ရခိုင်ပြည်နယ်တောင်ပိုင်း ငပလီကမ်းခြေရှိ Amara Ocean Resort (AOR) ၏ ပိုင်ရှင် ဖြစ်သူကို တရားစွဲဆိုရန် အတွက် ဂျာမန် စီးပွားရေး လုပ်ငန်းရှင် တဦးက ရန်ကုန်မြို့တွင် တိုင်ကြားထားကြောင်း သိရသည်။ ယခုအမှုတွင် တရားလိုဖြစ်သူ ဖေးလစ်ပ် ကွက် Philipp Quack ၏ ရှေ့နေအဖြစ် (ယာယီ) ကူညီဆောင်ရွက်ခဲ့သူ ဦးသက်နိုင်က ၎င်းတို့ အနေဖြင့် ရန်ကုန်ရှိ မင်္ဂလာဒုံ မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြထွန်းကျော် နှင့် ဧပြီ လ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး အပန်းဖြေစခန်းပိုင်ရှင် ဒေါ်ကလျာမိုးအား တိုင်တန်းသည့်စာကို ပေးအပ်ခဲ့ကြောင်း အတည်ပြုပြောကြားသည်။ အမှုကို လက်ခံရန် သင့်မသင့် နှင့် အမှုဖွင့်လှစ်ရန် ပုဒ်မ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည့် အတွက် နောက်ထပ် အချက်အလက်များပေးရန် ရှေ့နေ ဦးသက်နိုင်က ငြင်းဆန်ခဲ့သည်။ အမှုကို လက်ခံထားခြင်း ရှိ/မရှိကို သိရှိနိုင်ရန် ဧရာဝတီက မင်္ဂလာဒုံ မြို့မ ရဲစခန်းသို့ သွားရောက်ခဲ့ရာတွင် အဆိုပါရဲစခန်း ၌ လတ်တလောတွင် မည်သည့် နိုင်ငံခြားသားကမျှ အမှုဖွင့် တိုင်ကြားထားခြင်း မရှိကြောင်း ရဲအုပ်တဦးက ပြောသည်။ ဒုရဲ မှူး မြထွန်းကျော်ကလည်း အင်တာဗျူး ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ ဒေါ်ကလျာမိုးက သူ့အနေဖြင့်လည်း ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ယင်းအမှုကို သိရှိခြင်းပင် မရှိဟု သူ့အားဖြေဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၂၇ ရက်) ညနေပိုင်းတွင် ပြောကြားသည်။ ဖေးလစ်ပ် ကွက်က ဂျာမနီ အခြေစိုက် DJE Kapital group ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ယန်စ်ယားဟာ့ Dr. Jens Ehrhardt ၏ ကိုယ်စား တရားလို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဒေါက်တာ ယန်စ်ယားဟာ့နှင့် နီးစပ်သည့် အရင်းအမြစ်များ၏ ပြောပြချက်အရသိရပါသည်။ အဆိုပါ ကုမ္ပဏီသည် in-house financing (ဖောက်သည်က ပစ္စည်း နှင့် ဝန်ဆောင်မှုများ ဝယ်ယူနိုင်ရန် ငွေထုတ်ချေးပေးခြင်း) နှင့် စီးပွားရေး လုပ်ငန်းများသို့ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး များဝန်ဆောင်ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ဒုရဲမှူး နှင့် တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း ဖေးလစ်ပ် ကွက်က အတည်ပြုပြောဆိုခဲ့ပါသည်။ သို့သော် အသေးစိတ်ထုတ်ပြောရန် ငြင်းဆိုပါသည်။ ၂၀၀၉ ခုနှစ်တွင် ဒေါ်ကလျာမိုးသည် ထိုစဉ်က သူ၏ ခင်ပွန်းဖြစ်သော ဂျရတ် ရှုရိုင်ဘာ Gerald Schreiber နှင့် အခြား ဂျာမန် ရင်းနှီးမြှုပ်နှံသူ တဦး ဖြစ်သော အီဗာ ဖလ်တန် Eva Felten တို့သည် ငပလီကမ်းခြေရှိ ၁၇ ဧကကျယ်ဝန်းသော ကမ်းခြေမြေကွက်တခု ဝယ်ယူခဲ့ပြီး ၆ ဧက ဝန်းကျင် ကျယ်ဝန်းသော ရေချိုဆည် စီမံကိန်းတခုကို အကျိုးမြတ်ခွဲဝေသည့် စနစ်ဖြင့် အကောင်အထည်ဖော်ရန် ပူးတွဲသဘောတူညီချက်စာချုပ်ကို ဂျာမနီ တရားမ ဥပဒေအရ လက်မှတ်ထိုးခဲ့ကြသည်။ ယင်းအပန်းဖြေစခန်း စီမံကိန်းမှာ သံတွဲလေဆိပ်နောက်ဖက် မိုင်အနည်းငယ်အကွာရှိ ဂေါ ကျေးရွာရွာအနီးတွင် တည်ရှိသည်။ သဘောတူညီချက် အရ ဒေါ်ကလျာမိုးနှင့် ဂျရတ် ရှုရိုင်ဘာတို့က စီမံကိန်းတွင် တဦးလျှင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပြီး အီဗာ ဖလ်တန်က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး လက်အောက်တွင် ရှိနေခဲ့သည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အလွန် အန္တရာယ်များသော ကာလဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်မှုကို မြန်မာနိုင်ငံတွင် ဥပဒေဖြင့် တရားဝင် တားမြစ်ထားသည်။ ထို့ကြောင့် ၎င်းတို့ သုံးဦးက ကုမ္ပဏီကို မြန်မာနိုင်ငံသား တဦး၏ အမည်ဖြင့် မှတ်ပုံတင်ရန် သဘောတူညီခဲ့ကြပြီး ဒေါ်ကလျာမိုးက ပိုင်ရှင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အီဗာ ဖလ်တန်က သူပိုင်ဆိုင်သော ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါက်တာ ယန်စ်ယားဟာ့သို့ အမေရိကန် ဒေါ်လာ ၂.၈ သန်းဖြင့် ရောင်းချခဲ့သည်။ ထိုနှစ် အတွင်းမှာပင် resort တည်ဆောက်မှု ပြီးစီးရေး အတွက် ဒေါက်တာ ယန်စ်ယားဟာ့ က စီမံကိန်းသို့ နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၄ သန်း ထုတ်ချေးခဲ့ကြောင်း စာချုပ်စာတမ်းများတွင် ဖော်ပြထားသည်။ ဒေါ်ကလျာမိုးနှင့် ဂျရတ် ရှုရိုင်ဘာတို့၏ အိမ်ထောင်ရေးမှာ အငြင်းပွားမှုများနှင့် အဆုံးသတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့ တရားရုံးတွင် တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြသည်။ ဥပဒေကြောင်းအရ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ခွဲဝေကြသောအခါ ကာလရှည်ကြာသော အငြင်းပွားမှု ဖြစ်ပေါ်လျှက် ရှိသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် တည်ရှိနေသော ပိုင်ဆိုင်မှုများအားလုံးမှာ ဒေါ်ကလျာမိုး၏ အမည်ဖြင့် မှတ်ပုံတင်ထားခြင်းကြောင့် ဖြစ်သည်။ ဒေါ်ကလျာမိုးက ငပလီရှိ ရင်းနှီးမြှုပ်နှံမှုမှ ဂျရတ် ရှုရိုင်ဘာ နှင့် ဒေါက်တာ ယန်စ်ယားဟာ့ တို့၏ ရှယ်ယာများကို ပြန်ပေးရန် သို့ မဟုတ် သူပိုင်ဆိုင်သော ၂၅ ရာခိုင်နှုန်းကို ရောင်းချရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဒေါက်တာ ယန်စ်ယားဟာ့ က ဒေါ်ကလျာမိုးကို မြူးနစ်မြို့ ရှိတရားရုံးတရုံးတွင် တရားစွဲဆိုခဲ့ရာ တရားသူကြီးက ဒေါက်တာ ယန်စ်ယားဟာ့ကို အနိုင်ပေးခဲ့ သည်။ ဒေါ်ကလျာမိုးက AOR စီမံကိန်း နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ တင်ပြနိုင်ခြင်း မရှိသည့် အ တွက် ဒဏ်ငွေ ယူရို ၁၅၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ လ ကျခံစေရန် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူက အထက်တရားရုံး တွင် အယူခံ ဝင်ထားကြောင်း ဂျရတ် ရှုရိုင်ဘာ၏ အဆိုအရ သိရသည်။ အယူခံရလဒ်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။ ဧပြီလ ၉ ရက်နေ့တွင် ဒေါ်ကလျာမိုး၏ နေအိမ်သို့ ဧရာဝတီသတင်းဌာနက သွားရောက်မေးမြန်းစဉ် သူက မြူးနစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို ဝန်ခံခဲ့သည်။ သို့သော် ယင်းဆုံးဖြတ်ချက်မှ တရားမျှတမှုမရှိကြောင်း တရားရုံးက သူ၏နိုင်ငံသားကို ဘက်လိုက်ဆုံးဖြတ်ခြင်းဖြစ်ကြောင်းဆိုသည်။ သူလက်မှတ်ရေးထိုးခဲ့သော AOR ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက် သော စာရွက်စာတမ်းများကို ပေးရန် သို့မဟုတ် ပြသရန် ဒေါ်ကလျာမိုးက ငြင်းဆန်ခဲ့သည်။ မြူးနစ်တရားရုံးက ဒေါ်ကလျာမိုးကို စီရင်ချက်ချမှတ်ခဲ့သော်လည်း ဆုံးဖြတ်ချက်က မြန်မာနိုင်ငံတွင် သက်ရောက်ခြင်း မရှိပါ။ မြန်မာနိုင်ငံတွင် လိုက်ပါဆောင်ရွက်မည့် အမှုကို DJE group က စတင်တိုင်တန်းခဲ့ပြီးဖြစ်သော်လည်း ယင်းအမှုကို ရာဇဝတ်ပြစ်မှုမြောက်မမြောက် စွဲတင်နိုင်ရေးအတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။ (အင်္ဂလိပ်ဘာသာဖြင့် German Investor in Ngapali Resort Eyes Legal Action against Ex-Partner တွင် ဖတ်ပါ။) The post appeared first on ဧရာဝတီ.
Source : https://ift.tt/2r9aukk
via IFTTT
No comments:
Post a Comment