အလုပ်အကိုင်နဲ့ပတ်သက်ရင် အမျိုးသမီးတွေ အခွင့်အရေးပိုရတယ် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်ခန့်ထားရာ၌ လိင်ပိုင်းဆိုင်ရာ ခွဲခြားသတ်မှတ်မှုရှိ ၊ မရှိကို အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တခုဖြစ်သည့် JobNet.com.mmက စစ်တမ်းကောက် ယူထားသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး JobNet.com.mm၏ ဒုတိယဥက္ကဋ္ဌ ဒေါ်ဇင်မာအား ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။ မေး ။ ။ ဒီအစီရင်ခံစာထုတ်ရခြင်းရဲ့ရည်ရွယ်ချက်ကို သိပါရစေ။ အမတို့ ဒီအစီရင်ခံစာရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်အကိုင်တွေကို ခန့်ထားရာမှာ လိင်အမျိုးအစားပေါ်မှာ ခွဲခြားသတ်မှတ်ပြီး ခန့်ထားတာမျိုး မရှိသလောက် ဖြစ်တယ်ဆိုတာကို သက်သေပြချင်တာပါ။ အမတို့ အလုပ်အကိုင်ခေါ်ဆိုမှုတွေမှာ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုတွေ ရှိမရှိ။ ဒါမှမဟုတ် လိင်ပိုင်း ဆိုင်ရာ ခွဲခြားမှုတွေက ဘယ်လောက်အထိ မျှတနေပြီလဲ။မြန်မာနိုင်ငံရဲ့စီးပွားရေးနယ်ပယ်၊ မြန်မာနိုင်ငံရဲ့ လူစွမ်းအား အရင်းအမြစ်နယ်ပယ်မှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုက ရှိနေသေးတာလား။ မရှိဘူးလားဆိုတာ အကဲဖြတ်ဖို့အတွက် အမတို့က ဒီဒေတာတွေကို အသုံးပြုပြီး အစီရင်ခံစာကို ရေးနေတာ ပါ။ဒါက (Gender)နဲ့ ပတ်သက်ရင် ပထမဆုံးပါ။ မေး ။ ။ ဘယ်လိုလူတွေကို အခြေခံပြီး စစ်တမ်းကောက်ယူသလဲ။ အမတို့အနေနဲ့ အမတို့နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ လုပ်ငန်းသဘောသဘာဝအရ ရာထူးအမျိုးမျိုး ကို ဆက်သွယ်ဆောင်ရွက်ရသလို၊ တစ်ဖက်မှာလည်း Job seeker ပိုင်းမှာလည်း အသက်အရွယ်၊ ရာထူးအမျိုး မျိုးကို ဆက်သွယ်ဆောင်ရွက်ရတာပါ။ ဒီအချက်အလက်တွေ အကုန်လုံးဟာ အမတို့ ဝက်ဘ်ဆိုက်မှာ လာ ရောက်ဖြည့်သွင်းထားတဲ့ အချက်အလက်တွေကို အခြေခံတာဖြစ်တာကြောင့် အမျိုးမျိုးသော ရာထူး၊ အဆင့် အတန်း၊ အသက်အရွယ်ပေါ်မှာ အခြေခံတယ်လို့ ပြောနိုင်ပါတယ်။ မေး ။ ။ အစီရင်ခံစာမှာ ဘာတွေ လေ့လာတွေ့ရှိရသလဲ။ (Gender)နဲ့ ပတ်သက်ရင် အလုပ်အကိုင်ခန့်အပ်မှုပိုင်းမှာ (Gender discrimination) လုံးဝမရှိဘူး။ လိင်ပိုင်း ဆိုင်ရာခွဲခြားဆက်ဆံမှု လုံးဝမရှိဘူးဆိုတာ သိရပါတယ်။ ရန်ကုန်မြို့က အလုပ်အကိုင်တွေမှာ အမျိုးသားမှ အမျိုးသမီးမှ ဆိုပြီး ခွဲခြားထားတဲ့ ကုမ္ပဏီတခုမှ မရှိပါဘူး။ ဒါ အမတရားဝင်ပြောရဲတယ်။ ရန်ကုန်မြို့မှာ အခုထက်ထိ အမတို့နဲ့ဆက်ဆံမှုရှိတဲ့ကုမ္ပဏီပေါင်း ၇ ထောင်ကျော်ရှိပါတယ်။ အတိအကျပြောမယ်ဆိုရင်တော့ ၇၃၇၅ ခုရှိတယ်။ ကုမ္ပဏီတွေ၊ SME ကုမ္ပဏီတွေလည်း ပါတယ်။ ဒါက ရန်ကုန်တမြို့လုံးမှာရှိတဲ့ ကုမ္ပဏီနီးပါး ပါပဲ။ မေး ။ ။ (Gender discrimination) လုံးဝမရှိပါဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ။ အမတို့ ကုမ္ပဏီတော်တော်များများကိုလိုက်တွေ့တယ်။ ပြီးတော့ လူတွေကို ခွဲခြားပြီး စစ်တမ်းကောက်တယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင်တော့ အမျိုးသမီးတွေသည် အခွင့်အရေးပိုရတာပဲရှိတယ်။ အမျိုးသမီးမို့လို့ ဒီလိုနေရာ ဒီလိုရာထူး၊ ဒီလို လစာမပေးပါဘူးဆိုတဲ့ ကုမ္ပဏီက မြန်မာနိုင်ငံမှာ လုံးဝမရှိပါဘူး။ ဥပမာ တော်ေ တာ်ကြီးကို နယ်စွန်ကျတဲ့ဟာမျိုးဆိုရင်တော့ အမတို့အနေနဲ့ လက်လှမ်းမမီဘူး။ ဒါပေမယ့်တချို့ မြို့တွေမှာ ရှိနေတဲ့ ကုမ္ပဏီတွေသည် နယ်တွေမှာလည်း အခွဲတွေရှိတယ်။ အဲဒီတော့ နယ်တွေရဲ့ခန့်ထားမှုကိုလည်း တချို့ရန်ကုန်မှာ လုပ်တာရှိတယ်။ အဲဒီအတွက် အဲဒီရာထူးတွေကအစ မိန်းမနဲ့ ယောကျာၤးခွဲခြားထားတဲ့ (Gender discrimination) လုံးဝမရှိပါဘူး။ မေး ။ ။ တချို့လုပ်ငန်းတွေမှာ အမျိုးသားကိုပဲ ခန့်ထားတာမျိုးရှိတယ်ဆိုတော့ ချွင်းချက်မရှိနိုင်ဘူးလား။ ချွင်းချက်အနေနဲ့ဆိုရင်တော့ ရန်ကုန်မြို့မှာရှိနေတဲ့ လုပ်ငန်းတွေကို ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် စက်မှုလုပ်ငန်း ပေါ့။ ဥပမာ Skilled Trade တို့လို့ဟာမျိုးတွေ နောက် Engineering ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ အဲဒီလို နေရာမျိုးတွေမှာ စီမံခန့်ခွဲရေးရာထူးပိုင်းဆိုရင် တချို့အမျိုးသမီးတွေကို ခန့်ထားကြတာရှိတယ်။ ဒါပေမယ့် လူပါဝင်ရောက်ပြီး လုပ်ရမယ့် ရာထူးမျိုးဆိုရင်တော့ များသောအားဖြင့် ယောကျာၤးလေးတွေကို အစားထည့်တယ်။ ဘာလို့ဆို လုပ်ငန်းရဲ့ သဘောသဘာဝအရ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေဆိုရင်တော့ အမျိုးသားတွေက ရှာကြတာများတယ်။ ဆိုတော့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ကတော့ အမျိုးသမီးမို့လို့ သူမလုပ်နိုင်ဘူးဆိုတဲ့ အမြင်ထက် အမျိုးသမီးမို့ အန္တရာယ်ဖြစ်မှာ စိုးတယ်ဆိုတဲ့ အမြင်နဲ့သာ ယောကျာၤးလေးတွေကို ပိုပြီးတော့ ခန့်ထားတာမျိုး ရှိတယ်။ တကယ့်ကို စေ့စေ့စပ်စပ်လုပ်ရမယ့်ဟာမျိုး အခွင့်အရေးပိုပေးရမယ့်ဟာမျိုး ဆိုရင်တော့ အလုပ်ရှင်တွေအနေနဲ့ အမျိုးသမီးတွေကို ခန့်ထားလေ့ရှိတယ်။ မေး ။ ။ လုပ်ငန်းတွေမှာ အမျိုးသမီးဦးရေ ပိုများနေတယ်လို့ ပြောလို့ရလား။ အမျိုးသမီးအလုပ်သမားပိုများတယ်။ ဥပမာ အမတို့တွေ ပညာရေးနဲ့ပတ်သက်ပြီး နေရာတိုင်း၊ နေရာတိုင်းမှာ (Gender discrimination)ဆိုတာက အမတို့က အဓိက ထားတာကြောင့် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု မရှိဘူးလို့ ပြောတာ တကယ်တော့ (Gender discrimination) မလုပ်ဘူးဆိုရင် အမျိုးသားတွေကိုလည်း မခွဲခြားသင့်ဘူး။ အမျိုးသား၊ အမျိုးသမီးမခွဲခြားသင့်တာ။ ဥပမာ ဆယ်တန်းအောင်ပြီဆိုလို့ရှိရင် တက္ကသိုလ် ဝင်ခွင့်က အမျိုးသားရမှတ်ထက် အမျိုးသမီးရမှတ်က ပိုမြင့်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ မွေးဖွားနှုန်းစာရင်းမှာက အမျိုးသမီးက ပိုများလို့ အမျိုးသားတွေရဲ့ အခွင့်အရေးသည် အမျိုးသမီးတွေထက်ပိုပြီး များသွားမှာစိုးတဲ့အတွက် အမျိုးသမီးတွေရဲ့အမှတ်က ပိုမြင့်တယ်။ ဆေးတက္ကသိုလ်ဝင်မလား။ အင်ဂျင်နီယာ ဝင်မလား။ အမျိုးသမီးရမှတ်က ပိုမြင့်တယ်။အဲ့တော့ မိန်းမလေးတွေရဲ့ ရနေတဲ့အခွင့်အရေးနဲ့ ယောကျာၤးတွေကို ဦးရေနဲ့ပတ်သက်ပြီးတော့ ပေးရမယ့်အခွင့်အရေးသည် တူညီအောင် နိုင်ငံတော်ဘက်ကနေ လုပ်ထားပေးတယ်။ ဆိုတော့ အမျိုးသမီးဦးရေက ပိုများတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း အမျိုးသမီးဦးရေက ပိုများတယ်။ ဒါကြောင့်မို့ အမျိုးသမီးများနေတဲ့အတွက် အမျိုးသားတွေကို ဦးစားပေးပြီးတော့မှ ခန့်ပြီးတော့မှ တချို့နေရာတွေအတွက်ကို သေသေချာချာ အမျိုးသားမှ ပိုပြီးသင့်တော်တယ်ဆိုတာမျိုး ဒါမျိုးလေးတွေလည်း လုပ်ပေးရတာရှိတယ်။ မေး ။ ။ စစ်တမ်းလုပ်ထားတဲ့ကုမ္ပဏီထဲမှာ အလုပ်လုပ်တဲ့ အမျိုးသမီးရာခိုင်နှုန်းဘယ်လောက်ရှိလဲ။ အမတို့နဲ့ စစ်တမ်းလုပ်ထားတဲ့ ကုမ္ပဏီပေါင်း ၇ ထောင်ကျော်မှာ အမျိုးသမီး ပိုများလားလို့တော့ သီးသန့်မမေးထားဘူး ။ ဒါပေမယ့် အမတို့နဲ့ဆက်ဆံနေတဲ့ထဲက ဆိုရင်တော့ အမျိုးသမီးရာခိုင်နှုန်းပိုများတယ်။ တချို့ ကုမ္ပဏီတွေမှာဆိုရင် အမျိုးသမီးတွေအတွက် သီးသန့်(campaign)ကို လုပ်တာ။ အမျိုးသမီးတွေပဲ ခန့်မယ်။ ကုမ္ပဏီထဲမှာဆိုလို့ရှိရင်တော့ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ဘာလို့ဆို ရန်ကုန်မှာတော့ တကယ် အလုပ် လုပ်နေတဲ့ အကြီးစားကုမ္ပဏီတွေက နှစ်ရာကျော်၊ သုံးရာနီးပါးပဲရှိတာ ဆိုတော့ ထက်ဝက်လောက်က အမျိုးသမီးပိုများတယ်။ နောက်တခါ သူတို့ကလည်း သီးသန့်အမျိုးသမီးရယ်၊ အမျိုးသားရယ်ဆိုပြီး ခန့်တာ တော့ မဟုတ်ဘူး။ သူတု့ိလိုချင်တဲ့ အရည်အချင်း၊ အတွေ့အကြုံတွေက အမျိုးသမီးတွေမှာရှိရင် အမျိုးသမီးကို ခန့်တယ်။ အမျိုးသားမှာရှိရင် အမျိုးသားကို ခန့်တယ်။ မေး ။ ။ လုပ်ငန်းခန့်အပ်မှုမှာ အမျိုးသမီးတွေကို ဘာကြောင့် ပိုခန့်ကြလဲ။ အမတို့နိုင်ငံက အာရှနိုင်ငံဖြစ်တော့ အခုအချိန်အထိ discrimination ရှိခဲ့တယ်။ ဥပမာ ဘာသာရေးမှာဖြစ်ဖြစ် လူမူရေးနဲ့ပတ်သက်တဲ့ဟာမျိုးမှာပဲဖြစ်ဖြစ် (Gender discrimination)တွေက ရှိခဲ့တော့ ဒါသည် အလုပ်အကိုင် မှာလည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းကျတော့ တချို့ကုမ္ပဏီတွေမှာဆိုလို့ရှိရင် တကယ်ကို အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အများကြီးပေးတယ်။ အမျိုးသမီးတွေက အလုပ် လုပ်တဲ့နေရာမှာ သေသပ်တယ်။ ဘယ်သူနဲ့ပဲ စကားပြောပြော အမျိုးသမီးတွေက ပိုပြီး အဆင်ပြေတယ်။ နောက် အုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသမီးကို ဘာကြောင့်လိုချင်လဲဆိုတော့ အမျိုးသမီးတွေက မိခင်စိတ် ရှိတယ်။ ဆရာမဆိုရင်လည်းကျောင်းသားတွေပေါ်မှာ စိတ်ရှည်တယ်။ အဲဒီလိုမျိုးကောင်းတဲ့ အမြင် အမျိုးသမီးတွေပေါ်မှာ ပိုရှိတယ်။ အမှန်အတိုင်းပြောရရင် အမျိုးသမီးကို ပိုလိုချင်တယ်။ ဒါပေမယ့် အလုပ်လာလျှောက်တဲ့အခါမှာတော့ လျှောက်ထားတဲ့အမျိုးသမီးတွေက သူတို့နဲ့အတူလျှောက်ထားတဲ့ အမျိုးသားတွေထက် အရည်အချင်းမရှိဘူး ဆိုရင်တော့ ဒါက စီးပွားရေးလုပ်တာဖြစ်တယ်။ ကိုယ်လုပ်ငန်း အတွက် အကျိုးပြုနိုင်မယ့်သူကို ခေါ်ရမှာပါ။ ဒါပေမယ့် အမျိုးသမီးက လုံးဝအရည်အချင်းမရှိပါဘူး။ အမျိုးသားမှဆိုတဲ့အမြင်လည်း ဘယ်ကုမ္ပဏီ လုပ်ငန်းရှင် ရဲ့ စကားကိုမှ မကြားခဲ့ရပါဘူး။ The post အလုပ်အကိုင်နဲ့ပတ်သက်ရင် အမျိုးသမီးတွေ အခွင့်အရေးပိုရတယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2KXxtqd
via IFTTT
No comments:
Post a Comment