Tuesday, August 9, 2016

The Irrawaddy - Burmese Edition

KIA ထောင်ထားသည့် မိုင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် တချို့ သေဆုံး ဒဏ်ရာရ နန်းလွင်နှင်းပွင့် =========================== ရှေ့တန်း စစ်မျက်နှာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်တို့တွင် ကချင်လွတ်လပ်ရေး တပ်မတော်/KIA ထောင်ထားသည့် မိုင်းများပေါက်ကွဲခြင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အရာရှိနှင့် တပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၈ ရက်က မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ လုံခြုံရေးကိစ္စဖြင့်သွားလာသည့် ရဲတပ်ဖွဲ့ယာဉ်တန်းသည် ကာမိုင်းမြို့အရောက်တွင် KIA တပ်ဖွဲ့၏ မိုင်းပေါက်ကွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံမှုကြောင့် ဒုရဲမှူးတဦးနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း မြစ်ကြီးနားမြို့ရဲစခန်းမှ တာ၀န်ကျရဲ၀န်ထမ်းက အတည်ပြုပြောသည်။ အလားတူ ဩဂုတ်လ ၇ ရက်က ဒေါ့ဖုန်းယန်မြို့နယ် မံပင်-ရှဒါန်ပါဒေသအတွင်း အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် KIA တပ်ဖွဲ့၏ အဝေးထိန်းမိုင်း ၇ လုံး ပေါက်ကွဲခဲ့ပြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းကြောင့် အရာရှိတချို့နှင့် တပ်ဖွဲ့ဝင်တချို့သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ အဝေးထိန်းမိုင်း ပေါက်ကွဲပြီးနောက် KIA ဘက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့့သည်ဟု ထိုသတင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ သို့သော် ထိခိုက်ဒဏ်ရာရသူ စာရင်းကို အတိအကျ ထုတ်ပြန်ခြင်း မရှိပေ။ တပ်မတော်နှင့် ရဲတပ်ဖွဲ့၀င်များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး KIA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက “အဲဒီဘက်က စစ်ကြောင်းထိုးလာလို့ ဖြစ်မယ်ထင်တယ်။ တပ်စခန်းနဲ့လည်း နီးတယ်လို့ ကြားပါတယ်။ ကာမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ နီးတဲ့နေရာလို့ကြားတယ်။ ဒါ့ကြောင့်လည်း KIA ဘက်က အခုလို ဖြစ်တာလို့ ယူဆပါတယ်” ဟု ဧရာဝတီကို ပြောသည်။ ရဲတပ်ဖွဲ့ဝင်များ ကာမိုင်းမြို့တွင် ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ဆေးရုံတင်ထားရသည်ကို ကြားသိရကြောင်း၊ ထိုနေရာအနီးတဝိုက်တွင် တပ်မတော်က KIA တပ်စခန်းများရှိရာသို့ စစ်ဆင်ရေးပြုလုပ်မှုရှိနေပြီး စစ်ရေးအခြေအနေ တင်းမာနေသည့်ဒေသ ဖြစ်ခြင်းကြောင့် ထိုသို့ဖြစ်ပွားရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဒေါ့ဖုန်ယန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုပတ်သတ်၍ သင်္ကြန်မတိုင်ခင် ဧပြီလက စတင်ပြီး တပ်မတော်က မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဒေါ့ဖုန်ယန်အနီးတဝိုက်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဟု သတင်းကြားထားသဖြင့် KIA တပ်ဖွဲ့ဝင်များက သတိအနေအထားဖြင့် ရှိနေခဲ့ကြောင်း၊ ဩဂုတ်လ ၇ ရက်တွင် တပ်မတော်က KIA တပ်စခန်းနှင့် နီးကပ်လာခြင်းကြောင့် စခန်းအနီးတွင် လုံခြုံရေးချထားသည့် မိုင်းများပေါက်ကွဲပြီး တပ်မတော်သားများ ထိခိုက်ရခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု ဒုဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ထို့အပြင် ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း (၆) ၊ တနိုင်းမြို့နယ်ရှိ KIA တပ်ရင်း (၁၄) ၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA တပ်မဟာ (၆) နှင့် တပ်မဟာ (၄) တို့ အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း အစိုးရတပ်မတော်က စစ်ဆင်ရေးများ ပြုလုပ်လာသဖြင့် အဆိုပါနေရာများ၌ စစ်ရေးအခြေအနေ တင်းမာနေကြောင်း ၎င်းက ပြောသည်။ “တပ်မတော်ဘက်က စစ်ဆင်ရေးလုပ်တော့ KIA ဘက်ကလည်း ခုခံဖြစ်တယ်။ အဲဒါကြောင့် အဓိက က တပ်မတော်ဘက်က စစ်ဆင်ရေးကို ရပ်ဆိုင်းဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို မဟုတ်ရင် အနည်းနဲ့အများတော့ ထိခိုက်တာတွေ အနှောင့်အယှက်တွေ ရှိမယ်လို့ ကျနော် ယူဆပါတယ်” ဟု ဒုဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ တပ်မတော်က တို်က်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သတ်၍ ၎င်းတို့စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်း ဖြစ်ကြောင်းသာ ထုတ်ပြန်ပြောဆိုထားသည်။ ဩဂုတ်လ ၃ ရက်က ကာမိုင်းမြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်သူများကို တပ်မတော်က ဖမ်းဆီးရာတွင် KIA တပ်စခန်းများအနီးသို့ စစ်ကြောင်းများ ကပ်လာသည်ဟုဆိုကာ တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ KIA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။ သု့ိသော် လာမည့်ဩဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရန် အစိုးရက KIA အဖွဲ့ကို ဖိတ်ကြားထားပြီး KIA ဘက်ကလည်း တက်ရောက်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
Source : http://goo.gl/iPK6pb
via IFTTT

No comments:

Post a Comment