Wednesday, July 4, 2018


မဟုတ်မခံ စိတ်ဓာတ်ရှိတဲ့ “ဒေါင်းနီမ” ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် အိန္ဒြာကျော်ဇင် အကယ်ဒမီ ထူးချွန်ဆု ၂ ဆုရရှိထားတဲ့ သရုပ်ဆောင်၊ မင်းသမီး အိန္ဒြာကျော်ဇင်ကို သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်း အနေနဲ့ ဒါရိုက်တာဟိန်းစိုး ရိုက်ကူးမယ့် “ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မဟုတ်မခံ စိတ်ဓာတ်ရှိပြီး သမီးကို အရမ်းချစ်တဲ့ “ဒေါင်းနီမ” ဆိုတဲ့ ဇာတ်ရုပ်နဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ “အဓိကကတော့ ဒေါင်းနီမရဲ့ စိတ်ဓာတ်က သူ မဟုတ်မခံပေါ့နော်။ အဓိကက သူ့ဘဝမှ သူ့သမီးလေးပေါ့။ သမီးကို ချစ်တဲ့စိတ်ကြောင့် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ သက်ငယ်မုဒိမ်းကို ပညာပေးချင်တဲ့ ဇာတ်လမ်းမျိုး သွားချင်တယ်။ မိခင်တွေကို ကလေးတွေအတွက် လက်လွတ်စပယ် မုဒိမ်းမှုဖြစ်သွားစေမယ့် ဖြစ်ရပ်မျိုးကို မဖြစ်အောင် ဒီဇာတ်က ပညာပေးတဲ့ သဘောလေးပေါ့” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုကို စိစစ်ပြီး လက်ခံလေ့ရှိတဲ့ အိန္ဒြာကျော်ဇင်ကတော့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကို လက်ခံဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။ “အခြေအနေ အကြောင်းတရားက မတိုက်ဆိုင်တာတခုရယ် နောက်ပြီးတော့ ရိုက်ဖို့အတွက်ကို အဆင်မပြေ၊ ကလေး ကိစ္စနဲ့ နယ်ထွက်ဖို့ အဆင်မပြေတာနဲ့ကြောင့် မရိုက်ဖြစ်တာပါ။ ဒီကားကတော့ ကလေးတွေ ကျောင်းပိတ်တုန်းလည်း ဖြစ်တယ်။ ကလေးတွေ ကျောင်းက သြဂုတ်လလယ်မှ ဖွင့်မှာဆိုတော့ ဒီကားက ဇူလိုင်မှာ ရိုက်မှာဆိုတော့ နယ်ထွက်လို့ အဆင်ပြေလို့ ရိုက်ဖြစ်တာပါ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ အဆိုပါ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကတော့ စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူး ပုံဖော်သွားမှာ ဖြစ်ပြီး မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်မှာ သွားရောက်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အဆိုပါဇာတ်လမ်းရဲ့ ဝတ္ထုကို ဖတ်ခဲ့စဉ်ကပင် အဆုံးထိ မဖတ်နိုင်ဘဲ ခံစားခဲ့ရပြီး သရုပ်ဆောင်တဲ့ အခါမှာလည်း တော်တော်ပြင်းထန်မယ်လို့ ပြောပါတယ်။ “ဒီဝတ္တုကို ဖတ်ကတည်းက အဆုံးထိ တောက်လျှောက် ဖတ်လို့ မရဘူး။ သက်ငယ်မုဒိမ်းဆိုတော့ ရင်ဘတ်ထဲမှာ အလုံးကြီး စို့ပြီးတော့ ပြန်ပြန်လျော့ပြီးတော့မှ ဖတ်ရတယ်။ တော်တော်လေးတော့ ပြင်းထန်မယ်။ ဇာတ်လမ်း အရမ်း ကောင်းပါတယ်။ ပရိသတ်တွေ အရမ်းကြိုက်တယ်။ ဝတ္တုမှာကတည်းက ပေါက်ထားတဲ့ဇာတ် ဆိုတော့ ဒီဇာတ်ကို လာငှားတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေးတဲ့အနေနဲ့ ရိုက်ကူးတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် မိခင်တယောက်လည်းဖြစ်တဲ့ သက်ငယ် မုဒိမ်းတွေ ဖြစ်ပေါ်နေတဲ့အပေါ်မှာ အခုလိုပြောပြခဲ့ပါတယ်။ “ဒီကိစ္စကတော့ ဘယ်မိခင်ပဲ မေးမေး မခံစားနိုင်တဲ့ ဖြစ်ရပ်တခုပေါ့နော်။ အူဝဲအနေနဲ့လည်း ဒီပညာပေး ဇာတ်လမ်း ပါဝင်ရတဲ့အတွက် တော်တော်လေးကို လုပ်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ဒီလိုကိစ္စမျိုးကြီးကို နောက်ထပ် မလုပ်မိအောင် ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာမျိုး ထိထိရောက်ရောက်နဲ့ ဖြစ်စေချင်တယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ထပ်ဆင့် အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်ဟာ ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ကောင်းကင်” ရုပ်ရှင်နဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပြီး ၁၃ နှစ်အကြာမှ ယခုနှစ် အကယ်ဒမီပေးပွဲမှာ “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်နဲ့ ဒုတိယအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင် The post မဟုတ်မခံ စိတ်ဓာတ်ရှိတဲ့ “ဒေါင်းနီမ” ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် အိန္ဒြာကျော်ဇင် appeared first on ဧရာဝတီ.
Source : https://ift.tt/2KL3pSP
via IFTTT

No comments:

Post a Comment