Friday, April 27, 2018


လိုအပ်ချိန်မှာရွာခဲ့တဲ့မိုး (သို့) ဒေါ်ငယ်မမသန်း စစ်အစိုးရလက်ထက်မှာ အမဝမ်းကွဲဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပတ်သက်ကူညီတာကြောင့် ဖမ်းဆီးထောင်ချ ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ငယ်မမသန်းဟာ ကင်ဆာရောဂါနဲ့ ဧပြီ ၂၄ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၆၉ နှစ် အရွယ်မှာ ဆုံးပါးသွားတဲ့ ဒေါ်ငယ်မမသန်းဟာ နိုင်ငံရေးသမား၊ စာရေးဆရာ လည်း ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးသားသည့် စာအုပ်များထဲမှ လူကြိုက်များခဲ့တဲ့ အောင်သန်းရဲ့အောင်ဆန်း စာအုပ် ရေးသားသူ ဦးအောင်သန်းရဲ့ အငယ်ဆုံးသမီး ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူမလည်း ဖြစ်ပါတယ်။ ၁၉၇၃ မှ ၇၈ ထိ ရန်ကုန်တက္ကသိုလ်မှာ Diploma in Automatic Computing ဘာသာရပ်ကို သင်ကြားခဲ့ကာ DAC ဘွဲ့ရယူခဲ့သူပါ။ ၁၉၉၁ ခုနှစ်မှာ ကွန်ပျူတာ တက္ကသိုလ် Information Science Department မှာ ဌာနမှူး ဖြစ်ခဲ့ပြီး နဝတ အစိုးရလက်ထက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဟုဆိုကာ နိုင်ငံရေးကင်းရှင်းကြောင်း အချက် ၃၃ ချက်ကို ဝန်ခံလက်မှတ်ထိုးရာမှာ မကိုက်ညီသဖြင့်ဟု ဆိုပြီး အလုပ်ကနေ ပင်စင်ခံစားခွင့်မရပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ စိတ်ဓာတ်ဖြူစင်သူ၊ မေတ္တာတရားကြီးမားသူ၊ ဇွဲကြီးသူ တဦးဆိုပြီး ပြောစမှတ်ရှိသူ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားဟောင်းများစွာကို ကွန်ပျူတာ ပညာရပ်သင်ကြားပေးခဲ့သူလို့ သိရပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ကလည်း ဒေါ်ငယ်မမသန်းဟာ သူ့ကို ကွန်ပျူတာ ပညာ သင်ကြာပေးခဲ့တဲ့ ဆရာမ ဖြစ်ကြောင်း ပြောပြပါတယ်။ “သူက ကျနော့်ကို ကွန်ပျုတာ သင်ပေးခဲ့တဲ့ ဆရာမ တယောက်ပါ။ ဒါပေမယ့် ဒီထက်ပိုတဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ကျနော်တို့မှာ ရှိတယ်။ သူ့တန်ဖိုး တချို့တဝက်ကို ကျနော်သိတယ်။ သူဟာ ဘဝမှာ အင်မတန် ယုံကြည်ချက် ခိုင်မာတယ်။ စိတ်ဓာတ် ဇွဲသတ္တိကောင်းတယ်။ ကျနော်တို့တွေမှာ ပျော့ညံ့တဲ့စိတ်ဝင်ရင် ဆရာမဆီ သွားတဲ့အခါ ခွန်အားပေးနိုင်တယ်” လို့ ကိုမင်းကိုနိုင်က ပြောပြတယ်။ ဆက်လက်ပြီး သူက “သူပေးနိုင်တဲ့ ခွန်အားမျိုးက စကားလုံးနဲ့တောင် မဟုတ်ဘူး။ ဘဝကို ဘယ်လိုဖြတ်သန်းလဲဆိုတဲ့ ပုံစံမျိုးနဲ့တောင်ပါတယ်။ ခေတ်ဆိုးခေတ်ကျပ်ကြီးမှာ လုပ်ပေးခဲ့တယ်။ လိုအပ်နေတုန်းမှာ ရွာတဲ့မိုးပါ” လို့ ပြောပြတယ်။ ဒေါ်ငယ်မမသန်းက ၁၉၉၄ ခုနှစ်မှာ PC world Myanmar မဂ္ဂဇင်း အယ်ဒီတာနဲ့ စာရေးသူအဖြစ်လည်း လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပတ်သက်ကူညီမှုကြောင့် ခင်ပွန်းဖြစ်သူ ဦးမြင့်ဆွေ၊ အကိုဖြစ်သူ ဦးချိုအောင်သန်းတို့နဲ့အတူ နအဖအစိုးရရဲ့ ဖမ်းဆီးမှု ကို ခံထားရတယ်။ ပုဒ်မ ၅(ည)၊ ၁၇(၁) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ် ဇူလိုင်လမှာတော့ ပြန်လည်လွတ်မြောက်လာပြီး ၂၀၀၂ ခုနှစ်မှာ Pearl Computer Center ကွန်ပျူတာ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားကာ ကျောင်းအုပ်တာဝန်ယူခဲ့ပါတယ်။ ထောင်က လွတ်မြောက်လာတဲ့အချိန်ကတည်းက ကင်ဆာရောဂါဖြစ်နေကြောင်း သိရှိရပြီး ဆေးကုသမှု ခံယူနေခဲ့ရာက ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာတော့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ အင်းစိန်ထောင်တွင်း အချုပ်သားဘဝမှာ အတူရှိခဲ့ဖူးသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကလည်း ဒေါ်ငယ်မမသန်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကို ပြန်ပြောပြတယ်။ “အင်းစိန်ထောင်မှာ အချုပ်ဘဝနဲ့ အတူရှိခဲ့ဖူးတယ်။ အဲဒီအချိန်ကတည်းက ဘာသာတရားရဲ့ အဆုံးအမတွေ လူ့ကျင့်ဝတ်တွေ၊ လူ့လောကကို အကျိုးပြုစေမယ့် အဆုံးအမတွေနဲ့ ထောင်ထဲမှာ ကတည်းက ကျမတို့ကို ဆုံးမခဲ့ပါတယ်။ ပကာသနကင်းတဲ့ မေတ္တာ တရားကြီးမားတဲ့သူပါ” လို့ မမီးမီးက ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကြားမှာတော့ ကွန်ပျူတာ ပညာရှင်လည်းဖြစ်၊ စာရေးဆရာမလည်း ဖြစ်တဲ့ ဒေါ်ငယ်မမသန်းရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေက စံပြဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပြကြတယ်။ ၂၀၁၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ နေဒဏ်ခံပန်းသတင်းစာအုပ်မှာ “ဘာပြစ်မှုမှ မကျူးလွန်ဘဲ နိုင်ငံရေးပုဒ်မနဲ့ ရောက်ရတာကို ဖေဖေ့သမီး၊ နိုင်ငံရေးသမားတယောက်ရဲ့ သမီး အနေနဲ့ ဂုဏ်ယူမိပါတယ်။ ဒီနေရာဟာ တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်နိုင်စွမ်းရှိတဲ့ အပြစ်မဲ့သူတွေကို တရားသောနည်းနဲ့ မနိုင်လို့ ခေါ်ထားတဲ့ နေရာဖြစ်မှန်း သိလိုက်ရပါတယ်။ ကိုယ့်ရဲ့ စွမ်းရည် မြှင့်တင်ပေးမယ့် နေရာလို့ပဲ သတ်မှတ်လိုက်ပါတယ်။ ဘယ်လိုအထိမ်းအမှတ်မျိုးနဲ့မှ လွတ်ဖို့ မမေ ျှာ်လင့်သလို နှစ်စေ့အောင် နေရမှာ မဟုတ်ဘူးလို့လည်း ခံယူထားပါတယ်” လို့ ဒေါ်ငယ်မမသန်းက သူ့ရဲ့ ထောင်အတွေ့အကြုံကို ရေးသားခဲ့ပါတယ်။ The post လိုအပ်ချိန်မှာရွာခဲ့တဲ့မိုး (သို့) ဒေါ်ငယ်မမသန်း appeared first on ဧရာဝတီ.
Source : https://ift.tt/2KlIpyK
via IFTTT

No comments:

Post a Comment