တပ်မတော်နှင့် KIA တိုက်ပွဲ ပြင်းထန်၊ ရွာ ၅ ရွာမှ ဒေသခံ ၁ ထောင်ခန့် တိမ်းရှောင်ရ ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ်အတွင်း တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ပြင်းထန်နေသဖြင့် ကျေးရွာ ၅ ရွာမှ ဒေသခံ ၁ ထောင်ခန့် တိမ်းရှောင် နေကြရကြောင်း သတင်းရရှိသည်။ အင်ဂျန်းယန် မြို့နယ် အတွင်း ဧပြီလ ၂၅ရက် နေ့လယ် ၃ နာရီအချိန်ခန့်မှ စ၍ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားပြီး တပ်မတော်ဘက်မှ ဂျက်ဖိုက်တာ ရဟတ်ယာဉ်ဖြင့် KIA တပ်မဟာ (၁) ဌာနချုပ် ရှိရာ အင်ဂွန်းလ တဝိုက် ကို ဗုံးကျဲကြောင်း KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။ ထို့နောက် ကောင်ရာ ကျေးရွာ အနီးရှိ KIA တပ်မဟာ (၁) လက်အောက် ခံတပ်ရင်း (၄)ကိုလည်း ရဟတ်ယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။ ဗိုလ်မှူးကြီးနော်ဘူက “ဒီနေ့ အခြေအနေက တပ်ရင်း (၄) ရဲ့ နေရာမှာ မြေပြင်တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။ နေ့လယ် ၁၁ နာရီခွဲ အချိန်က တိုက်ပွဲတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။ ချီဖွေမြို့နယ် အတွင်းရှိ KIA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၁၀) နေရာတွင်လည်း တပ်မတော်နှင့် စစ်ရေး တင်းမာနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် KIA တပ်ရင်း (၄) အနီးရှိ ကောင်ရာ ကျေးရွာမှ ဒေသခံများမှာ ဧပြီလ၂၅ ရက် ကတည်းက ကျေးရွာမှ မြစ်ကြီးနားမြို့သို့ သွားသည့် လမ်းအတိုင်း ထွက်ပြေး သွားကြကြောင်း၊ ထိုလမ်းမှာ ခြေလျင်ခရီး သွားရမည့် လမ်းဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ဗိုလ်မှူးကြီး နော်ဘူ ပြောဆိုသည့် ကောင်ရာ ကျေးရွာမှ ဒေသခံများကို ဧရာဝတီက ဆက်သွယ်၍ မရသဖြင့် တမ်းရှောင် နေရသူ စာရင်း အတိအကျကို မသိရှိရသေးပေ။ ထို့ပြင် ဧပြီ ၂၅ရက် ညပိုင်းက တိုက်ပွဲကြား ပိတ်မိမည်ကို စိုးရိမ်သဖြင့် KIA တပ်မဟာ (၁) ဧရိယာအနီးရှိ ရွာ ၄ ရွာမှ ဒေသခံ ၁ ထောင်ဝန်းကျင်မှာ အင်ဂျန်းယန်မြို့နယ် ကားလမ်းမကြီးဘေးရှိ ကျေးရွာများထံ ပြေးလာကြသည်ဟု သိရ သည်။ ထိုရွာ ၄ ရွာမှာ ဇွပ်မိုင်ယန်၊ ဘုမ်ဆွေယန်၊ ဘုမ်ဆယ်ဇွပ်၊ ဆွတ်ငိုင်ယန် အမည်ရှိ ရွာများ ဖြစ်ပြီး လက်ရှိ၌ ၎င်းတို့ နေရပ်ရင်း ရွာများနှင့် ၅ မိုင်ကျော်ဝေးသည့် ဘုမ်ညန်ယန် ကျေးရွာတွင် ခိုလှုံနေကြသည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။ ဒေါ်ဂျာဆိုင်းခေါန်က ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဧပြီလ၂၄ ရက်က ထိုရွာများကို ကိုယ်တိုင်သွားခဲ့ကြောင်း၊ ဧပြီ ၂၄ ရက် ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းများ ထိုရွာများအနီးသို့ ရောက်လာကြောင်း၊ ကချင်ပြည်နယ် အခြား မြို့များတွင် တိုက်ပွဲများကြောင့် ဒေသခံများ ပိတ်မိပြီး မပြေးနိုင်သည့် အခြေအနေများကို ပြောပြကြောင်း၊ သတိနှင့် နေထိုင်ကြရန် တိုက်ပွဲဖြစ်လာပါက ပိတ်မိမနေဘဲ လွတ်မြောက်အောင် ထွက်ပြေးရန်လည်း ပြောဆိုခဲ့ကြောင်း ၎င်းက ပြောပြသည်။ ဒေါ်ဂျာဆိုင်းခေါန်က “၂၅ရက်နေ့က တပ်မဟာ(၁)ဧရိယာ၊ တပ်ရင်း ၄ ရှိတဲ့ နေရာတွေကို လေယာဉ်နဲ့ ကျဲတယ်ကြား တယ်။ တပ်က စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ရွာတွေမှာ ရောက်တော့ ရွာသားတွေက လန့်တယ်။ တိုက်ပွဲဖြစ်တာနဲ့ ထွက်လာလို့ မရတာတွေ ကြုံမှာစိုးလို့ မနေ့က ညသန်းခေါင်အချိန်မှာ လတ်တလော ထိပ်တိုက်ဖြစ်လာနိုင်တဲ့ ရွာ ၄ ရွာ က ထွက်ပြေးလာတာ ဖြစ်တယ်” ဟု ပြောသည်။ လက်ရှိ ပြေးလာကြသည့် ဒေသခံများ၏ ရွာများတဝိုက်တွင် တပ်မတော်၊ စစ်ကြောင်းများ နေရာယူထားပြီး တိုက်ပွဲများ လည်း ဖြစ်ပွားနေသဖြင့် ပြေးလာကြသူများ နေရပ်သို့ ပြန်နိုင်မည် မဟုတ်သေးသောကြောင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့က စားနပ်ရိက္ခာ ထောက်ပံ့ပြီး ပြေးလာသူများကို ကူညီရန်လည်း ဒေါ်ဂျာဆိုင်းခေါန်က ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို ယနေ့ တွေ့ဆုံပြီး တောင်းဆိုထားကြောင်း သိရသည်။ “စားနပ်ရိက္ခာတွေလည်း လိုအပ်နေတာဖြစ်တဲ့ အတွက် ဝန်ကြီးချုပ်ကို တင်ပြတယ်။ အသက်အန္တရာယ်ကို ရှောင်ကွင်း ဖို့ အိမ်က ထွက်ပြေးလာတာ။ သူတို့ကို ကူညီပံ့ပိုးဖို့ လိုတယ်။ အစိုးရအဖွဲ့မှာ တင်ပြီး လူမှုရေး ဝန်ကြီးအဖွဲ့ဆီက ရသ လောက် အကူညီပစ္စည်းတွေနဲ့ ကျမတို့ မနက်ဖြန် သွား(ကူညီ) နိုင်မယ်လို့ မျှော်လင့်တယ်”ဟုလည်း ဒေါ်ဂျာဆိုင်းခေါန် က ဆို သည်။ ကချင်ပြည်နယ် အတွင်း အင်ဂျန်းယန်မြို့နယ်အပြင် တနိုင်း၊ ဖားကန့် နှင့် မိုးကောင်း မြို့နယ်တို့တွင်လည်း တပ်မတော် နှင့် KIA တို့ စစ်ရေး တင်းမာနေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။ ဧပြီလ ၁၁ ရက်က တနိုင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ရွာ ၃ရွာမှ စစ်ဘေး ရှောင်လာကြသည့် ဒေသခံ အရပ်သား ၂ ထောင်ကျော်မှာ ယနေ့ထိတောတွင်းပိတ်မိနေပြီး စားနပ်ရိက္ခာ အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။ ထိုဧပြီ ၁၁ ရက်က ဖားကန့်မြို့နယ် ကထန်ယန် ကျေးရွာအုပ်စု လိုင်နောင်ခူးဒေသမှ ဒေသခံ ၁၆၀ ခန့်တို့လည်း တိုက်ပွဲ များကြောင့် ထွက်ပြေးခဲ့ရပြီး ယနေ့ထိ တောတောင်ထဲတွင် ပိတ်မိနေဆဲ ဖြစ်သည်။ အဆိုပါ ပိတ်မိနေသူများကို ကယ်ဆယ်ပေးရန် ကချင်ဘာသာရေးအသင်းအဖွဲ့များ၊ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ နှင့် အခြား ကချင် အရပ်ဘက် အဖွဲ့အစည်းများက ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တပ်မတော် တာဝန်ရှိသူများကို တောင်းဆိုထားသော်လည်း ကယ်ထုတ်နိုင်ခြင်း မရှိသေးပေ။ ဧပြီ၂၁ ရက်ကလည်း မိုးကောင်းမြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရွာ ၂ ရွာမှ ဒေသခံ ၁ ထောင်ကျော် ထွက်ပြေးလာရပြီး လက်ရှိတွင် နမ္မတီးမြို့ရှိ ဘာသာရေး ကျောင်းများတွင် ခိုလှုံလျက်ရှိသည်။ ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် KIA တို့ ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ထိ စစ်ဘေး ရှောင်နေရသည့် အရပ်သား ၁ သိန်းကျော် နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံလျက်ရှိ သည်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၄ ထောင် ကျော် တိုးလာသည်။ KIA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ဝိုင်းမော်မြို့နယ်တွင် KIA တပ်စခန်းများကို တပ်မတော်က ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ရာမှစ၍ အစိုးရနှင့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရပ်တန့် သွားသည်။ KIA က ၂၀၁၇ ခုနှစ်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင် ဖွဲ့စည်းသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ဒုဥက္ကဌအဖြစ် ပါဝင်ပြီး အစိုးရနှင့် အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ရန် တောင်းဆိုထားသည်။ The post တပ်မတော်နှင့် KIA တိုက်ပွဲ ပြင်းထန်၊ ရွာ ၅ ရွာမှ ဒေသခံ ၁ ထောင်ခန့် တိမ်းရှောင်ရ appeared first on ဧရာဝတီ.
Source : https://ift.tt/2KeBR5j
via IFTTT
No comments:
Post a Comment