Tuesday, July 3, 2018

The Voice

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံ အဆင်သင့်မဖြစ်သေးဟု ICRC အကြီးအကဲ မှတ်ချက်ပေး ရန်ကုန်၊ ဇူလိုင် ၂ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ အခြေအနေအရပ်ရပ်တို့သည် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဘင်္ဂါလီလူမျိုး ထောင်ပေါင်းများစွာကို ပြန်လည်လက်ခံရန် အဆင်သင့်မဖြစ်သေးဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ အကြီးအကဲဖြစ်သူ ပီတာမူရာက သုံးသပ်ပြောကြားလိုက်ကြောင်း The Guardian သတင်းစာက ရေးသားဖော်ပြသည်။ ICRC ၏ အကြီးအကဲ ပီတာမူရသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများဖြစ်ပွားခဲ့သော နေ့ရာဒေသများသို့ သွားရောက်လေ့လာကြည့်ရှုပြီးနောက် ဘင်္ဂါလီလူမျိုးများ ပြန်လည်ခေါ်ယူရေးနှင့် ပတ်သက်၍ အထက်ပါအတိုင်း မှတ်ချက်ပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဘင်္ဂါလီ ဒုက္ခသည် ၇၀၀,၀၀၀ ကျော်ခန့်ကို ပြန်လည်ခေါ်ယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်ဟု မြန်မာအစိုးရက ထုတ်ဖော်ပြောဆိုထားသည်။ မြန်မာဘက်တွင် လက်ခံကြိုဆိုရေးစင်တာနှစ်ခု တည်ဆောက်ဖွင့်လှစ်ထားပြီဖြစ်ပြီး နယ်စပ်ဒေသအနီးရှိ ယာယီစခန်းမှာ ပထမအသုတ်အနေနှင့် ရောက်ရှိလာမည့် ဒုက္ခသည်များကိုထားရှိရန် စီစဉ်ထားခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုသည်။ ရခိုင်မြောက်ပိုင်းဒေသသို့ သွားရောက်လေ့လာကြည့်ရှုခဲ့သော ICRC အဖွဲ့ ဥက္ကဋ္ဌ ပီတာမူရာက ၎င်းတွေ့ရှိခဲ့သော အခြေအနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက ဘင်္ဂါလီဒုက္ခသည်များကို မကြာမီအချိန်အတွင်း ပြန်လည်လက်ခံနိုင်လိမ့်မည်ဟု မယုံကြည်ကြောင်းပြောကြားသည်။ “ဒုက္ခသည် အမြောက်အမြား လက်ခံရမယ့် ကိစ္စအတွက် လုပ်စရာအလုပ်တွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ထင်တယ်။ လက်ခံထားရှိနိုင်ရေး၊ ပြင်ဆင်ဆောင်ရွက်ရေး စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း လုပ်စရာတွေ၊ ဖြည့်ဆည်းစရာတွေ အများကြီးကျန်နေသေးတယ်။ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့သူတွေဘက်ကလည်း ပြင်ဆင်စရာတွေ ရှိနေသေးတယ်”ဟု ၎င်းက ပြောကြားသည်။ ICRC အကြီးအကဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ဒေသရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်လေ့လာခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသသို့ သွားရောက်ခဲ့ရာ၌ ၎င်းအနေနှင့် လူသူမရှိတော့သည့်ကျေးရွာများနှင့် ပျက်စီးနေသော အိမ်များကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံအနေနှင့် ဘင်္ဂါလီဒုက္ခသည်များကို လက်ခံရေးအတွက် အဆင်သင့်မဖြစ်သေးကြောင်း ICRC အကြီးအကဲ၏ မှတ်ချက်နှင့်ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။ ICRC အဖွဲ့ ဥက္ကဋ္ဌ ပီတာမူရာက ရခိုင်ပြည်နယ်တွင်း ICRC ၏ လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ၎င်းအနေနှင့် နေပြည်တော်တွင် မြန်မာအစိုးရအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် မြန်မာခရီးစဉ်အတွင်း လိုအပ်ချက်ရှိသော ပြည်သူများနှင့်တွေ့ဆုံနိုင်ရေးအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရတို့ဘက်က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြခြင်းကြောင့် များစွာနှစ်သက်အားရမိသည်ဟုလည်း ၎င်းက ဆိုသည်။ မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ဘင်္ဂါလီအရေး လျှို့ဝှက်သဘောတူညီချက်တွင် မြန်မာနိုင်ငံတွင်းသို့ ပြန်လာသော ဘင်္ဂါလီများအတွက် နိုင်ငံသားဖြစ်ခွင့် အာမခံချက်နှင့် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်အတွက် ရှင်းလင်းသည့် အာမခံချက်များ ပေးမထားကြောင်း Reuters သတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားဖော်ပြခဲ့သည်။
Source : https://goo.gl/MiUhyF
via IFTTT

No comments:

Post a Comment