Tuesday, July 3, 2018


လာဘ်ပေးသူတွေလည်း အရေးယူခံရတော့မည် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်လိုက်သည့် ၂၀၁၈ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေးသူများမှာပါ အန္တရာယ်များသည့် အခြေအနေတွင် ရှိနေကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ၌ ဇူလှိုင် ၂ ရက်တွင် ပြုလုပ် သော အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ရေးထိုးပွဲ အခမ်းအနား နှင့် စီးပွားရေး လုပ်ငန်း များဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်းဆွေးနွေးပွဲတွင် “ဥပဒေ ပုဒ်မ ၃၊ က မှာ ကျနော်တို့ပြုပြင်ထားတာ ရှိပါတယ်။ အဲဒါက ပေးခြင်း ယူခြင်းဆိုတဲ့ အပိုင်းကို ပိုမိုပြီး ထင်ရှားအောင်ဖော်ပြထားပါတယ်။ မူလတုန်းကတော့ ပေးခြင်း၊ ယူခြင်းဆိုတဲ့ အချက်အလက်တွေပါပါတယ်။ ဒါပေမယ့် ပေးသူ၊ ယူသူနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ သည်းသည်းကွဲကွဲမရှိဘူး။ အခုကျတော့ မည်သူမဆိုလို့ သတ်မှတ်ထားတဲ့ အတွက် အကုန်လုံးပါဝင်လာတာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။ ပြင်ဆင်လိုက်ပြီဖြစ်သည့် ပုဒ်မ ၃ (က)တွင် အဂတိလိုက်စားမှုဆိုသည်မှာ မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ ယင်းတို့နှင့် သက်ဆိုင်မှု ရှိသော သဘောတူစာချုပ်တခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်း တရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေးပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရူံးစေခြင်း ရှိလျှင် အဂတိလိုက်စားမှုမြောက်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြီးခဲ့သည့် သတ္တမအကြိမ် အမျိုးသားလွှတ်တော်တွင် ဥပဒေပါ အချက် ၂၄ ချက်ကို ပြင်ဆင်ပေးပို့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ဇွန်လ ၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အတည်ပြုဆုံးဖြတ်ပေးခဲ့သည်။ “မြန်မာလူမျိုးတွေရဲ့ သဘာဝအရ ပေးကမ်းခြင်းက အောင်မြင်ရာ၏ ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိနေတော့ တချို့ကိစ္စ တွေမှာ စေတနာအလျောက်ပဲဖြစ်ဖြစ် ပေးကမ်းလိုတဲ့ စိတ်စေတနာ ရှိတတ်တယ်။ ဒါပေမယ့် ဥပဒေအရ ဆိုရင်တော့ ဒါက အလွန်အန္တရာယ်များတဲ့ အနေအထားရောက်နေပြီ ဆိုတာ သိစေလိုပါတယ်”ဟု အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။ ဆက်လက်၍ ၎င်းက “လက်ဆောင် ပေးတယ်ဆိုတဲ့ နေရာမှာလည်း အဓိက တံစိုးလက်ဆောင်လို့ ကျနော်တို့ သတ်မှတ် တာပေါ့လေ။ ဒီမှာ ငွေကြေးမှ တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းမှ မဟုတ်ပါဘူး။ ဝန်ဆောင်ခတွေ၊ ပြုစုတာတွေ ဝန် ဆောင်ခပေးတာတွေပါ အကျူံးဝင်ပါတယ်။ ဒါတွေကို ကျနော်တို့က သတိထားလိုက်မယ် ဆိုရင် အဂတိလိုက်စားမှုမှာ သေချာပေါက် လျော့နည်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ အဂတိလိုက်စားမှုမှာ ကိုယ်ကျင့်သိက္ခာနှင့် သက်ဆိုင်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များသာမက အများပြည်သူ မိတ်ဖက်အဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းပြီး နိုင်ငံသားတိုင်း အဂတိလိုက်စားမှုကို ဆန့်ကျင် လုပ်ဆောင်မှသာ အောင်မြင်ဟုလည်း ၎င်းကသုံးသပ်သည်။ ထို့ကြောင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရဌာနများတွင် ဌာနအလိုက်၊ အဖွဲ့အစည်းအလိုက် ကိုယ်တိုင် တာဝန်ယူမှုရှိစေရန်အတွက် အသင်းအဖွဲ့ ဖွဲ့စည်းရန်ဆွေးနွေးနေပြီး အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြဌာန်းကာ သင်တန်းများပေးနိုင်အောင်လည်းဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် နည်းဥပဒေရေး ဆွဲရန် လိုအပ်နေပြီး ယင်း နည်းဥပဒေကို လာမည့် သုံးလအတွင်း ထွက်နိုင်ရန်မျှော်လင့်ထားကြောင်း၊ နည်းဥပဒေ ရေးဆွဲပြီးလျှင် အဂတိတိုက်ဖျက်ရေး လုပ်ဆောင်မည့် လုပ်ငန်းများမှာ ပို၍ အသက်ဝင်လာနိုင်မည်ဟု ကော်မရှင်မှ သိရသည်။ The post လာဘ်ပေးသူတွေလည်း အရေးယူခံရတော့မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2lSxOR7
via IFTTT

No comments:

Post a Comment