်းနိုင်ငံ စီးပွားရေးရဲ့ အဓိက ဝင်ငွေ အများဆုံးနဲ့ တိုင်းပြည်ဝင်ငွေကို အရှာပေးနိုင်ဆုံး လုပ်ငန်းဖြစ်သွားပါပြီ။ လူအများခေါ်နေတဲ့ မီးခိုးမထွက်တဲ့ စက်ရုံကြီးတွေကနေ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကို နှစ်စဉ် ရှာပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ နည်းတဲ့ ပမာဏမဟုတ်ပါဘူး။ တကယ်တော့ နိုင်ငံခြား တိုးရစ်တွေတင်မကဘဲ ထိုင်းတွေကလည်း ခရီးထွက်လာကြပြီ ဖြစ်တဲ့ အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းအတွက် ထိုင်းဟာ ပြည်ပခရီးသွားတခုတည်းကို အားကိုးနေတာမဟုတ်ပါဘူး။ နေရာဟောင်းတွေကို ငြီးငွေ့ပြီဆိုရင် နေရာသစ်တွေကိုလည်း ရှာဖွေတူးဆွ၊ ဘက်ဂျက်အကုန်ကျခံပြီး ခရီးသွားလုပ်ငန်းကို တိုးချဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကတဆင့် နယ်စပ်ဂိတ်တွေကနေ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေကို သွားဖို့ စီမံဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ ဥပမာဆိုရင် မကြာသေးခင်က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက မယ်ဟောင်ဆောင်နဲ့ ပိုင်မြို့ကို ဆက်စပ်ပြီး ခရီးသွားတဲ့လုပ်ငန်းကို တိုးချဲ့တာမျိုး ဆိုပါတော့။ ထိုင်းနိုင်ငံရဲ့ ဧည့်ဝတ်ပျူငှာတဲ့အပြုံး၊ ယဉ်ကျေးဖော်ရွေမှု၊ အစားအသောက် သန့်ရှင်း သပ်ရပ်မှု၊ လုံခြုံမှု၊ ထိုင်းလက်မှု လုပ်ငန်း၊ ထိုင်း ယဉ်ကျေးမှု၊ ထိုင်းနိုင်ငံရဲ့ သဘာဝတောတောင် အလှတွေ၊ ပင်လယ်ကမ်းခြေတွေ၊ လည်စရာ ပတ်စရာ၊ အပန်းဖြေစရာတွေ အပြင် စွန့်စွန့်စားစား ခရီးသွားလှုပ်ရှားမှုတွေ၊ အပန်းဖြေစခန်းတွေနဲ့ ညဘက်မှာလည်း ဖျော်ဖြေရေးတွေ၊ Night Life တွေနဲ့ ပျော်စရာကောင်းတဲ့ အရာတွေအပြင် ဈေးဝယ်ချင်စရာ Shopping Mall တွေကလည်း ဆွဲဆောင်နေပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ သူတို့နိုင်ငံမှာ ဆေးလာကုမယ့် ခရီးသွားတွေအတွက် Health and Wellness Tourism တွေကိုပါ တိုးချဲ့လာတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံဟာ ချမ်းသာတဲ့ အနောက်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်လာရင် ဆေးလာ ကုဖို့အတွက် ဆေးရုံ ကောင်းကောင်းတွေကိုလည်း စင်္ကာပူနဲ့ အပြိုင်အဆိုင် တည်ဆောက်နေတာ တွေ့ရပါတယ်။ ထိုင်းနဲ့မြန်မာဟာ အိမ်နီးချင်းပါ။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံလိုပဲ Tourism နဲ့ တိုင်းပြည်ဝင်ငွေ ရှာနိုင်ပါတယ်။ အစိုးရက ပေါ်လစီ ကောင်း ကောင်း ချမှတ်ဖို့ လိုပါတယ်။ Visa on Arrival ဆိုက်ရောက်ဗီဇာ ပေးမယ်ဆိုပြီး Show Money တောင်းတာကတော့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို နားမလည်ဘူးဆိုတာ ပြတာပါပဲ။ ခရီးသွားတွေများလာလို့ ဟိုတယ်ရဲ့ တည်းခိုခတွေကို ခဏ၊ ခဏ ပြောင်းတာလည်း သဘာဝမကျပါဘူး။ အဲဒါမျိုးတွေက ၂၀၁၂- ၂၀၁၃ ကာလတွေတုန်းက မြန်မာနိုင်ငံမှာ အရမ်းအဖြစ်များခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား တိုးရစ် တွေ အတွက် စိတ်မချမ်းသာစရာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။ နိုင်ငံခြားက တိုးရစ်တွေဟာ တနေရာကို လည်ဖို့ လေယဉ်လက်မှတ်ရော၊ ဟိုတယ်ကိုရော ၃ လ၊ ၆ လ၊ တနှစ် ကြိုတင်ဝယ်လေ့ ရှိကြပါတယ်။ မြန်မာဟာ တိုးရစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲစရာတွေ အများကြီးပါ။ အစိုးရကိုယ်တိုင်က ဘက်ဂျက်ငွေ သတ်မှတ်ပြီး Tourism လုပ်ငန်းအတွက် သုံးစွဲပေးရမှာဖြစ်ပါတယ်။ Private Sector ဆိုတဲ့ ပုဂ္ဂလိက ကဏ္ဍတွေလည်း အားကြိုးမာန်တက် ပါဝင်ကြမှာ မလွဲပါဘူး။ မြန်မာနိုင်ငံမှာလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဌာနအစား Ministry Of Tourism ဆိုတာမျိုး ရှိသင့်ပါတယ်။ တကယ်နားလည် တတ် ကျွမ်းတဲ့ လူမျိုးခန့်သင့်တယ်။ ဒါမှမဟုတ်ရင်လည်း ထိုင်းနိုင်ငံလိုမျိုး Tourism Authority of Myanmar လိုမျိုးရှိသင့်ပါတယ်။ တနှစ်ကို ဘက်ဂျက် ဘယ်လောက် သုံးမလဲ ဆိုတာကိုလည်း သတ်မှတ်သင့်ပါတယ်။ နောက်ဆယ်နှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွား တိုးရစ် တနှစ်ကို ၁၀ သန်း လာအောင်လုပ် မယ်။ တနှစ်ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကနေ ၅ ဘီလီယံ အထိ ရှာမယ်ဆိုတဲ့ စီမံချက်မျိုး ချသင့်ပါတယ်။ ဒီလိုပဲ ပြည်တွင်းမှာ ခရီးသွားလာတာကို ကြိုက်နှစ်သက်လာပြီဖြစ် တဲ့ ပြည်တွင်းခရီး သွား တွေကိုလည်း တိုင်းနဲ့ ပြည်နယ်အတွင်း ခရီးသွားလာရ လွယ်ကူအောင် လုပ်ဆောင် ပေးသင့်ပါတယ်။ လေဆိပ်တွေ အကုန်လုံးမှာ လေကြောင်းလိုင်းတွေဆင်းနိုင်အောင် စီမံဆောင်ရွက်ပေးသင့်တယ်။ ပြည်တွင်းပိုင် Budget Airline တွေရှိသင့်တယ်။ မြန်မာလို လည်ပတ်စရာတွေပေါပြီး တိုင်းရင်းသားတွေပေါများတဲ့နိုင်ငံ၊ ရွေးချယ်စရာ အစားအသောက်တွေ စုံလင်တဲ့ နိုင်ငံ၊ သဘာဝတော တောင် အလှအပတွေနဲ့ အပန်းဖြေစရာ တွေရှိတဲ့ နိုင်ငံကို နိုင်ငံခြားသား တိုးရစ်တွေလာလည်ကြမှာ မလွဲပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနက မိမိနိုင်ငံရဲ့ အားသာမှုတွေကို Tourism Market တွေမှာ ထွက်ပြီး ရောင်းချပေးဖို့ပဲ လိုပါတော့တယ်။ The post တိုးရစ်တွေ တကယ်လာစေချင်တာလား appeared first on ဧရာဝတီ.
Source : https://ift.tt/2NZIcm3
via IFTTT

No comments:

Post a Comment