Wednesday, July 4, 2018


လမ်းဘေး ဈေးသည်များ စနစ်ကျရေး စီစဉ် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းရှိ လမ်းမပေါ်ကျော်ကာ ရောင်းချနေသည့် ဈေးသည် များကို စည်းကမ်းတကျ ဖြစ်စေရန်နှင့် နေရာအတည်တကျ ချထား ပေးနိုင်ရန်အတွက် စီစဉ်နေ ကြောင်း သိရသည်။ ထိုဈေးသည်များကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ၁ လ အတွင်း စနစ်တကျ သန့်သန့်ရှင်းရှင်း ရောင်းချရန် အတွက် စောင့်ကြည့်မည်ဖြစ်ပြီး ဖလက်ဖောင်းပေါ်တွင်သာ တန်းစီရောင်းချနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ဧရာဝတီသို့ ပြောသည်။ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “လမ်းဘေးဈေးသည်တွေကို ကျနော်တို့က ဖမ်းတာဆီးတာမျိုး မလုပ် ဘဲ နဲ့ နေရာတခု သတ်မှတ်တယ်။ သတ်မှတ်တဲ့နေရာမှာ စနစ်တကျ စည်းကမ်းလိုက်နာပြီး ရောင်းနိုင်တဲ့ အစီ အစဉ်ကို သွားဖို့အတွက်ကို အခုကစပြီး စည်းကမ်းထိန်းတာပါ” ဟု ပြောဆိုသည်။ ဆက်လက်ပြီး ဦးလှဌေးက “သူတို့ စည်းကမ်းလိုက်နာမှု တခုရအောင် ကျနော်တို့လုပ်မယ်။ လုပ်ရင်းနဲ့ အချိန် ကာလတခုမှာ ကျနော်တို့တွေ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ စည်းကမ်းလိုက်နာမှုတွေ ရှိလာပြီဆိုရင် ဒီဧရိယာ လေးမှာ ဈေးသည်တွေကို ကျနော်တို့က နေရာအနေအထား ပြင်ဆင်ပြီးတော့ စနစ်တကျနေရာလေးတွေ ပေး မယ်။ ပေးပြီးတော့ သူတို့ကို ယာယီဈေးရောင်းခွင့် ကတ်ပြားပေးမယ်” ဟုလည်း ပြောသည်။ ထိုကဲ့သို့ ဈေးဆိုင်များ လမ်းမပေါ်သို့ ရောက်ရှိနေခြင်းသည် ကားသွားလာမှုနှင့် မလွတ်ကင်းသည့် အတွက် လမ်းသွား လမ်းလာများအနေဖြင့် အခက်အခဲဖြစ်နေရကြောင်း အဆိုပါလမ်းတွင် နေထိုင်သူတချို့က ဆိုသည်။ ဈေးသည်များကို ပလက်ဖောင်းပေါ်သို့ နေရာရွှေ့လိုက်ခြင်းအားဖြင့် လူသွားလမ်း မကျန်ရှိတော့ မည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။ အဆိုပါ စိုးရိမ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ပလက်ဖောင်းပေါ် တင်တဲ့အခါမှာ လည်း အလယ်မှာ လူသွားလမ်း ပေးထားတယ်။ သို့သော် အလွတ်မှာ သွားတာနဲ့ယှဉ်ရင် နည်းနည်းတော့ အခက်အခဲရှိတယ်။ လတ်တလော အခြေအနေမှာတော့ ဆိုင်ကဘယ်နှပေ၊ လူသွားလမ်း ဘယ်နှပေဆိုတာ မသတ်မှတ်ထားတော့ နည်းနည်း သွားရလာရတာ အခက်အခဲရှိတယ်။ နောက်ပိုင်းကျရင် လူသွားလမ်းကို ဘယ်လောက် ထားမယ်။ ဆိုင်ကို ပေဘယ်လောက် ခင်းရမယ်ဆိုတာ တိတိကျကျ သတ်မှတ်မယ်” ဟု ရှင်းပြ သည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် နေရာ အခက်အခဲဖြစ်သော်လည်း ရောင်းချရမည့်နေရာ သတ်သတ်မှတ်မှတ် ပြုလုပ်ပေးပြီး နေရာအသစ်ပြန်လည်ရရှိပါက အဆင်ပြေကြောင်း မြန်မာ့ဂုဏ်ရည် လမ်းတွင် ဈေးရောင်းချသူ ဒေါ်နှင်းက ဧရာဝတီသို့ ပြောသည်။ “အောက်မှာ မရောင်းခိုင်းတော့ နေရာ အခက်အခဲလေးတွေ ဖြစ်သွားတယ်။ နေရာ ကျုံ့သွားတာပေါ့။ နေရာ အသစ်ပြန်ပေးမယ်လို့ ကြားတယ်။ ကျမတို့ လက်မှတ်တွေလည်း ထိုးရတယ်။ နေရာအသစ် ပြန်ပေးမယ် ဆို တော့လည်း ကောင်းပါတယ်။ နေရာလေးနဲ့ အတည်တကျ ဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။ မြန်မာ့ ဂုဏ်ရည်လမ်းတွင် ဈေးရောင်းချသည့် ဆိုင်ပေါင်း ၃၂၀ ခန့် ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က တိုင်းဝန်ကြီးချုပ် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေ အသစ်တွင် လမ်းဘေးဈေးသည်များအား သင့်လျော်သည့် နေရာများတွင် စနစ်တကျ နေရာချထား စီမံကွပ်ကဲရမည်ဆိုသည့် ပြဋ္ဌာန်းချက်များလည်း ပါဝင်လာသည်ကို တွေ့ရသည်။ ထိုဥပဒေသစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသည့် နေရာတွင် စည်းမျဉ်း စည်းကမ်းနှင့် အညီ ရောင်းချခွင့်ကို ဖောက်ဖျက်ပါက ဒဏ်ငွေ ကျပ် သုံးသောင်းကနေ သုံးသိန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ပြီး အဆိုပါပြစ်မှုကို ဆက်လက် ကျူးလွန်ပါက ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်ကြောင်း ပါရှိသည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က စတင်အသက်ဝင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် အခန်း ၃၁ ခန်း ပါဝင်ပြီး နောက်ဆက်တွဲ ဇယား ပြစ်မှုနှင့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲထားသည်။ The post လမ်းဘေး ဈေးသည်များ စနစ်ကျရေး စီစဉ် appeared first on ဧရာဝတီ.
Source : https://ift.tt/2lTWJDS
via IFTTT

No comments:

Post a Comment