Friday, August 12, 2016

Eleven Media Group

လာမည့်နွေရာသီတွင် တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ခန့် တိုးထုတ်နိုင်ရန် စီမံထားပြီး ရန်ကုန်တိုင်းဒေသကြီး အတွက် မဂ္ဂါဝပ် ၃၀၀ တိုးထုတ်ရန် တင်ဒါခေါ်ယူနေဟုဆို ===================== လာမည့်နွေရာသီတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ခန့် တိုးထုတ်နိုင်ရန် စီမံထားပြီး ရန်ကုန်တိုင်းဒေသကြီး အတွက် မဂ္ဂါဝပ် ၃၀၀ တိုးထုတ်ရန် တင်ဒါခေါ်ယူနေကြောင်း သြဂုတ် ၁၁ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အပူစွမ်းအင်သုံးဌာန အင်ဂျင်နီယာချုပ် ဦးသက်နိုင်ဦးက ပြောကြားသည်။ “ရေအားလျှပ်စစ်စက်ရုံက ယခင်လို ပုံမှန်အတိုင်း အပြည့်အဝ ထုတ်နိုင်မှာပါ။ အဲဒီအပြင်ကို မေတ္တာ စီမံကိန်းအသစ် ဒီနှစ်မှာ စတင်လည်ပတ်မယ်။ ရန်ကုန်တိုင်းဒေသကြီး မီးပေးဖို့အတွက် ၃၀၀ မဂ္ဂါဝပ်ကို သတင်းစာထဲမှာ တင်ဒါခေါ်ပြီး ဝယ်ယူနေတာကလည်း လာမယ့်နွေရာသီအမှီ ဖြစ်ပါတယ်။ လာမယ့် နွေရာသီအတွက် ၅၀၀ မဂ္ဂါဝပ်လောက် တိုးထုတ်နိုင်မယ်လို့ စီမံထားပါတယ်” ဟု အင်ဂျင်နီယာချုပ် ဦးသက်နိုင်ဦးက ပြောကြားသည်။ မေတ္တာစီမံကိန်းသစ်အား လာမည့်စက်တင်ဘာတွင် စတင်လည်ပတ်ရန် ဆောင်ရွက်နေပြီး မဂ္ဂါဝပ် ၂၀ ထုတ်လုပ်နိုင်သည့် တပ်ဆင်အင်အား နှစ်လုံးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ပြီးခဲ့သည့် နွေရာသီက မဂ္ဂါဝပ် ၁၂၀၀ ခန့်အထိ သုံးစွဲခဲ့ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အား ထုတ်နိုင်သည့် ပမာဏမှ ၅၀၀ မဂ္ဂါဝပ်သာ ရှိသည့်အတွက် လိုအပ်သည့် မဂ္ဂါဝပ်အား မဟာဓာတ်အား လိုင်းမှရရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ ဦးသန့်ဇင်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် ပွင့်လင်းရာသီတွင် လျှပ်စစ်မီးပုံမှန်ရရှိရန်အတွက် ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများအား ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်ပေးနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ဗို့အားအပြည့်အဝဖြင့် အချိန်ပြည့်မီးပေးနိုင်ရန် ကျပ်ဘီလျံ ၁၀၀ ခန့် လိုအပ်ပြီး အဆိုပါ ငွေအားသုံးစွဲခွင့် ရရှိရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရသို့ တင်ပြထားသည်။ “ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းက ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်တာ။ ကျွန်တော်တို့က တစ်နှစ်တစ်နှစ်ကို ရှာနိုင်တာ ၂၀ ဘီလျံပဲ ရှာနိုင်တယ်။ ဓာတ်အားက တစ်မဂ္ဂါဝပ် တိုးလာရင် တစ်ဘီလျံလောက် သုံးရတယ်။ တစ်နှစ်ကို မဂ္ဂါဝပ်တိုးတာက ၁၅၀ ကနေ ၂၀၀ ကြားထဲလောက် တိုးနေတယ်။ ကျွန်တော်တို့ တစ်နှစ်တစ်နှစ် သုံးရမှာက ၁၅၀ ဘီလျံလောက် သုံးရမှာ။ ကျွန်တော်တို့ သုံးနိုင်တဲ့ ပမာဏက အလွန်ဆုံး သုံးနိုင်ရင် ဘီလျံ ၂၀ ပဲရှိပါတယ်။ လောလောဆယ်ရှိတဲ့ဟာကို ၁၀၀ ဘီလျံလောက်ထည့်နိုင်မယ် ဆိုရင်တော့ တော်တော်လေး ဣန္ဒြေရရပေး လို့ရမယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ ဦးသန့်ဇင်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ တာမွေမြို့ နယ်၊ လှိုင်မြို့နယ်၊ ဒလမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ရှုပ်ထွေးဆားဗစ်ဇင်းလုပ်ငန်း စံပြအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။ Writer: ဇေယျာထွန်း
Source : http://ift.tt/2bmQnqD
via IFTTT

No comments:

Post a Comment