Thursday, July 5, 2018

The Voice

ပြစ်မှုကြီးသုံးခုဖြင့် မလေးရှားအာဏာပိုင်များစွဲချက်တင်၊ ဘဏ်စာရင်းပြဿနာများ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ထုတ်ဖော် ကွာလာလမ်ပူ၊ ဇူလိုင် ၄ ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၄)ရက်နေ့က တရားရုံးတော်တွင် အာဏာအလွဲသုံးစားပြုမှု၊ ရာဇဝတ်မှု၊ အဂတိလိုက်စားမှု စသည်တို့ဖြင့် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ ထို့ပြင် မလေးရှားအာဏာပိုင်များသည် နာဂျစ်ရာဇတ်ထူထောင်ခဲ့သော 1MDB ဟု အမည်ရသည့် မလေးရှားဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဒေါ်လာဘီလီယံနှင့်ချီသည့် အလွဲသုံးစားမှုများကို စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု ဆိုသည်။ အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သော နာဂျစ်ရာဇတ်သည် လတ်တလောအနေအထားတွင် ပြစ်မှုသုံးမှုဖြင့် စွဲချက်တင်ခံထားရပြီး ပြစ်မှုတစ်ခုမှာ ရာထူးအာဏာကို အသုံးချကာ အဂတိလိုက်စားမှုဖြစ်သည်။ ယင်းပြစ်မှုများသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အကြား ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကွာလာလမ်ပူရှိ တရားရုံးသို့ရောက်ရှိလာချိန်၌ နာဂျစ်ရာဇတ်သည် လွန်စွာပင်ပန်းနွမ်းလျနေပုံရပြီး တရားရုံးတော်၏ မေးမြန်းချက်များကို ခေါင်းငြိမ့်၊ ခေါင်းခါလုပ်ကာ တုံ့ပြန်နေသည်ကိုတွေ့ရသည်။ စွဲချက်များကို ဥပဒေအရာရှိ တစ်ယောက်ပြီးတစ်ယောက် ဖတ်ကြားခဲ့ပြီးနောက် နာဂျစ်က ယင်းပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းမရှိဟုဆိုသည်။ နာဂျစ်ရာဇတ်ရင်ဆိုင်နေရသည့် စွဲချက်များသည် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက တစ်မှုလျှင် ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည်။ အာဏာအလွဲသုံးစားမှုအတွက် ဒဏ်ငွေမှာလည်းရယူခဲ့သည့် လာဘ်ငွေများတန်ဖိုးစုစုပေါင်း၏ ငါးဆထိချမှတ် နိုင်သည်။ (ဥပမာ-ဒေါ်လာတစ်သိန်း လာဘ်ယူခဲ့ပါက ဒဏ်ငွေမှာ ဒေါ်လာငါးသိန်းဖြစ်မည်) “ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးအနေနဲ့သင့်ရဲ့ ရာထူးကိုအသုံးချပြီး မလေးရှားရင်းဂစ် ၄၂ သန်း အလွဲသုံးစားပြုခဲ့တယ်”ဟု ရှေ့နေချုပ်တွမ်မီသောမတ်စ်က ဖတ်ကြားသည်။ ယင်းရှေ့နေချုပ်သည် ဝန်ကြီးချုပ်နာဂျစ်အားတရားစွဲဆို အမှုစီရင်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယင်းအဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦးပါဝင်သည်။ နာဂျစ်ရာဇတ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်နေ့ နံနက်ပိုင်းက ယခင်မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း ဇာတီ အက်တာအဇစ်ကနာဂျစ်သည် ဝန်ကြီးချုပ် ရာထူးရယူထားစဉ် ၎င်း၏ ဘဏ်စာရင်းနှင့်ပတ်သက်၍ အမှားအယွင်းတစ်စုံတစ်ရာ မပြုလုပ်ထားကြောင်း ကြေညာချက်တစ်ရပ်ထုတ်ပြန်ပေးရန် မိမိအားပြောဆိုခဲ့ဖူးသည်ဟု ထုတ်ဖော်ခဲ့သည်။ သို့သော် မစ္စဇာတီအက်တာအဇစ်က ၎င်းအနေနှင့် ဝန်ကြီးချုပ်နာဂျစ်၏ ဘဏ်စာရင်းတွင် ပြုလုပ်ထားသော ငွေလွှဲပြောင်းမှုများကို သိရှိထားခြင်းမရှိသည့်အတွက် ယင်းကြေညာချက်မျိုး ထုတ်ပြန် ပေး၍မရနိုင်ကြောင်း ပြောဆိုခဲ့သည်။ ထို့အတူ နာဂျစ်လက်ထက်က မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကလည်း အလားတူ တောင်းဆိုမှုမျိုးပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို အာဏာပိုင်များက အင်္ဂါနေ့ (ဇူလိုင် ၃ ရက်) ညနေပိုင်းက ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/QB2dbq
via IFTTT

No comments:

Post a Comment