Tuesday, July 3, 2018


နိုင်ငံရေး၌ အမျိုးသမီးများ အချိုးကျ ပါဝင်မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ နိုင်ငံရေး ကဏ္ဍ၌ အမျိုးသမီးများ အချိုးကျ ပါဝင်မှု စနစ်အရ ထည့်သွင်းခြင်းထက် အရည်အသွေး မြင့်မားအောင် ပြုလုပ်ပြီး ထည့်သွင်း ဖွဲ့စည်းရန် နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လိုလားသည်ဟု ဗဟိုအမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်က ပြောသည်။ ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ MICC-2 တွင် ကျင်းပပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ပထမ အကြိမ် နိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတေ့ွဆုံပွဲ အခမ်းအနားအပြီ်း ၎င်းက ယင်းသို့ သတင်း မီဒီယာများကို ပြောခြင်း ဖြစ်သည်။ ဒေါက်တာ မေဝင်းမြင့်က “ကိုတာ စနစ်ကို အန်တီတို့ လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည် လည်း လက်မခံဘူး။ ပထမဆုံးနေ့က အန်တီတို့ကို ခေါ်တွေ့တယ်။ အမျိုးသမီးတွေကို ကျွမ်းကျင်မှု အရည်အသွေးတွေ (Skill) မြှင့်ပေးပါတဲ့။ ဒီ ကိုတာကို မပြောပါနဲ့တဲ့ အမျိုးသမီးတွေ skill မြင့်သွားရင် ၃၀ နှုန်း မဟုတ်ဘူး။ ၆၀ လည်း ယူမှာပဲ” ဟု ပြောသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည်ဟု သတ်မှတ်ထားသော်လည်း အမျိုးသမီး ပါဝင်မှုနှုန်းမှာ မပြည့်မီသေးကြောင်း၊ အမျိုးသမီးများသည် နိုင်ငံရေးကို စိတ်ဝင်းစားမှု ရှိလာပြီး ထူးချွန်ထက်မြက်စွာ ဆောင်ရွက်လာ နိုင်ပါက သတ်မှတ်ထားသည့် ရာခိုင်နှုန်း သာမက ၆၀ ရာခိုင်နှုန်းအထိလည်း လက်ခံသွားမည်ဟု ၎င်းက ရှင်းပြသည်။ နိုင်ငံအတွင်း၌ ငြိမ်းချမ်းရေး မရှိသည့်အတွက် စစ်ဘေးရှောင်များ ဖြစ်လာရကြောင်း ယင်းစစ်ဘေးရှောင်များတွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါရှိနေပြီး စစ်ဘေးရှောင်ရသည့် ဒုက္ခကို အမျိုးသမီးများက အသိဆုံးဖြစ်သည့် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ အမျိုးသမီး၏ ခံစားချက်ကို ထည့်သွင်း ဆွေးနွေးမှသာလျှင် ပြည့်စုံသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မည် ဟု ဒေါက်တာ မေဝင်းမြင့် ပြောသည်။ ၎င်းက ဆက်လက်၍ ယခု ကျင်းပသည့် အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတေ့ွဆုံပွဲ အခမ်းအနားသို့ နေရာ အခက် အခဲကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ မှ ကော်မတီဝင်များကိုသာ ဖိတ်ကြားနိုင်ခြင်း ဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကျင်းပမည့် တွေ့ဆုံပွဲများတွင်မူ ရပ်ကွက်နှင့် ကျေးရွာမှ အမျိုးသမီး ကော်မတီဝင်များကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဆိုသည်။ အမျိုးသမီး အခွင့်ရေး လုပ်ရှားသူ ဒေါ်နန်းဖြူဖြူလင်းက “ပြောဆို ဆွေးနွေးခွင့်ရှိတဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေရဲ့ လက်ထဲကို ဆွေးနွေးလိုတဲ့ နိုင်ငံရေး ကဏ္ဍ အပြင် ကျားမ တန်းတူ ညီမျှရေး မူဝါဒကို အလေးပေးပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်ကြမယ် ဆိုရင် ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေနဲ့ ဘာဆိုင်လို့လဲ ဆိုတဲ့ မေးခွန်းတွေကို မေးတော့မှာ မဟုတ်ပါ ဘူး” ဧရာဝတီသို့ ပြောသည်။ ဒေါက်တာ မေဝင်းမြင့်က နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်း အမျိုးသမီး ပါဝင်မှုကို ရာခိုင်နှုန်းဖြင့် သတ်မှတ် ထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်မူ အမျိုးသမီး ပါဝင်မှုကို နီပေါ နိုင်ငံကဲ့သို့ ရာခိုင် နှုန်းဖြင့် သတ်မှတ်ထားခြင်း မရှိသေးကြောင်း ဥပမာပေး၍ ပြောဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးရုံးများ၌ အမျိုးသမီး အုပ်ချုပ်ရေးမှုး ၈၉ ဦး အထိ ပါဝင် ဖွဲ့စည်း ထားပြီး ဖြစ်သည်ဟုလည်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အမျိုးသမီး ဗဟို လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနွယ် က “အားလုံး သိတာက ဗဟိုနဲ့ ဆက်သွယ်ပါ ဆိုတာ လောက်ပဲသိကြတာပေါ့။ တဦးချင်း၊ တဖွဲ့ချင်းကို လိုက်မေးလိုက်ကြည့် ဗဟိုနဲ့ ဆက်သွယ်တဲ့သူ ချက်ချင်း အဖြေမရှိဘူး။ ဖုန်းနံပါတ်တွေ ပေးမယ် ကူးတယ်။ တကယ်တမ်း ဆက်သွယ်တော့လည်း လူကြီး တယောက်နဲ့ ဆက်သွယ်ဖို့ ဆိုတာ မလွယ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါပွဲ၌ လုပ်ငန်းအကြောင်း ယခင်က မသိသည့် အချက်များကို သိရှိရကြောင်း၊ ကော်မတီဝင်ချင်း တဦးနှင့် တဦး ချိတ်ဆက်ရန် အတွက် မျှဝေရမည့် အချက်များ၊ အုပ်စုဖွဲ့၍ ချိတ်ဆက်ကာ အသိပညာ အတွေ့အကြုံများ ဖလှယ်နိုင် ကြောင်း တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်ကို ၎င်းက ဆိုသည်။ ထို့ပြင် အဆိုပါ တွေ့ဆုံပွဲ၌ ဆွေးနွေးချက်များတွင် အများပိုင် ငွေကြေးကို အလွဲသုံးစားလုပ်ခြင်းနှင့် ကိုယ့်တက်လမ်း အတွက် အချင်း ချင်း နင်း၍တက်တဲ့ ပုံစံမျိုးကို လုံးဝ လက်မခံသည့် အတွက် ယင်း ၂ ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် လုံးဝ ခွင့်မလွှတ်သည့် အချက်လည်း ဖြစ်သည် ဟု ဒေါက်တာ မေဝင်းမြင့် က ပြောသည်။ အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၂ ရက် အထိ ကျင်းပခြင်း ဖြစ်ကာ ဖွင့်ပွဲ နေ့၌ သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်စုစုလွင်၊ ပါတီ ဗဟို အလုပ်အမှုဆောင်များ တက်ရောက်ကြပြီး ၃ ရက်တာ ကာလအတွင်း ပါတီ၏ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ အမျိုးသမီးနှင့် ဥပဒေ အကြောင်းအရာများ၊ ပြည် နယ်နှင့် တိုင်း အသီးသီးမှ စာတမ်းများ မေးခွန်းများ ပြန်လည် ဖြေကြားသည့် ကဏ္ဍများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ The post နိုင်ငံရေး၌ အမျိုးသမီးများ အချိုးကျ ပါဝင်မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ appeared first on ဧရာဝတီ.
Source : https://ift.tt/2NiosdQ
via IFTTT

No comments:

Post a Comment