Thursday, July 5, 2018


ကယားမြို့ ဗိုလ်ချုပ်ရုပ်ထု ကိစ္စ ဆက်တိုက်ကန့်ကွက်မည်ဟုဆို ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ထားရှိမည့်အပေါ် ကန့်ကွက်မှုများ ဇူလိုင် ၁၉ ရက် အထိ ဆက်တိုက် လှုပ်ရှားသွားမည်ဟု ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့(KNGY)၏ အတွင်းရေးမှူး ခွန်သောမတ်က ပြောသည်။ ဇူလိုင် ၃ ရက်က လွိုင်ကော်မြို့၌ ကရင်နီ လူမှုအဖွဲ့အစည်းများက ဦးဆောင်၍ ဒေသခံ လူထု ၁ ထောင် ဝန်းကျင်သည် ဗိုလ်ချုပ် အောင်ဆန်း ရုပ်တု ထားရှိမည့် အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြရာမှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။ KNGY မှ အတွင်းရေးမှူး ခွန်သောမတ်က “ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု တည်ဆောက်ရေး ရပ်တန့်ဖို့ကတော့ ဇူလိုင် ၁၉ မတိုင်ခင်ထိ ကျနော်တို့ လှုပ်ရှားမှုတွေက ဆက်တိုက် ရှိနေအုံးမှာပဲ။ အခု ယတိပြတ် ပြောနိုင်တာ တခုကတော့ လူထု အင်အားနဲ့ ကျနော်တို့ ဆက်သွားမယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆက်ပြီးတော့ ဒီကိစ္စကို ရပ်တန့် နိုင်အောင် ကျနော်တို့ လုပ် သွားမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။ ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးခဲ့ရသည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့၌ ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုကို ကယားပြည်နယ် အစိုးရအဖွဲ့က ဦးစီး၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံတွင် စိုက်ထူ ထားရှိနိုင်ရေး ကြိုးပမ်းရာမှ ကယားလူမှု အဖွဲ့အစည်းများက တိုင်းရင်းသား တန်းတူရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင် သေးဘဲ ဗိုလ်ချုပ်ရုပ်တု မထားရှိရန် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ပြီးနောက် ကရင်နီ သမိုင်းကြောင်း လက်ကမ်း စာစောင်များ ဖြန့်ဝေသည်ဟု ဆိုကာ ကရင်နီလူငယ် ၁၀ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် (ဂ)တို့ဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တရားလို ပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။ ခွန်သောမတ်က “ကရင်နီ သမိုင်းအမှန်တွေ ရေးပြီးတော့ ကယား ပြည်နယ်မှာရှိတဲ့ ၇ မြို့နယ်ကို စာဖြန့်တယ်။ ရှမ်းပြည် နယ်မှာ ရှိတဲ့ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲ အဲဒီဘက်တွေ ကျနော်တို့ ဖြန့်တယ်ပေါ့နော်။ စာဖြန့်တယ်ဆိုပြီး တရားစွဲလိုက်တာ ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ပေါ့။ ဒီနေ့က ရုံးချိန်း ပေါ့။ တရားရုံးကနေ တိုက်ရိုက် ဆင့်ခေါ်တာပေါ့။ အခု လောလောဆယ်မှာတော့ ကျနော်တို့ တရားရုံး ရှေ့မှာ ရှိတယ်။ဘာမှမလုပ်ရ သေးဘူးပေါ့နော်။ ကျနော်တို့ အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု ပြောသည်။ နိုင်ငံသား တယောက်အနေနှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်နှင့် ထုတ်ဖော်ပိုင်ခွင့်တို့ ရှိခြင်းကြောင့် တရားစွဲဆိုထားသော အမှုကို ရုပ်သိမ်း ပေးသင့်ကြောင်း၊ တရား စွဲခံထားရသည့် ၁၀ ဦးအနက် အမျိုးသမီး ၃ ဦးသည် စာစောင် ဖြန့်ဝေသည့် အထဲ၌ ပါဝင်ခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။ KNGY ၏ အတွင်းရေးမှူး ခွန်သောမတ်က “ဒီကိစ္စကိုတော့ မဆွဲသင့်ဘူးလို့ ထင်တာပဲလေ။ ဒီလက်ရှိ ကယား အစိုးရ ကတော့လေ။ ၁၀ ယောက်ကို ဆွဲထည့်တဲ့ အထဲမှာလည်း စာဖြန့်ဝေတဲ့ အထဲမှာ မပါတဲ့ လူတွေလည်း အများကြီးရှိတယ်။ ဘယ်လိုတွေကြောင့် လုပ်တာလဲ မသိဘူးပေါ့နော်။ အတိအကျလည်း မသိဘူး။ တွေ့တဲ့ နာမည် ကောက်တပ်လိုက်တဲ့ သဘောမျိုး ဖြစ်တယ်ပေါ့” ဟု ပြောသည်။ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် (ဂ)ဖြင့် တရားစွဲဆို ခံရသူများမှာ မမူကတ်သရင်း၊ မကာမေးလာ၊ မော်ရား၊ ဖရန်စ္စကို၊ ကိုမျိုးဝင်းလှိုင်(ခ) ပါစကွာလယ်၊ ဖိလစ်(ခ)စိုးအောင်၊ ဘွဲထူး၊ မရိုစီးနား၊ မရိုစီကျော်၊ ဒီးဒီ(ခ)စစ်မုန်း တို့ ဖြစ်ကြကြောင်း ဆိုသည်။ ထိုအထဲမှ မမူကတ်သရင်း၊ မကာမေးလား၊ မော်ရားတို့သည် စာစောင်များ ဖြန့်ဝေသည့် အထဲမှာ ပါဝင်ခဲ့ခြင်း မရှိကြောင်း ခွန်သောမတ်က ပြောသည်။ လက်ရှိ၌ တရားစွဲဆို ခံရသူများသည် ယနေ့ (ဇူလိုင် ၅ ရက်) လွိုင်ကော်မြို့နယ် တရားရုံးမှာ ရောက်ရှိနေကြကြောင်း သိရ သည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ကယားပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဧရာဝတီ သတင်းဌာနမှ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရပါ။ ဆက်စပ်ဖတ်ရှုရန်–လွိုင်ကော်တွင် ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆန္ဒပြမှု ရုန်းရင်းဆန်ခတ်ဖြစ် The post ကယားမြို့ ဗိုလ်ချုပ်ရုပ်ထု ကိစ္စ ဆက်တိုက်ကန့်ကွက်မည်ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2zcLhg7
via IFTTT

No comments:

Post a Comment