ကျောက်ဖြူစီမံကိန်း အတိုင်းအတာလျှော့ချရန် တရုတ်ကို တောင်းဆိုမည် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ဦးဆောင်သည့် အထူးစီးပွားရေးဇုန် စီမံကိန်း၏ အတိုင်းအတာကို လျှော့ချရန် မြန်မာနိုင်ငံက တောင်းဆိုမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက သီးခြားပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ပြောကြောင်း ဂျပန်သတင်းဌာန Nikkei Asia Review က ဆိုသည်။ အလွန်အကျွံ ရင်းနှီးမြှုပ်နှံခြင်းသည် တခါတရံ မကောင်းကြောင်း အိမ်နီးချင်းနိုင်ငံများမှ သင်ခန်းစာများကို သတိပြုမိရန် အရေးကြီးသည်ဟု ဝန်ကြီး ဦးစိုးဝင်းက ပြောကြောင်း သတင်းက ဆိုသည်။ အိန္ဒိယ သမုဒ္ဓရာကို မျက်နှာမူနေသော ကျောက်ဖြူတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျှံတန် အထူးစီးပွားရေးဇုန် ထူထောင်ရန် တရုတ်နိုင်ငံဘက်မှ တန်ဘိုးဖြတ် အဆိုပြုခဲ့သည်။ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ကျောက်ဖြူသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု စီမံချက်တွင် အရေးပါသော နေရာဖြစ်လာမည်ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေသည်။ တရုတ် အစိုးရပိုင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Citic အုပ်စုသည် ၂၀၁၅ ခုနှစ်တွင် ထို အထူးစီးပွားရေးဇုန်ကို တည်ဆောက်ခွင့် ရရှိခဲ့သည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများကိုလည်း ကျောက်ဖြူမှ တရုတ်နိုင်ငံ ကုန်းတွင်းပြည်နယ်ဖြစ်သော ယူနန်သို့သွယ်တန်းထားပြီး ဖြစ်သည်။ တည်ဆောက်ရေးစီမံကိန်း မူကြမ်းတွင် ဟက်တာ ၁၀၀၀ ကျယ်သော စက်မှုဇုန်အနီးတွင် တည်ဆောက်မည့် မြန်မာနိုင်ငံအတွက် ကြီးမားသော ကုန်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အကြီးဆုံးဆိပ်ကမ်းလည်း ပါဝင်သည်။ သို့သော် မြန်မာနိုင်ငံသည် သီရိလင်္ကာနိုင်ငံ၏ အတွေ့အကြုံကို သင်ခန်းစာယူခဲ့ပုံရသည်။ လွန်ခဲ့သောနှစ်က သီရိလင်္ကာနိုင်ငံသည် တည်ဆောက်ရေးလုပ်ငန်းကို ငွေကြေးစိုက်ထုတ်ခဲ့သော တရုတ်နိုင်ငံသို့ အကြွေးများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိတော့ဘဲ ဆိပ်ကမ်း၏ စီမံခန့်ခွဲမှုကို တရုတ်နိုင်ငံအား နှစ်ရှည် လွှဲပြောင်းပေးအပ်ခဲ့ရသည်။ “အဓိက အချက်က ဝင်ငွေကောင်းကောင်းရဖို့ပဲ။ ဒါမှလည်း စီမံကိန်းအတွက်တင်နေတဲ့အကြွေးတွေကို ကျနော်တို့ပြန်ဆပ်နိုင်မယ်လေ” ဟု ဦးစိုးဝင်းက ပြောသည်။ ကျောက်ဖြူသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် လွန်စွာဝေးကွာနေသောကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှု ရုတ်တရက် တိုးတက်လာနိုင်ခြေ မရှိပေ။ မြန်မာနိုင်ငံကို ထိုစီမံကိန်းကို သေးငယ်နိုင်သမျှ သေးငယ်စေလိုကြောင်း ဦးစိုးဝင်းက ဆက်လက်ပြောကြားသည်။ “မလိုအပ်တဲ့ ကုန်ကျစရိတ်အားလုံးကို ဖြတ်တောက်ခဲ့သင့်တယ်။ စီမံကိန်းကြီးလေ ပြန်ဆပ်ရဖို့တာဝန်ကြီးလေပဲ” ဟု ပြောဆိုသည်။ မြန်မာနိုင်ငံဖက်က မည်မျှအထိ လျှော့ချဖြတ်တောက် လိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။ “ဒါက ညှိနှိုင်းဆွေးနွေးမှုတွေအပေါ် မူတည်တယ်” ဟု ဦးစိုးဝင်းကပြောပြီး လောလောဆယ်ပြတ်ပြတ်သားသား ပြောရန် မဖြစ်နိုင်ကြောင်းရှင်းပြသည်။ “တရုတ်နိုင်ငံက နှစ်ဖက်လုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး ကျနော်တို့နဲ့ အရမ်းကို ကျိုးကြောင်းညီညွတ်စွာ လုပ်ကိုင်မယ်လို့ကျနော်ထင်တယ်” ဟုလည်း ပြောသည်။ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီမှာ ဒေါ်လာ ၉.၆ ဘီလျှံရှိပြီး ၎င်းတို့၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်ကြွေးမြီများဖြစ်နေသည်။ “နိုင်ငံတခုတည်းက ပြည်ပကြွေးမြီ အားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ရှိနေတာ သင့်တော်တဲ့ကိစ္စ မဟုတ်ဘူး” ဟုလည်း ဝန်ကြီး ဦးစိုးဝင်းက ပြောသည်။ မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုတခုလည်း ရှိနေသေးသည်။ ရထားလမ်းများနှင့် ကားလမ်းများ ပါဝင်သော တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်တည်ဆောက်ရေး ဆွေးနွေးရန် လွန်ခဲ့သော ဒီဇင်ဘာလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် သဘောတူခဲ့သည်။ ထိုစီမံကိန်းသည်လည်း မြန်မာနိုင်ငံကို တရုတ်အကြွေးနွံတွင် ပိုမိုနစ်စေမည့် စီမံကိန်းဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် – ကျောက်ဖြူသာမက တရုတ်ပိုးလမ်းမ စီမံကိန်းများ တည်ဆောက်ရေး လောမကြီးသင့် The post ကျောက်ဖြူစီမံကိန်း အတိုင်းအတာလျှော့ချရန် တရုတ်ကို တောင်းဆိုမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2MSjsLN
via IFTTT
No comments:
Post a Comment