လူတိုင်း ခံစားနေရတဲ့ “ကြင်နာခြင်းနဲ့ နာကျင်ခြင်းရဲ့ အလွန်က ကျေနပ်ခြင်းများ” အကြောင်း နာကျင်ခံစာားရမှု ဆိုတာ အေးခြင်း၊ ပူခြင်း၊ စပ်ခြင်း၊ ခါးခြင်း၊ ချဉ်ခြင်း အားလုံးကို ခြုံပြီး ပြောလိုက်တာပါ။ လူတွေဟာ ဒီလို နာကျင်ခံစားရမှု ဆိုတဲ့ အရာကို နှစ်သက်ကြတယ် လို့ ဆိုပါတယ်။ ဥပမာ ဆိုပါစို့၊ အောင်မလေး စပ်လိုက်တာ၊ ငါ သေသွားမယ် ထင်တယ် လို့ မိန်းကလေး တယောက်က အပူအစပ်တခုခု စားနေချိန်ပြောချင် ပြောပေမယ့် တကယ်တမ်း ကျတော့ သူမဟာ အစပ်စားရတာကို နှစ်သက်နေပါတယ်။ ဒါကြောင့် နာကျင်မှု ဆိုတာ လူတွေရဲ့ နှစ်သက်သဘောကျမှု တခုလို့ ဆိုနိုင်လာတာပါ။ လူငယ်တွေ အချစ်ဆိုတဲ့ အရာကို ခံစားမိလာတဲ့ အခါမှာလည်း ဒီလိုပဲ၊ ချစ်ခြင်းကြောင့် နွေးထွေးအေးမြတဲ့ ခံစားမှုကို ခံစားရသလို… တူနှစ်ကိုယ် မတွေ့ကြရလို့ လွမ်းရတာတွေ၊ သတိရတာတွေ၊ တခါတလေ အချင်းချင်း အဆင်မပြေလို့ စိတ်ကောက်တာတွေ စတဲ့ ပူပင်ပူလောင်ခံစားမှုတွေ ရှိကြတယ်။ ဒါဆို ဒီလို ကြင်နာခြင်းရဲ့ အကြောင်းပြန် နာကျင်ခြင်းကို ပေးတတ်တဲ့ ဒီအချစ်ကို လူတွေ ဘာလို့ ခံစားနေပါသလဲ။ စိတ်ကို၊ နှလုံးသားကို နာကျင်စေပေမယ့် လူတွေက နာကျင်မှုကို နှစ်သက်တယ် မဟုတ်လား၊ ရင်နာလေ ပိုချစ်လေ ဆိုတဲ့ သီချင်းတောင် ရှိသေးတော့ နာကျင်မှုနဲ့ ကျေနပ် နှစ်သက်မှုက ချိတ်ဆက်နေပါတယ်။ ဒီလို နာကျင်ခံစားရမှုနဲ့ ကျေနပ်နှစ်သက်ခံစားရမှု ချိတ်ဆက်နေရတဲ့ အကြောင်းကို သိပ္ပံပညာရှင်တွေက စနစ်တကျ လေ့လာ သိရှိလာပါပြီ။ အဲဒါကတော့ အဓိက အနေနဲ့ ဦးနှောက်ရဲ့ အာရုံခံ အပိုင်းကြောင့် လို့ ဆိုပါတယ်။ နာကျင်မှု ခံစားနေရချိန်မှာရော ကျေနပ်နှစ်သက်မှု ဖြစ်နေချိန်မှာပါ အလုပ် လုပ်ဆောင် အာရုံခံတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းက တနေရာတည်း ဖြစ်နေတာကြောင့် သူတို့ နှစ်ခု ချိတ်ဆက်နေတာ လို့ ဆိုပါတယ်။ ဝမ်းနည်းခြင်းနဲ့ နာကျင်ခြင်းတွေ ဖြစ်လာတိုင်း ခန္ဒာကိုယ်ကနေ ဦးနှောက်ဆီကို ပို့လွှတ်တဲ့ ဟော်မုန်း Endorphins, Anandamide နဲ့ Adrenaline တွေက ကျေနပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ တွေ့ရတဲ့ ပို့လွှတ်တဲ့ ဟော်မုန်းတွေပဲ ဖြစ်နေပါတယ်။ ဦးနှောက်ရဲ့ Hippocampus အပိုင်းက အခု ဟော်မုန်းတွေကို လက်ခံပြီး ခံစားချက်ကို ရယူ ခံစားပါတယ်။ ဝမ်းနည်းနေချိန် ဝမ်းနည်းတယ်၊ နာကျင်နေချိန် နာကျင်တယ်၊ ကျေနပ်နေချိန် ပျော်ရွှင်တယ် စသဖြင့် ပေါ့။ ဒါကြောင့် လက်ခံတဲ့ ဦးနှောက်ရဲ့ အပိုင်းကလည်း တူတယ်၊ ရောက်ရှိ ပု့ိလွှတ်လာတဲ့ ဟော်မုန်းတွေ ကလည်း တူတဲ့ အတွက် ဦးနှောက်ခံစားချက်မှာ နာကျင်ခြင်းနဲ့ ကျေနပ်နှစ်သက်ခြင်းက ချိတ်ဆက်နေတော့တာပါ။ ဒါကြောင့် ငရုတ်သီး အစားများပြီး စပ်နေပေမယ့် လူတွေက သဘောကျ စားသုံးနေမြဲပါ၊ ချစ်သူ ရည်းစားနဲ့ အဆင်မပြေလို့ ဝမ်းနည်း ငိုကြွေး နေရပေမယ့် သူ့ချစ်သူကို ဆက်ချစ်နေဆဲ ဖြစ်နေတာပါ။ ဒီအထဲမှာ Adrenaline ဆိုတာက နှလုံးခုန်နှုန်းကို ပိုမြန်စေပါတယ်။ ဒီလိုနဲ့ သွေးလည်ပတ်မှု ပိုမြန်လာတယ်၊ လူကလည်း နိုးကြားလာ တယ်။ ပိုခြင်း၊ စပ်ခြင်း၊ နာကျင်ခြင်း၊ ကျေနပ်ခြင်းကို ပိုပြီး ခံစားမိစေလာတယ်။ ပြောရရင်တော့ ရင်ထဲ စွဲသွားစေတယ် ပေါ့။ ဒါကြောင့် အစပ် စားပြီးရင်း စားချင်၊ အချဉ်စားပြီးရင်း စားချင် ဖြစ်နေစေတာ လို့ ဆိုပါတယ်။ ပြီးတော့ ဦးနှောက်မှာ သူ့ အလိုလို စိတ်ခံစားချက် ဖြစ်စေနိုင်တဲ့ စွမ်းရည်ရှိသေးတယ် လို့ လေ့လာသူတွေက ဆိုပါတယ်။ ပါးစပ်အတွင်း အစပ်စားလို့ စပ်နေပေမယ့် ခဏနေ သက်သာရာရမယ် ဆိုတာကို မိမိ အတွေးထဲ မတွေးမိခင်ကတည်းက ဦးနှောက်က တွေးမိနေပြီးသားပါ။ ဒီလို ဦးနှောက်က တွေးမိပြီးခါမှ စိတ်ထဲမှာ ခဏနေရင် စပ်တာ သက်သာမယ် ဆိုတာ ခံစားမိလာတယ် လို့ ဆိုပါတယ်။ ဒီတော့ နာကျင်ခံစား နေရသမျှဟာ ခဏပါပဲ ဆိုတာကို ဦးနှောက်က သိထားတော့ မကြာခင် သက်သာလိမ့်မယ် ဆိုပြီး ဖြေသာတယ်၊ ဒီနေရာမှာ စပ်နေရာ ကနေ သက်သာပြီး အချို၊ အချဉ်၊ အအေး စသဖြင့် စားသုံးမိချိန်မှာတော့ ကျေနပ် နှစ်သိမ့်မှု အပြည့်အ၀ ရသွားတော့တာ ဖြစ်တယ် လို့ လေ့လာရေး အဖွဲ့ဝင် တဦး ဖြစ်တဲ့ Joe Avella က ရှင်းပြပါတယ်။ စိတ်ပညာပိုင်း အရလည်း လူတွေဟာ သက်ရှိ စဉ်းစားဉာဏ် ရှိသူတွေ ဖြစ်လို့ အခုလို နာကျင်မှုနဲ့ ပျော်ရွှင်မှုကို ဒွန်တွဲ ခံစားရတာ နှစ်သက်ခြင်း ဖြစ်တယ် လို့ ဆိုပါတယ်။ ပျော်ရွှင်ခြင်းတွေပဲ ရနေမယ် ဆိုရင် ဘဝဟာ အဓိပ္ပာယ်မဲ့ သလို ခံစားရစေနိုင်ပြီး၊ အမြဲတမ်း နာကျင်နေမယ် ဆိုရင်လည်း ဆက်လက် ရှင်သန်နိုင်ဖို့တောင် ရှိမှာ မဟုတ်တော့ပါ။ ဒါကြောင့် နာကျင်မှု၊ တနည်း ရှုံးနိမ့်မှုကနေ အောင်မြင်ခြင်းဟာ အပျော်ရွှင်ရဆုံး အချိန်ဖြစ်လို့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ အရလည်း နာကျင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်တယ် လို့ စိတ်ပညာရှင် တစ်ဦး ဖြစ်တဲ့ Geoffery R. O. Durso က ပြောပါတယ်။ ဒီတော့ လူသားတွေဟာ ကြင်နာမှုကို နှစ်သက်သလို သူ့ရဲ့ အကြောင်းပြန် နာကျင်မှုကိုလည်း နှစ်သက်ခံစားတတ်တဲ့ အပြင် အဲဒီ နာကျင်ခြင်းရဲ့ အလွန်က ကျေနပ်နှစ်သက်မှုကိုလည်း ခံစားနေချင်သေးတာ တွေ့ရတယ် လို့ ဆိုပါတယ်။ ။ Ref: www.businessinsider.com The post လူတိုင်း ခံစားနေရတဲ့ “ကြင်နာခြင်းနဲ့ နာကျင်ခြင်းရဲ့ အလွန်က ကျေနပ်ခြင်းများ” အကြောင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2HyCpko
via IFTTT
No comments:
Post a Comment