တိုက်ပွဲကြားက မြေစာပင်များ ဘဝ တပ်မတော်က ဗိုလ်ကြီး တဦးနဲ့ သူနာပြုဆရာမ ၃ ဦးတို့ ဝိုင်းနေတဲ့ ခုတင်ဆီက အမျိုးသမီးရဲ့အော်သံက လူနာဆောင် ခန်း တခုလုံး လွှမ်းခြုံ သွားပါတယ်။ “တော်ပါပြီ။ ရပ်လိုက်ပါတော့၊ ကျမ မတ်တပ်ရပ်ပါရစေ။ အား” လို့ အော်လိုက် ပလောင် ဘာသာစကားနဲ့ “နာလိုက်တာ” လို့ ပြောလိုက်၊ အံကြိတ်ရင်း ညည်းညူလိုက်နဲ့ အသံတွေ ဆူညံနေပါတယ်။ သူနာပြုဆရာမ ၂ ဦးက ခြေထောက်ကို ချုပ်ထားရင်း၊ ဗိုလ်ကြီးက အော်နေတဲ့ အမျိုသမီးရဲ့ ခြေထောက်က ပတ်တီး ကို ဖြည်ရင်း သွေးစိုနေတဲ့ ဂွမ်းစတွေကို သန့်ရှင်းရေး လုပ်ပေးရင်း “ကျည်ထိတဲ့ ဒဏ်ရာက ဒီလိုပဲ။ ဒီလိုပဲ လုပ်ရမယ်။ ဆေးက တရက်ခြား တခါပဲ ထည့်မှာပါ” လို့ ပြောရင်း လူနာအမျိုးသမီးကို နှစ်သိမ့်ပါတယ်။ ဆေးရုံ လူနာ ခုတင်ပေါ်မှာ ဒဏ်ရာက နာလွန်းလို့ အော်ဟစ်နေသူက အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ယာအေးကြာ ပါ။ ကိုယ်ဝန် ၈ လ လည်း လွယ်ထားရသူပါ။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်အွမ်ရွာက အသက် ၃၈ နှစ်အရွယ် ပလောင် (တအန်း) တိုင်းရင်း သူ တဦး ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်က တပ်မတော်နဲ့ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ တွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတခုပါ။ ဇွန်လ ၂၈ ရက် မနက် ၆ နာရီလောက်က သူ့အိမ်ထဲမှာ သားငယ်နဲ့အတူ အိပ်ပျော်နေတုန်း အိမ်ပေါ်ကို လက်နက်ကြီး ကျည်စတွေ ကျလာတာကြောင့် ခြေထောက်က အသားတွေ ပဲ့ထွက်သွားခဲ့တာပါ။ ယာအေးကြာ တို့ သားအမိကို ဆေးကုသမှု ပြုလုပ်နေစဉ် /နန်းလွင်နှင်းပွင့်/ဧရာဝတီ အဲဒီနေ့က လက်နက်ကြီး ကျည်တွေ ရွာထဲကျတာကြောင့် ယာအေးကြာနဲ့ ခင်ပွန်း၊ သား ၂ ဦးနဲ့ အတူ အခြား ရွာသူ ရွာသား ၃ ဦး စုစုပေါင်း ၈ ဦးတို့ ကျည်စတွေထိမှန်ပြီး ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ လက်နက်ကြီးကျတဲ့ အနီးအနားက အိမ် ၁၀ လုံးခန့်လည်း ပျက်စီးသွားပါတယ်။ ထိခိုက်ဒဏ်ရာ ရသူ ၈ ဦးအနက် ယာအေးကြာရဲ့ သားကြီး အသက် ၉ နှစ်အရွယ် မိုင်းကိုကိုကတော့ လက်နက်ကြီး ကျည် ထိလို့ ဖခင်က ကောက်ပွေ့ထားတဲ့ အချိန် သေနတ်ကျည်တချက်ပါ ထပ်မှန်တာကြောင့် အသက်ဆုံးရှုံး သွားခဲ့ပါ တယ်။ ဒဏ်ရာ မပြင်းထန်တဲ့ ရွာသား တဦးက လွဲရင် ကျန် အသက်ရှင်နေသေးတဲ့ ယာအေးကြာတို့ ၆ ဦးကို တပ်မတော်က စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။ ၆ ဦးထဲမှာ ၂ ဦးက အမျိုးသား၊ ၁ ဦးက အသက် ၇ နှစ်အရွယ် ကလေးငယ်၊ ကျန် ၃ ဦးကတော့ ကိုယ်ဝန် ၈ လနဲ့ ယာအေးကြာ၊ ကိုယ်ဝန် ၆ လနဲ့ ယာအီမြစိန်၊ အသက် ၅၀ ကျော် မားနည်းလှိုင်တို့ ဖြစ်ပါတယ်။ အခု ယာအေးကြာ ရောက်ရှိနေတဲ့ နေရာကတော့ လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ စစ်ဆေးရုံထဲက အမျိုးသမီး လူနာဆောင်ထောင့်က ခုတင်ပေါ်မှာပါ။ ယာအေးကြာ ခြေထောက်က ပတ်တီးဖြည်လိုက်တဲ့အခါ ခြေမျက်စိ အထက် ခြေလည်တိုင်နေရာရဲ့ သုံးပုံ တပုံခန့် လောက် က အသားတွေ ပေါက်ထွက်နေပြီး အရိုးကိုတောင် မြင်ရလုနီးနီး ဖြစ်နေပါတယ်။ အသားပေါက်ထွက် အနာဖြစ်နေတဲ့ နေရာကို ဗိုလ်ကြီးက အရက်ပျံ တို့ထားတဲ့ ဂွမ်းစနဲ့ ဆေးကြောပြီး ဆေးထည့်ပေး တဲ့ အခါ ယာအေးကြာ အသံကုန်ဟစ်ပြီး အော်ပါတော့တယ်။ ဘေးနားမှာ လှဲအိပ်နေတဲ့ သားငယ်ကို ဖက်ရင်း ညည်းညူ လိုက် အော်လိုက်နဲ့ပါ။ ဗိုလ်ကြီးက “သူ့အနာက အကြောတွေကတော့ ထိသွားတယ်။ သူက ကိုယ်ဝန်နဲ့ ဆိုတော့ အရိုးကိုကြည့်ဖို့ ဓာတ်မှန် တော့ ရိုက်လို့ မရဘူး။ ကလေးကို ထိခိုက်နိုင်လို့ပါ။ အရိုးထိခဲ့ရင် ဆိုပြီး ကျောက်ပတ်တီးတော့ စည်းပေးထားတယ်” လို့ မိသားစုဝင်တွေကို ပြောပြ နေပါတယ်။ ယာအေးကြာ ကတော့ လူနာလာမေးတဲ့ သူ့ဘေးက အမျိုးသမီးတဦးရဲ့လက်ကို ဆွဲရင်း “ကျမကို အသက်ကယ်ဆေး ဝယ်ပေးပါ။ သေချင်လို့ပါ ညီမရယ် ကူညီပါ။ ကျမ ဆက်မနေချင်တော့လို့ပါ” လို့ ငိုရင်း သူနာပြုဆရာမတွေ မကြား အောင် တိုးတိုးတိတ်တိတ် မှာနေပါတယ်။ လူနာလာမေးတဲ့ အမျိုးသမီးက သားငယ်အတွက် လောကကြီးမှာ ဆက်ရှင်သန်ရမယ့် အကြောင်း၊ ခြေထောက်က ဒဏ်ရာက သက်သာလာရင် အိမ်ကို ပြန်လို့ ရပြီဆိုတဲ့ အကြောင်း ပြောရင်း နှစ်သိမ့် ပေးနေပါတယ်။ ဒါပေမယ့် ယာအေးကြာကတော့ “ဒီကလေးက ဦးနှောက် မကောင်းတော့ဘူး။ ပလောင်စကားလည်း တခွန်းမှ မပြော တော့ဘူး။ သားကြီးကလည်း ကျမတို့ိကို ထားပြီး ထွက်သွားတယ်။ ကျမ ရွာလည်း မပြန်ချင်တော့ဘူး။ ညီမရယ် ကူညီပါ” လို့ ပြန်ပြောနေပါတယ်။ ယာအေးကြာရဲ့ ဘေးမှာ လှဲနေတဲ့ သားငယ် မိုင်းညီညီကတော့ နာကျင်လို့ အော်နေတဲ့ မိခင်ရဲ့ လက်ကို ဆွဲထားပါ တယ်။ အသက် ၇ နှစ်အရွယ် မိုင်းညီညီရဲ့ ကျောကုန်းနဲ့ တင်ပါးမှာလည်း လက်နက်ကြီး ကျည်စတွေ ထိထားလို့ မိခင်နဲ့ အတူ ဆေးကုသမှု ခံယူနေရတာပါ။ မိခင်ဖြစ်သူနဲ့ မိသားစုဝင်တွေ ပြောဆိုချက်အရ မိုင်းညီညီက လက်နက်ကြီးကျည် ထိပြီးချိန်က စပြီး ဆေးရုံရောက်တဲ့ ယနေ့အထိ နာကျင်လို့ အော်ငိုတာမျိုး မရှိသလို၊ အိမ်မှာ နေစဉ် မိသားစုကြား ပြောဆို နေကြ ပလောင်စကားကို မပြော တော့ဘဲ သူသင်ယူ တတ်မြောက်ထားခြင်း မရှိတဲ့ ဗမာစကားတွေချည်း ပြောနေတယ်လို့ သိရပါတယ်။ ဝမ်းဗိုက်ကို လက်နက်ကြီး ကျည် ထိမှန်လို့ ဆေးကုသမှု ခံယူနေရတဲ့ အသက် ၅၀ ကျော် ပလောင်တိုင်းရင်း သူကြီး မားနည်းလှိုင် /နန်းလွင်နှင်းပွင့်/ဧရာဝတီ ဆေးရုံကို ရောက်ခါစ ဇွန် ၂၉ ရက်ကတည်းက မိုင်းညီညီ ခဏခဏပြောနေတာကတော့ “သေနတ်ပေး၊ ဗုံးဆံပေး” ဆိုတာပါပဲ။ ဗမာစကားလည်း မတတ်၊ သေနတ်တွေ ဗုံးတွေနဲ့လည်း ရင်းရင်းနှီးနှီးမရှိတဲ့ ကလေးက ထူးထူးဆန်းဆန်း စကားတွေ ပြောနေတာကြောင့် မိခင်ဖြစ်သူ ယာအေးကြာ အပါအဝင် မိသားစုဝင်တွေ အံ့သြဝမ်းနည်း ခဲ့ရပါတယ်။ ခဏခဏ တောင်းနေတာကြောင့် ခလုတ်နှိပ်လိုက်ရင် မီးလင်းတဲ့ ကော်သေနတ် တလက်ကို ပေးလိုက်မှ မိုင်းညီညီက ငြိမ်သွားပြီး သေနတ်အရုပ်ကိုတော့ ခါးကြားမှာ တချိန်လုံး ထိုးထည့်ထားပါတယ်။ အိပ်ပျော်နေရင်းက နိုးလာတိုင်း ခါးကြားထဲက အရုပ်သေနတ်ကို ထုတ်ပြီး အနီးအနားက လူတွေကို ပစ်တဲ့ ပုံစံ လုပ်ပါ တယ်။ တခါတရံမှာလည်း မိုင်းညီညီက သူ့ခါးကြားမှာ ထိုးထားတဲ့ အရုပ်သေနတ်ကို ပုတ်ပြလိုက်၊ သူ့ကျောက ဒဏ်ရာတွေကို ပုတ်ပြလိုက်နဲ့ ရင်ဘတ်တွေ နာတယ်၊ ခေါင်းတွေ နာတယ်လို့လည်း ပြောပါတယ်။ မိခင်ဖြစ်သူ ယာအေးကြာကတော့ “ကလေးက စိတ်တ္တဇဖြစ်သွားပြီ။ လန့်သွားပြီ။ စိတ်မကောင်းတော့ဘူး။ သေနတ် လို တယ်တဲ့ သေနတ်တောင်းတယ်။ စစ်သား လုပ်တဲ့ ဗုံးဆံလည်း လိုချင်တယ်တဲ့။ ကျမစကားလည်း နားမထောင် တော့ ဘူး။ ခဏခဏ အပြင်ထွက်ဖို့လည်း လုပ်တယ်။ ပလောင်စကား တခွန်းမှ မထွက်တော့ဘူး။ ဗမာစကားပဲ ပြော နေတယ်” လို့ ပြောပါတယ်။ ယာအေးကြာက သူ့ရဲ့ သား ၂ ယောက်ကို မိုင်းကိုကိုနဲ့ မိုင်းညီညီဆိုပြီး အမည်တွေ မှည့်ပေးထားတာပါ။ ကိုကိုနဲ့ ညီညီက ရွာမှာတုန်းက အတူဆော့ရင်း ချစ်ချစ်ခင်ခင်နေကြတဲ့ ညီအစ်ကိုတွေ ဖြစ်ပေမယ့် လက်နက်ကြီး ကျည် ထိပြီးနောက်မှာတော့ ညီညီက ဆုံးသွားတဲ့ ကိုကို အကြောင်းကိုလည်း လုံးဝမမေးဘူးလို့ ဆိုပါတယ်။ ယာအေးကြာရဲ့ ခင်ပွန်းဖြစ်သူ ဦးညီကျိန်ကတော့ လည်ကုတ်ပိုးမှာ လက်နက်ကြီးကျည်စတွေ ထိမှန် ထားတာကြောင့် အမျိုးသား လူနာဆောင်မှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဦးညီကျိန်က သူ့ရဲ့ သားကြီး မိုင်းကိုကိုကို လက်ထဲမှာ ပွေ့ရင်း မဆုံးခင် နောက်ဆုံး ကြုံတွေ့ ခဲ့ရတဲ့ မြင်ကွင်း တွေကို တိတိကျကျ မှတ်မိနေပါသေးတယ်။ “အဲဒီနေ့က ကျနော်တို့ သားအဖကနိုးနေပြီ။ ခဏနေတော့ လက်နက်ကြီးစက ကျပြီး ကျနော့်သားကြီးကို ထိတယ်။ ကျနော့်ကိုလည်း ထိတယ်။ သားကို ထိတော့ ကျနော်က သူ့ကို ပွေ့ချီလိုက်တာ။ အဲဒီမှာ လက်နက်ငယ်နဲ့ ထပ်ပစ်တော့ သားနောက်ကျောကို ကျည်ဆန် ထပ်မှန်သွားတယ်” လို့ ပြောပြပါတယ်။ အိမ်ထဲကိုလည်း လက်နက်ကြီးကျည်စတွေ ကျပြီး သေနတ်နဲ့လည်း ထပ်ပစ်ခံရတာကြောင့် ဦးညီကျိန်က အိမ်ပြင်ကို ပြေးထွက်ရင်း “ကယ်ကြပါ ကယ်ကြပါဦး ကျနော်တို့ အရပ်သားတွေပါ မပစ်ပါနဲ့” လို့ အဆက်မပြတ် အော်နေခဲ့ပါ တယ်လို့ ပြောပါတယ်။ အော်သံကြောင့် တပ်မတော်သားတွေ ရောက်လာပြီး သူတို့ကို ဆေးရုံပို့ဖို့ စီစဉ်ပေးခဲ့ ကြတာပါ။ မန်နိမ်အွမ်ရွာကနေ မြို့ပေါ်ကို ထွက်ဖို့ ကားမရှိတာကြောင့် ရွာက ဆိုင်ကယ်နဲ့ပဲ ထိခိုက်ဒဏ်ရာ ရသူတွေကို ကယ် ထုတ်ခဲ့ကြပါတယ်။ လမ်းတဝက်ရောက်မှ လူမှုကူညီရေး ကားတစီးက လွှတ်လိုက်တဲ့ ကားပေါ်ကို ပြောင်းစီးပြီး လားရှိုးမြို့ကို လာခဲ့ ကြ တာပါ။ ဒါပေမယ့် မိုင်းကိုကိုကတော့ လက်နက်ကြီးကျည်စ နဲ့ ကျည်ဆန်မှန်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံကို မရောက် ခင် လမ်းမှာပဲ အသက်ဆုံးရှုံးသွားပါတယ်။ ယာအေးကြာနဲ့ ဦးညီကျိန်တို့ မိသားစုကို သေကွဲ ကွဲအောင် အနာတရနဲ့ စိတ်ဒဏ်ရာတွေ ရအောင် အခြား ရွာသူ ရွာသား တွေကိုလည်း ထိခိုက် ဒဏ်ရာတွေ ရအောင် လုပ်ခဲ့တာကတော့ တပ်မတော်၊ တပ်မ ၈၈ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေလို့ ပြောကြပါတယ်။ တဖက်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ TNLA ကတော့ ရွာသူရွာသား ထိခိုက်မှု ဖြစ်ပြီး နာရီပိုင်းအကွာမှာပဲ မန်နိမ်အွမ်ရွာ အတွင်း တပ်မတော်ရဲ့ တပ်မ ၈၈ စစ်ကြောင်းက ဝင်လာပြီး တိုက်ပွဲမရှိဘဲ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ကြောင့် ရွာသူရွာသားတွေ ထိခိုက်ကုန်တာလို့ သတင်း ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“ကျနော်တို့အဖွဲ့တွေက အဲဒီရွာမှာ မရှိဘူး။ အရင်ရက်တွေ ကတော့ ရှိတယ်။ ဒါပေမယ့် အဲဒီနေ့မနက် လက်နက်ကြီး ပစ်တဲ့ အချိန်မှာတော့ မရှိဘူး။ သူတို့က ပစ်ခတ်ပြီး တပ်ဖက် က ရွာထဲမှာ ဝင်လာတယ်” လို့ ပြောပါတယ်။ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်တဲ့ သတင်းမှာလည်း တပ်မတော်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ပစ်ခတ်တာလို့ ပြောဆို စွပ်စွဲထားပါတယ်။ မန်နိမ်အွမ်ရွာသားတွေ ပြောပြတဲ့ ဖြစ်စဉ်ကတော့ TNLA ဘက်က ပြောဆိုတဲ့ သတင်း အချက်အလက်တွေနဲ့ ကွဲလွဲနေ ပါတယ်။ တပ်မ ၈၈ စစ်ကြောင်း မဝင်လာခင် ၃ ရက်ခန့်က TNLA စစ်ကြောင်း တခုက ရွာအတွင်းမှာ စခန်းချနေခဲ့တာလို့ ရွာသူ ရွာသားတွေက ပြောပါတယ်။ တပ်မတော် စစ်ကြောင်း ဝင်လာတော့မယ်လို့ သတင်းကြားတဲ့ အခါမှာ ရွာလူကြီးတွေက TNLA ရဲဘော်တွေကို ရွာထဲ က ထွက်သွားပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရွာထဲက ထွက်သွားပေးခဲ့ပေမယ့် TNLA ရဲဘော် နှစ်ယောက်က သူတို့ရဲ့ ပစ္စည်းတွေ ရွာထဲက အိမ်တအိမ်မှာ ကျန်ခဲ့ တာကြောင့် ပြန်လာယူတာကို တပ်မတော် ဘက်က တွေ့ပြီး လက်နက်ကြီးတွေနဲ့ စတင် ပစ်ခတ်တာလို့ ရွာသူ ရွာသား တွေက ပြောပါတယ်။ ဦးညီကျိန်က “ သူတို့ ၂ ယောက်ကတော့ လွတ်သွားတယ်။ ထွက်ပြေးသွားတယ်။ တကယ်ဆို ပလောင် ရဲဘော်က ၂ ယောက်တည်း လေ။ လက်နက်တွေလည်း ပါမလာဘူး။ ယူနီဖောင်းတွေတော့ ဝတ်ထားတာပေါ့။ ဒီတိုင်း ဖမ်းတောင် ရတယ်။ အခုက လက်နက်ကြီးတွေနဲ့ တပ်မတော်ဘက်က ပစ်တော့ ကျနော်တို့ ရွာသားတွေ အကုန်ထိကုန်တာ” လို့ ပြောပါတယ်။ ဦးညီကျိန်နဲ့ ခုတင် ၁ လုံးကျော်မှာ သတိရလိုက် မေ့လိုက် ဖြစ်နေတာကတော့ အသက် ၅၀ ကျော်အမျိုးသမီး မားနည်း လှိုင်ပါ။ မားနည်းလှိုင်ကို ထိတဲ့ လက်နက်ကြီး ကျည်စကတော့ ဗိုက်ကို ပေါက်ထွက်သွားအောင် ထိခိုက်သွား တာကြောင့် အောက်ဆီဂျင် သွင်းထားပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။ မားနည်းလှိုင်က “နာတယ်။ စကားမပြော နိုင်ဘူး” လို့ ပြောပြီး မျက်စိ မှိတ်ထားပါတယ်။ လက်နက်ကြီး ကျည် ထိမှန်လို့ ဆေးကုသမှု ခံယူနေရတဲ့ ယာအေးကြာ ရဲ့ ခင်ပွန်း ဦးညီကျိန် /နန်းလွင်နှင်းပွင့်/ဧရာဝတီ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့အသီးသီးမှာ ရှိတဲ့ ပလောင်ရွာလေးတွေမှာ တခါတရံ တပ်မတော် စစ်ကြောင်းတွေ ဝင်ထွက်တာ ရှိသလို TNLA စစ်ကြောင်းတွေ ဝင်ရောက် စခန်းချ တာမျိုး ဖြတ်သန်း သွားလာတာ မျိုးတွေ ရှိနေပါ တယ်။ TNLA ရဲဘော်တွေက စစ်ကြောင်းသွားတဲ့ အခါမျိုး၊ စည်းရုံးရေးလုပ်တဲ့ အခါမျိုး၊ ရဲဘော်အသစ် လာစုဆောင်းတဲ့ အခါ မျိုး၊ ရိက္ခာဝယ်ယူဖို့ ရွာထဲကို လာတာမျိုးနဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေ စိုက်ထားတဲ့ ဘိန်းစိုက်ခင်းတွေကို ဖျက်ဖို့ လာတဲ့ အချိန်တွေမှ ရွာတွေထဲကို ဖြတ်သန်းသွားလာတာ၊ ဝင်ရောက် တည်းခိုတာတွေ ရှိတယ်လို့ သိရပါတယ်။ ရွာထဲကို အဝင်အထွက်မှာ အဖွဲ့ တဖွဲ့တည်းသာ ရှိရင်တော့ ပြဿနာ မဖြစ်ပေမယ့် နှစ်ဖွဲ့ ဆုံတဲ့အခါ ပစ်ကြ ခတ်ကြ ဖြစ်ကြရင် ကြားမှာ ခိုကိုးရာမဲ့ နစ်နာရ ဒဏ်ရာ ရကြတာကတော့ ဒေသခံ ရွာသားတွေပါပဲ။ နှစ်ဖက်တိုက်ပွဲ ဖြစ်တဲ့အခါ ထိခိုက်နစ်နာတဲ့ ရွာသူရွာသားတွေ ဒဏ်ရာရသူတွေနဲ့ အသက် ဆုံးရှုံးသွားသူတွေ အတွက် တော့ ဘယ်အဖွဲ့ကမှ တာဝန်ယူ အပြစ်ကို ဝန်ခံကြတာမျိုး မရှိပါဘူး။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လူငယ်အရေး တတ်ကြွလှုပ်ရှားနေတဲ့ ပလောင်လူငယ် တဦးက “ရွာသားက ကြားက ဓားစာ ခံပဲ။ ရွာကို ဘယ်သူလာလာ ရွာသားကတော့ လက်ခံရတာပဲ။ အဲဒီမှာ သူတို့ နှစ်ဖက်အဖွဲ့ အချင်းချင်း တွေ့လို့ ပစ်ကြခတ်ကြဆို ကြားက ပြည်သူက အလကားခံရတာ” လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ၎င်းနေထိုင်တဲ့ ရွာမှာ ပလောင်စစ်သားတွေ ဝင်နေတုန်း တပ်မတော်ကလည်း ရုတ်တရက် ရွာထဲ ကို ဝင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပြီး နှစ်ဖက် လက်နက်ကိုင် တပ်တွေ ကြားမှာ ရွာသားတွေ ဝရုန်းသုန်းကား ထွက်ပြေး ခဲ့ရဖူးတယ်လို့လည်း ထိုပလောင်လူငယ်က ဆိုပါတယ်။ တခါတရံမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ကြရင် မိုင်းတွေ အပြန်အလှန် ထောင်ကြတဲ့အခါ ကြားကနေ ထိခိုက်နစ်နာ ရတာကလည်း ရွာသူရွာသားတွေပါပဲ။ မိသားစု စားဝတ်နေရေးအတွက် တောင်ယာချိန်ဆို တောင်ယာစိုက်၊ တောတိုး ဟင်းသီးဟင်းရွက်ခူး၊ လက်ဖက်ခြံမှာ လက်ဖက်ခူးနဲ့ လုပ်ကိုင်ရင်း မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာ ရသူတွေ သေဆုံးသူတွေကလည်း အများအပြား ရှိနေပါ တယ်။ ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့တဲ့ မိုင်းနင်းမိသူ၊ လက်နက်ကြီးသူနဲ့ သေနတ်ကျည် ထိမှန်ခဲ့တဲ့ အရပ်သား တွေက တိုက်ပွဲကြားမှာ မြေစာပင် ဖြစ်ရင်း ရတဲ့ ဒဏ်ရာတွေကို သူတို့ဘာသာ ချေးငှား၊ ရှိတဲ့ ပစ္စည်း ရောင်းချပြီး ဆေးကုခဲ့ကြ ရပါတယ်။ ပလောင် (တအန်း) အမျိုးသမီး အဖွဲ့အစည်း (TWO) က သတင်းမှတ်တမ်းနဲ့ သုတေသန တာဝန်ခံ လွေးပိုးကမီခေး က “ဘယ်ဘက်ပဲ တိုက်တိုက် ခံရတာက ပြည်သူလူထုတွေ ဖြစ်တယ်။ ပြည်သူလူထုတွေ ခံရပြီဆိုရင် ကျမတို့ အနေနဲ့ က ဘာမှ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးနိုင်တာ မရှိဘူး။ တပ်မတော်ဘက်ကပဲ ပစ်သည်ဖြစ်စေ၊ တိုင်းရင်း သား ဘက်ပဲ ဖြစ်စေ ကျမတို့ ကန့်ကွက်တယ်။ ရှုတ်ချတယ်။ ဒါမျိုးတွေ ကျမတို့ မမြင်ချင်ဘူး။ မကြားချင်ဘူး” လို့ ပြော ပါ တယ်။ မြေစာပင်ဖြစ်ခဲ့တဲ့ သူတွေထဲကမှ အမျိုးသမီးတွေဟာဆိုရင် ဒဏ်ရာရလို့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရလို့ ရွာကို မပြန်ရဲတော့တာ၊ စစ်သား မြင်ရင် ကြောက်နေတာ၊ တခါတရံမှာ သူကြုံခဲ့ရတာတွေကို တွေးပြီး ငိုတာမျိုး နှစ်ရှည်လ များ ကြာအောင် စိတ်ဒဏ်ရာ ရနေကြသူတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ပဋိပက္ခကြောင့် စိတ်ဒဏ်ရာ ရတဲ့ ပလောင်အမျိုးသမီးတွေကို စိတ်သက်သာအောင် စကားပြော၊ အပြန်အလှန် နှစ်သိမ့် ပေးတဲ့ အစီအစဉ်တွေကို ၂၀၁၆ ခုနှစ်ကတည်းက TWO က လုပ်ပေးနေရတယ် လို့လည်း သိရပါတယ်။ တိုက်ပွဲ မဖြစ်ရင်တောင်မှ နှစ်ဖက်တပ်ဖွဲ့တွေ ဝင်ထွက်သွားလာနေတဲ့ ရွာတွေမှာ အမျိုးသမီးတွေကို ထိကပါး ရိကပါး လုပ်တာ၊ လက်ထပ်မယ်လို့ ကတိပြုပြီး ကာမလိမ်လည်တာ၊ အဓမ္မ ပြုကျင့်တာမျိုးတွေကိုလည်း နှစ်ဖက် တပ်ဖွဲ့တွေက ကျူးလွန်တာတွေ ရှိတယ်လို့ လွေးပိုးကမီခေး က ပြောပါတယ်။ လွေးပိုးကမီခေးက “အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဒီဒေသတွေမှာ လုံခြုံမှု မရှိဘူးလို့ ပြောလို့ရတယ်။ တခုခု ဖြစ်ရင် ထွက်ပြေးရတယ်။ ရင်နာရတယ်။ တိုက်ပွဲတွေ ဖြစ်တော့မယ်ဆိုရင် ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရပြီ။ ရှောင်လွှဲ မရတာက ရွာထဲမှာ တပ်တွေ လာပြီးချတာမျိုးပဲ” လို့လည်း ပြောပြပါတယ်။ တပ်မတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ခေါင်းနဲ့ လက်တို့မှာ ဒဏ်ရာ ရထားတဲ့ ယာအီမြစိန် ကတော့ ယာအေးကြာ လောက် ဆုံးရှုံးမှု မကြီးပေမယ့် သူ့ရဲ့ ၆ လသား ကိုယ်ဝန်ကို စိတ်ပူနေပါတယ်။ သူကလည်း ယာအေးကြာလိုပဲ “ရွာပြန်ရမှာ ကြောက်တယ်” လို့ ပြောပြီး မျက်ရည်တွေ ကျနေပါတော့တယ်။ ။ The post တိုက်ပွဲကြားက မြေစာပင်များ ဘဝ appeared first on ဧရာဝတီ.
Source : https://ift.tt/2KIPRUH
via IFTTT
No comments:
Post a Comment