မြစ်ဆုံစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို သုံးသပ်မည့် ကော်မရှင် ဖွဲ့စည်း ====================== ဧရာဝတီ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ လေ့လာသုံးသပ်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက သြဂုတ်လ ၁၂ ရက် ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကော်မရှင်သည် မြစ်ဆုံစီမံကိန်း ဆက်လက် ဆောင်ရွက် သင့်မသင့်ကို လေ့လာရာတွင် မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခု ဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုး သက်ရောက်နိုင်မှု အခြေအနေ စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ စသည့် အချက် (၇) ချက်ကို လေ့လာသုံးသပ်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုသို့ တင်ပြရာတွင် ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထားအမြင်များကို ထည့်သွင်း စဉ်းစားရန် သမ္မတက ညွှန်ကြားထားပြီး ကော်မရှင်၏ လေ့လာသုံးသပ်မှု ပထမ အစီရင်ခံစာကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ အရောက် အစီရင်ခံ တင်ပြရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြည်သူ့လွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၆ ဦး နှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အပါအဝင် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
Source : http://goo.gl/WTSJwQ
via IFTTT
No comments:
Post a Comment