တစ်နိုင်ငံလုံးတွင် မူးယစ်မှုဖြင့် ခုနှစ်လအတွင်း လူခုနှစ်ထောင်ခန့် ဖမ်းမိ ရန်ကုန်၊ ဩဂုတ် ၉ မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ခုနှစ်လအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၄၆၄၅ မှုမှ ပြစ်မှုကျူးလွန်သူ ၆၉၇၀ ဦးကို မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ဗဟို)ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဖမ်းမိခဲ့သော အမှုများတွင် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အများဆုံး ဖမ်းမိခဲ့ပြီး ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒုတိယ အများဆုံး ဖမ်းမိခဲ့ကြောင်း၊ ယခုနှစ် မူးယစ်အမှုဖြင့် ဖမ်းမိသူများ တွင် အိမ်နီးချင်း နိုင်ငံများသို့ မူးယစ်ဆေးဝါး အလုံးအရင်းဖြင့် တင်ပို့နေသည့် အဖွဲ့အချို့ပါ မူးယစ်ဆေးဝါး များနှင့်အတူ လက်နက် ခဲယမ်းများဖြင့် ဖမ်းမိခဲ့ကြောင်း ယင်း(ဗဟို)မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ယခုနှစ် မေ ၁ ရက်မှစတင်ကာ ရက် ၁၀၀ စီမံချက်ဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် စစ်ဆင်ရေး စီမံချက်ဖြင့် အရှိန်မြှင့်တင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းစီမံချက်ဖြင့် ဖမ်းဆီးမှုကြောင့် သုံးလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် မူးယစ်အမှုဖြင့် ၃၃၃ ဦး၊ မန္တလေးတိုင်း ဒေသကြီး တွင် မူးယစ်အမှုဖြင့် ၂၄၈ ဦးကို ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး (ဗဟို)မှ ဒုတိယ ရဲမှူးကြီး စိုးလင်းအေးက ပြောကြားသည်။ “မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ပတ်သက်ပြီး လက်ရှိလွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး တစ်နိုင်ငံလုံး လွှမ်းခြုံသော အဖွဲ့အစည်းပေါင်းစုံနဲ့ အကြီးစားစစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်နေပါပြီ၊ မြန်မာနိုင်ငံကို အဓိကခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် ရေးဆွဲနေပါတယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်ဝင်းက ပြောကြားသည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သော ရန်ကုန်နှင့် မန္တလေးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ထိစပ်လျက်ရှိသော ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရှိရပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးများ ဝင်ရောက်လာနိုင်မည့် မြို့ဝင်/ထွက် လမ်းကြောင်းများကို ပိတ်ဆို့စစ်ဆေးမှုများ အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Source : http://ift.tt/2aKLurf
via IFTTT
No comments:
Post a Comment