နည်းပညာ ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့တဲ့ Oppo Find X နဲ့ Find စီးရီးစမတ်ဖုန်းများ Oppo ဟာ “Find X နဲ့ Find X Lamborghini Edition” ဖုန်းတွေကို ဇွန်လအတွင်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ မိတ်ဆက်ခဲ့ပြီး တပတ်ကျော် အကြာ ဇွန်လ ၂၉ ရက်နေ့မှာတော့ အဲဒီဖုန်း ၂ မျိုးကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ 751 D Park မှာ ထပ်မံမိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဥရောပနဲ့ အာရှမှာ မိတ်ဆက်ခဲ့တာချင်းတူပေမယ့်၊ ဘာကွာသွားမလဲဆိုတော့ ဈေးနှုန်းပါ။ ဥရောပမှာ မိတ်ဆက်တုန်းက “Find X နဲ့ Find X Lamborghini Edition” နှစ်မျိုးပဲ မိတ်ဆက်ခဲ့ပေမယ့်၊ တရုတ်နိုင်ငံ မှာတော့ Find X (128GB) ဗားရှင်း၊ Find X (256GB) ဗားရှင်း၊ Find X Lamborghini Edition ဆိုပြီး မော်ဒယ် ၃ မျိုး မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့လည်း ဥရောပမှာ မိတ်ဆက်တုန်းကထက် ပိုနည်းသွားပြီး၊ Find X (128GB) ဗားရှင်းကို တရုတ်ငွေ ယွမ် ၄၉၉၉ (ကန်ဒေါ်လာ ၇၅၄ ဒေါ်လာ) ၊ Find X (256GB) ဗားရှင်းကို ယွမ် ၅၉၉၉ (ကန်ဒေါ်လာ ၉၀၅ ဒေါ်လာ) နဲ့ Lamborghini Edition ကို ယွမ် ၉၉၉၉ (ကန်ဒေါ်လာ ၁၅၁၀ ဒေါ်လာ) ဖြစ်သွားတာတွေ့ရပါတယ်။ Find X ဟာ ဘာတွေများ ဒီလောက် စိတ်ဝင်စားဖို့ ကောင်းလဲဆိုတာ လေ့လာကြည့်ရအောင်။ အရင် Find စီးရီးများ Oppo ဟာ Find X ရှေ့မှာ Find စီးရီးမော်ဒယ်တွေကို မိတ်ဆက်ခဲ့ဖူးပါတယ်။ Find Series ဖုန်းတွေ အားလုံးဟာ Flagship မော်ဒယ်တွေချည်းဖြစ်ပြီး၊ မော်ဒယ်အလိုက်ထူးခြားမှုတွေ ပါဝင်တဲ့ဖုန်းတွေလည်း ဖြစ်ပါတယ်။ Find စီးရီးရဲ့ ပထမဆုံးလို့ ဆိုနိုင်တဲ့ Find X903 တဖြစ်လဲ X903 စမတ်ဖုန်းကို Oppo ကနေ ၂၀၁၁ ခုနှစ်၊ ဂျွန်လမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းဟာ Oppo အနေနဲ့ စမတ်ဖုန်းလောကထဲကို စတင်ဝင်ရောက်တဲ့ ဖုန်းလို့လည်း ဆိုနိုင်ပါတယ်။ ထူးခြားချက်တွေကတော့ ၄-လက်မအရွယ်မျက်နှာပြင်နဲ့ Slide ဆွဲထုတ်လို့ရတဲ့ QWERTY ကီးဘုတ်ပါဝင်တာပါ။ 1GHz Processor ၊ 512MB RAM တို့ ပါဝင်တဲ့ X903 ဟာ အခုစမတ်ဖုန်းစံနှုန်းနဲ့ ကြည့်မယ်ဆိုရင်တော့ အထင်ကြီးစရာ မရှိပေမယ့်၊ လွန်ခဲ့တဲ့ ၇ နှစ်ကဆိုရင်တော့ High-end ဖုန်းတလုံးပါပဲ။ Oppo Finder ၂၀၁၂ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Oppo Finder ဟာ အဲဒီအချိန်တုန်းက “ကမ္ဘာ့အပါးဆုံးဖုန်း” ဆိုပြီး အရမ်းနာမည်ကြီးခဲ့တဲ့ စမတ်ဖုန်းတလုံးဖြစ်ခဲ့ပါတယ်။ အထူ ၆.၆၅ မီလီမီတာသာရှိတဲ့ Finder ဖုန်းဟာ အဲဒီအချိန်က ပါးလှပါတယ်ဆိုတဲ့ ဖုန်းတွေအားလုံးကို ကျော်ဖြတ်ပြီး အပါးဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ဖုန်းတလုံးဖြစ်ပါတယ်။ ကျန်တဲ့ Specifications တွေကတော့ ၄.၃-လက်မ AMOLED Display ပါမယ်၊ 1GB RAM ပါမယ်၊ 1.5GHz dual-core Processor တို့ ပါဝင်ပါတယ်။ Oppo Find 5 Find 5 စမတ်ဖုန်းကိုတော့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီဖုန်းမှာတော့ Display ပိုင်းကို Oppo အနေနဲ့ အားထည့်ထုတ်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းတော်တော်များများမှာ 720p Display ပဲ သုံးနေကြပေမယ့်၊ Find 5 မှာတော့ 1080p Display ပါဝင်လာပါတယ်။ တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေထဲမှာ ပထမဆုံး FullHD Display သုံး ဖုန်းလည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အမြင့်ဆုံးဖုန်းပရိုဆက်ဆာဖြစ်တဲ့ Qualcomm Snapdragon S4 Pro Processor ၊ 2GB RAM တို့ ပါရှိတဲ့ Find 5 ဟာ စွမ်းဆောင်ရည်မြင့်ဖုန်းတလုံးအဖြစ် နာမည်ရရှိခဲ့တဲ့ဖုန်းဖြစ်ပါတယ်။ Oppo Find 7 Find 7 စမတ်ဖုန်းကို လွန်ခဲ့တဲ့ လေးနှစ်၊ ၂၀၁၄ မေလမှာ စတင်မိတ်ဆက်ခဲ့ပြီး၊ အရင် Find 5 ဖုန်းလိုပဲ Display ကို အဓိကထား Upgrade လုပ်ခဲ့တဲ့ဖုန်းဖြစ်ပါတယ်။ Find 7 ဟာ ကမ္ဘာ့ပထမဆုံး 2K Display ပါဝင်တဲ့ အစောဆုံး ဖုန်းတွေ ထဲက တလုံးဖြစ်ခဲ့ပြီး၊ Oppo ရဲ့ အခုအထင်ကရနည်းပညာတခုဖြစ်တဲ့ VOOC အားအမြန်သွင်းနည်းပညာကို စတင် ထည့်သွင်း အသုံးပြုခဲ့တဲ့ ဖုန်းလည်းဖြစ်ပါတယ်။ အဲဒီကတည်းက VOOC Fast Charging ဟာ တော်တော် မြန်ဆန်နေပြီး၊ ၅ မိနစ်လောက် အားသွင်းရုံနဲ့ကို ၂ နာရီလောက် ဖုန်းပြောနိုင်ဖို့ အားဝင်ပါတယ်။ ၇၅ ရာခိုင်နှုန်းကို နာရီဝက်အတွင်းမှာ သွင်းနိုင်တဲ့ နည်းပညာတခုပါ။ ပြန်ကြည့်မယ်ဆိုရင် Oppo ရဲ့ Find စီးရီးဟာ တော်တော်လေးအားရစရာကောင်းတဲ့ ဖုန်းစီးရီးတခုဖြစ်ပါတယ်။ နည်းပညာ သစ်တွေ စတင်ထည့်သွင်းအသုံးပြုလာတဲ့ ဖုန်းစီးရီးတခုဖြစ်သလို၊ အကောင်းဆုံး Performance ကို လိုချင်တဲ့သူတွေ အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ဖုန်းတွေပါ။ Find 7 အပြီး ၄ နှစ်အကြာ၊ အခု ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာတဲ့ Find X စမတ်ဖုန်းဟာလည်း Find စီးရီးရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ဖုန်းတလုံးပါ။ အမှန်အတိုင်းပြောရရင် အရင် Find Series တွေထက်ကို ထူးခြားဆန်းသစ်မှုတွေ အများကြီးပါဝင်လာတဲ့ ဖုန်းအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ Oppo Find X ရဲ့ ထူးခြားမှုများ Find X စမတ်ဖုန်းရဲ့ အဓိကအထူးခြားဆုံးအရာကတော့ အားလုံးသိကြတဲ့အတိုင်း အသုံးလိုမှ အပေါ်ကို ဆွဲထွက်လာတဲ့ Slider Camera ဒီဇိုင်းပါ။ MyFixGuide ရဲ့ ဖွင့်ကြည့်ချက်အရ ကင်မရာဆလိုက်ဒါရဲ့ အလယ်မှာ မော်တာတလုံးပါရှိပြီး၊ အဆိုပါ မော်တာက “ပယ်ရီစကုပ်ပုံစံ ဘေးဖက်ဝင်ရိုး နှစ်ခု” ကို ပင့်တင်ပေးတာ ဖြစ်ပါတယ်။ အကြိမ်ရေများစွာ ပွတ်တိုက်မှုကို ခံနိုင်ရည်ရှိအောင်နဲ့ ကင်မရာ အသွင်း၊ အထုတ် ညက်ညောအောင်အတွက် ကူရှင်လည်း ခံထားပေးတာ တွေ့ရပါတယ်။ Find X မှာ ဆလိုက်ဒါကင်မရာအစိတ်အပိုင်းကို ပြောင်းလဲသုံးစွဲလိုက်တဲ့အတွက် ရှေ့ကင်မရာနဲ့ 3D Sensors တို့အတွက် ကင်မရာနေရာ ချန်စရာ၊ Notch ထားစရာ မလိုတော့ဘဲ လုံးဝ ကိုယ်ထည်အပြည့် ၆.၅ လက်မအရွယ် FullHD+ 19.5:9 Aspect Ratio OLED Display ကို ခံစား အသုံးပြုနိုင်မှာပါ။ ဒီလိုထူးခြားဆန်းသစ်တဲ့ဒီဇိုင်းကြောင့် Oppo Find X ဟာ ကမ္ဘာ့ပထမဆုံး စခရင်နဲ့ကိုယ်ထည်အချိုးအစား ၉၃.၈ ရာခိုင်နှုန်းအထိ ရှိတဲ့ဖုန်းအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ Oppo Find X ကို Bordeaux Red နဲ့ Glacier Blue ကာလာနှစ်မျိုးနဲ့ ထုတ်သွားမှာဖြစ်ပြီး၊ ကာလာနှစ်မျိုးလုံးက ကျောက်မျက်တုံးလို ဝင်းလက်လှပတဲ့ Gradient အရောင်တွေနဲ့ ဖြစ်ပါတယ်။ ဖုန်းဟာ ဘယ်ဘက်ကကြည့်ကြည့် ပြောင်လက်တောက်ပနေမှာပါ။ Find X ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ ဖုန်းအရှေ့၊ အနောက်မှာပါ လက်ဗွေရာဆန်ဆာ မပါဝင်လာပါဘူး။ In-Display Fingerprint Sensor လည်း အသုံးမပြုထားဘဲ iPhone X လိုပဲ 3D Face Unlock နည်းပညာတခုတည်းကိုပဲ အသုံးပြုရမှာပါ။ Oppo ရဲ့ အဆိုအရတော့ Find X စမတ်ဖုန်းဟာ ပထမဆုံး 3D Structured Light Technology ကို အသုံးပြုထားတဲ့ဖုန်းဖြစ်တယ်လို့ သိရပါတယ်။ မျက်နှာကို အစက်ပေါင်း ၁၅,၀၀၀ ထိုးပြီး 3D ပုံစံမှတ်သားထားမှာဖြစ်ကာ၊ 3D Face Recognition ဟာ လက်ဗွေရာစနစ်ထက် အဆပေါင်း ၂၀ ပိုမိုလုံခြုံမှုရှိတယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။ Find X ဟာ ကင်မရာပိုင်းကိုလည်း စွမ်းဆောင်ရည်ဦးစားပေး ထုတ်လုပ်ထားတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ 25MP ရှေ့ကင်မရာက Bokeh Effects တွေကို ရိုက်ကူးနိုင်ရုံသာမက 3D Portrait Lighting effects တွေလည်း ပါဝင်ပါတယ်။ ဒီ့အပြင် iPhone X က Animoji လိုမျိုး Omoji တွေလည်း ပါဝင်လာပါတယ်။ 16MP+ 20MP ကျောကင်မရာနှစ်လုံးတွဲမှာလည်း OIS နဲ့ AI Scene Recognition နည်းပညာလိုမျိုး ဓာတ်ပုံအတွက် သီးသန့် AI နည်းပညာတွေ ပါဝင်လာပါတယ်။ ဒီနည်းပညာဟာ ဓာတ်ပုံ Scenes ပေါင်း ၈၀၀ ကျော်ကို ခွဲခြားသိရှိနိုင်ပြီး၊ ရှုခင်းမြင်ကွင်းနဲ့ လိုက်ဖက်မယ့်အကောင်းဆုံးပုံကို ပေးစွမ်းနိုင်မှာပါ။ တခြား Specifications တွေအနေနဲ့ကတော့ Flagship ဖုန်းဆိုတဲ့အတိုင်း အကောင်းဆုံး၊ အမြင့်ဆုံးဆိုတဲ့ Hardwares တွေကိုချည်း အသုံးပြုထားပါတယ်။ လက်ရှိအမြန်ဆုံး Processor ဖြစ်တဲ့ Snapdragon 845 ၊ 8GB RAM နဲ့ 256GB Storage တို့ ပါဝင်မှာဖြစ်ပြီး၊ Android 8.1 Oreo-based ColorOS 5.1 နဲ့ ထွက်ရှိလာမှာပါ။ ColorOS 5.1 AI Smart ဟာ User ရဲ့ ဖုန်းအသုံးပြုမှုပုံစံကို လေ့လာမှတ်သားပြီး၊ သုံးနေကြ Application တွေကို ပိုမိုမြန်ဆန်နေအောင် ဆောင်ရွက်ပေးထားမှာ ဖြစ်ပါတယ်။ Find X မှာ Oppo ရဲ့ နာမည်ကျော်အားအမြန်သွင်းစနစ်ဖြစ်တဲ့ Super VOOC Charging နည်းပညာကို အသုံးပြု ထားပါတယ်။ ဒီနည်းပညာဟာ Find X ဖုန်းရဲ့ 3,400mAh ဘက်ထရီကို ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအပြည့်ကို ၃၅ မိနစ်အတွင်းမှာ အားအပြည့်သွင်းပေးနိုင်မှာပါ။ ဒီမြန်နှုန်းဟာ လက်ရှိ Fast Charging နည်းပညာတွေထဲမှာ အမြန်ဆုံ းဖြစ်ပါတယ်။ Find X 128GB မော်ဒယ်မှာတော့ Super VOOC မဟုတ်ဘဲ VOOC နည်းပညာပဲ ပါဝင်မယ်လို့ သိရပါတယ်။ “Find X နဲ့ Find X Lamborghini Edition” တို့ရဲ့ Specifications အပြည့်အစုံနဲ့ ကွာခြားချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ • 6.42-inch (2340 x 1080 pixels) Full HD+ AMOLED 19:5:9 aspect ratio Panoramic Arc display with Corning Gorilla Glass 5 protection • 2.5GHz Octa-Core Qualcomm Snapdragon 845 10nm Mobile Platform with Adreno 630 GPU • 8GB RAM, 128GB / 256GB storage, 512GB (Lamborghini Edition) • Android 8.1 (Oreo) with ColorOS 5.1 • Dual SIM (nano + nano) • 16MP rear camera with LED flash, f/2.0 aperture, OIS, secondary 20MP rear camera with f/2.2 aperture • 25MP front-facing camera, f/2.0 aperture • USB Type-C audio, DSP module, NXP noise reduction • Dimensions: 156.7 × 74.3 × 9.4mm; Weight: 186g • 4G VoLTE, WiFi 802.11ac (2.4GHz/5GHz), Bluetooth 5 LE, GPS, USB Type-C • 3,730mAh (typical) / 3645mAh (minimum) battery with VOOC flash charge fast charging / 3400mAh battery with the SuperVOOC charging (Find X 256GB and Lamborghini Edition) OPPO Find X ရဲ့ “Lamborghini Edition” စမတ်ဖုန်း Oppo Find X စမတ်ဖုန်း 128GB ဗားရှင်းကို ယနေ့ ဇူလိုင်လ ၄ ရက်နေ့ကစတင်ကာ ရောင်းချသွားမှာဖြစ်ပြီး၊ 256GB ဗားရှင်းနဲ့ “Lamborghini Edition” တို့ကိုတော့ သြဂုတ်လအတွင်း စတင်ရောင်းချမယ်လို့ သိရပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံကိုကော ဘယ်အချိန်ရောက်ရှိ လာမလဲဆိုတာ ရင်ခုန်စွာ စောင့်ဆိုင်းရမှာပါ။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ "OPPO Find X" စမတ်ဖုန်း မိတ်ဆက်ပွဲ Ref: GizmoChina, Oppo, The Verge, Fone Arena, noypigeek The post နည်းပညာ ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့တဲ့ Oppo Find X နဲ့ Find စီးရီးစမတ်ဖုန်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2KFuG93
via IFTTT
No comments:
Post a Comment