မီးခိုးငွေ့များကြားက စကားသံများ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ ဧက ၃ဝဝ ကျယ်ဝန်းသော စည်ပင်သာယာ အမှိုက် ပုံ၌ မီးလောင်ကျွမ်းမှု ထိန်းချုပ်နိုင်ပြီဟု ဆိုသော်လည်း၂၅ ရက်နေ့ ညနေပိုင်းအထိ မီးခိုးလုံးများ တက်ကာ နီးစပ်ရာ ရပ် ကွက်၊ ကျေးရွာများသို့ ပျံ့နှံ့နေဆဲဖြစ်သည်။ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး လေထုညစ်ညမ်းပြီး အဆိပ်ငွေ့များ လေထုနှင့် အတူ လွင့်ပါနေကြောင်း မီးလောင် မှုကို သွားရောက်လေ့လာစဉ် မီဒီယာများအား ပြောကြားခဲ့သည်။ အဆိုပါ လူနေရပ်ကွက်များမှ ဒေသခံများမှာ ညနေပိုင်း၌ လေကြောင်းနှင့် မီးခိုးငွေ့များ ရောက်ရှိပြီး သာမန်လူကောင်းများပင်လျှင် အသက်ရှူကြပ်ခြင်း၊ မျက်ရည်ဝဲခြင်း၊ ချောင်းဆိုး ခြင်း စသည်တို့ကို ကြုံတွေ့ ခံစားခဲ့ရသည်။ ပြီးခဲ့ရက်များအတွင်း လူဦးရေ ၉၀ ဦးထက်မနည်း ရပ်ကွက်ရုံးရှိ စောင့်ရှောက်ရေးစခန်းတွင် ရှေးဦးပြုစု ကုသခြင်းများ ပြု လုပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှစ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကာ အောက်ခြေ အမှိုက်များမှ လှိုက် လောင်ကျွမ်းနေမှုကြောင့် ငြှိမ်းသတ်ရန် မလွယ်ကူဘဲ အဆက်မပြတ် မီးခိုးများ ထွက်ရှိနေရာ အနီးအနား ပတ်ဝန်းကျင်သို့ မီးခိုးများ ပျံ့နှံ့နေသည်သာမက ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများသို့ ညှော်နံ့များ လွင့်ပါလျက်ရှိသည်။ သု့ိဖြစ်ရာ အဆိုပါ အမှိုက်ပုံအနီး ဒေသခံများ၏ အခြေအနေများကို သိရှိနိုင်ရန် ထိန်ပင်အမှိုက်ပုံနှင့် အနီးဆုံးဖြစ်သည့် အမှတ်၂၀ ရပ်ကွက်နှင့် စည်ပင်ဝန်ထမ်း လိုင်းခန်းမှ ဒေသခံများကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေး မြန်းခဲ့သည်။ ဦးဇော်ဦး (အုပ်ချုပ်ရေးမှူး လှိုင်သာယာ အမှတ်၂၀ ရပ်ကွက်) ကျနော်တို့ ၂၀ ရပ်ကွက်မှာ သေတာက ၁ ယောက်ထဲ။ အဲဒီ ၁ ယောက်တောင် နဂိုကတည်းက ရောဂါအခံတော့ ရှိတယ်။ အသက်ကလည်း ၆၁ နှစ်တော့ ရှိပြီ။ သူက နဂိုကတည်းက ပန်းနာ ရင်ကြပ်ရောဂါ ရှိ တယ်။ အောက်ဆီဂျင် ရူနေရတာ။ တချို့ကလည်း မီးခိုးငွေ့ကြောင့် လို့လည်း ပြောတယ်။ ရောဂါ အခံကြောင့်ရော၊ မီးခိုး ငွေ့ကြောင့်ရော နှစ်ခုလုံး တိုက်ဆိုင် သွားလို့ပါ။ လူ ၄ ဦး သေဆုံးတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ၃ ယောက်ပဲ သေသေ၊ ၄ ယောက်ပဲ သေသေ၊ ဆေးရုံပဲ တက်တက် ကျနော့်ဆီမှာ Report အားလုံး ရှိပါတယ်။ ရပ်ကွက်ထဲမှာ ကျန်းမာရေး အခြေအနေကတော့ ဆေးရုံပို့ရတဲ့ လူတွေတော့ ရှိတယ်။ ကျနော်တို့ ရပ်ကွက်မှာ ၁၂ ယောက် လောက်က ဆေးရုံပို့လိုက်ရတယ်။ အဆိုးဆုံးကတော့၂၃ ရက်နေ့ပဲ။ ဧပြီ ၂၃ ရက်မှာ နေ့ရော ညပါ ပေါင်းရင် အယောက် ၅၀ လောက်ရှိတယ်။ ဧပြီ ၂၄ နဲ့ ဧပြီ ၂၅ရက် ပေါင်း ရင် အယောက် ၉၀ လောက်ရှိတယ်။ အသက်ရူမဝဘဲ ချွေးသီး ချွေးပေါက်တွေ ကျရင် ဒီမှာ အောက်ဆီဂျင် ရူကုပေးလိုက် တယ်။ သတိလစ်လာရင်တော့ ဆေးရုံတခါတည်း တန်းပို့ လိုက်တာပဲ။ ၂၀ ရပ်ကွက်မှာ လူဦးရေက ၁ သိန်းကျော်လောက်ရှိမယ်။ ၂၀၁၄ မှာလောက်က အိမ်ထောင်စု ၈ ထောင်လောက်ပဲရှိတယ်။ အဲဒီနောက်ပိုင်းမှာ တိုးလာတာ။ အဆောက်အအုံရော လိုင်းခန်းရော တိုးလာတယ်။ ကျနော်တို့ ရာ/ဆယ် အဖွဲ့ရော လာတဲ့ ပရဟိတတွေရော ထွက်ပြီးတော့ လိုက်ဟစ်ပါတယ်။ ဘယ်လိုဟစ်လဲ ဆိုတော့ အဝတ်ကို ရေစွတ်ပြီး နှာခေါင်းစည်းဖို့။ ဖြစ်ပြီဆိုရင် တခါတည်း ဒီကို လာပါတယ်။ စုရပ်ကတော့ ဒီ ၂၀ ရပ်ကွက်ရုံးပါပဲ။ ဒီမှာ နိုင်ရင်လည်း ဒီမှာ အောက်ဆီဂျင်ရူပြီး ကုပေးတယ်။ မနိုင်ရင်လည်း ဆေးရုံကို ပို့ရတာပေါ့။ ၃ ဦးကတော့ ဆေးရုံက ပြန်ဆင်းပါပြီ။ ခဏလေးပေါ့ အသက်ရူကြပ်တော့ အောက်ဆီဂျင် ရူပြီး ပြန်ကောင်းသွားတာပေါ့။ ဒေါ်ဌေးဌေးမော် (လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် နေထိုင်သူ) စလောင်တဲ့ ကျန်တဲ့ရက်တွေတုန်းက အဝေးကနေ မီးခိုးလုံးတွေပဲ မြင်ရတယ်။ အနံ့ နည်းနည်းရတယ်။ ၃ ရက်လောက် ကျတော့ မီးခိုးလုံးတွေက အိမ်ရှေ့ကို သိသိသာသာ ဝင်လာသလိုပဲ။ အနံ့ဆိုးတွေလည်း ရတယ်။ မနေ့ကလောက်တော့ မီးခိုးလုံးတွေ မတွေ့ရဘူး။ မနေ့ကရော တနေ့ကရော ညနေရောက်တာနဲ့ ရပ်ကွက်ထဲမှာ မီးခိုးလုံးကို ထိုင်ကြည့်ရသလို။ မိသားစုတိုင်းကတော့ အနံ့ဆိုးနဲ့ မတည့်ပါဘူး။ ဒီလိုပဲ ထိန်းထိန်းသိမ်းသိမ်းနေရတာပေါ့။ ကျမတို့အိမ်မှာဆို အမေဆို အသက် ၈၀ ရှိနေပြီ ဒါပေမယ့် အများနဲ့ ဖြစ်တဲ့ ကိစ္စဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ဆင်ဆင်ခြင်ခြင်လေး နေရတာပဲ။ ဒါပေမယ့် မကောင်းဘူးပေါ့။ အနံ့ဆိုးရတော့ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ပြီးနေရတာပေါ့။ အိမ်မှာတော့ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ ပါဘူး။ တရက်ထက် တရက်တော့ ပိုဆိုးလာတယ်။ ဧပြီ ၂၅ ညနေပိုင်းမှာ သိပ်ပြီး မသိသာဘူး။ ဧပြီ ၂၄ အထိတော့ တော်တော် ကြီးကို ဆိုးဆိုးရွားရွားပဲ ကျန်တဲ့အချိန်ဆိုနေလို့ရတယ်။ ညနေဆို နေလို့ မရတော့ဘူး။ နေခဲ့တဲ့ သက်တမ်းအတွင်းမှာ တခါ မှ မကြုံရဘူး။ ဒေါ်ဝင်းဝင်းဌေး (ထိန်ပင် စည်ပင်ဝန်ထမ်း အိမ်ရာ နေထိုင်သူ) မီးခိုးကြောင့် ကလေးတွေကို စိတ်ပူတာပေါ့။ ကျမရဲ့ ကလေးက မွေးကတည်းက ပန်းနာရင်ကြပ်ပါလာတောာ့ ပိုဆိုးတာပေါ့ နော်။ အခုတောင်မှ ကလေးက ကောင်းကောင်းနေမကောင်းချင်ဘူး။ မီးခိုးညှော်နံ့တွေ ရလာပြီဆိုရင် ကလေးက ကြပ်ကြပ် လာတယ်။ ကလေးက လသားကတည်းက ဆေးစွဲကုနေရတဲ့ ပန်းနာရင်ကြပ်ပါလာတော့ ဒီလိုအနံ့ရတာနဲ့ မရဘူး။ အိမ်ထဲထည့်ထားရတယ်။ အိမ်ထဲထည့်ထားရတော့လည် မီးခိုးကလုံးနေတာပါပဲ။ မလုံခြုံဘူးဖြစ်နေတယ်။ အနောက်ဘက် လိုင်းခန်းကို ထွက်ထွက်ပြေးရတယ်။ ကလေးက ၈ လကျော်ပဲ ရှိသေးတယ်။ အနောက်ဘက်က လိုင်းခန်းကို သွားရင် တော့ နည်းနည်းသက်သာတယ်။ အရမ်းနီးတော့ မီးခိုးနံံ့ကို ပိုခံစားရတယ်။ အရှေ့ကနေ မီးခိုးတွေ ဝင်လာတာနဲ့ နေလို့မရတော့ဘူး။ အိမ်ထဲမှာဆိုရင် မီးခိုး တွေ လုံးနေတာ တံခါးပိတ်ထားလည်း မလုံဘူး။ လိုင်းခန်းကလူတွေ မူးတာတို့၊ မေ့လာတာမျိုးတော့ မရှိပါဘူး။ မီးငြိမ်းချင် ပါတယ်။ ဝန်ထမ်းတွေလည်း သနားပါတယ်။ စည်ပင်ဝန်ထမ်းတွေရော မီးသတ်တွေရော လုပ်ကိုင်နေရတာ သနားဖို့ ကောင်းတော့ မြန်မြန်ငြိမ်းစေချင်ပါတယ်။ အမနေတဲ့ သက်တမ်းတလျှောက်လုံး မကြုံဖူးဘူး ဒါ ပထမဆုံးကြုံဖူးတာပဲ။ ကျန်းမာရေး အခြေအနေတွေကတော့ ပုံမှန်ပါပဲ ဆိုးဆိုးရွားရွားတော့ မရှိပါဘူး။ တကယ်လို့သာ နောက်ရက်တွေအထိ ဆိုရင်တော့ သင့်တော်တဲ့နေရာ၊ နေရာစရာရှိတဲ့ နေရာ တနေရာတော့ ပြောင်းရမှာပေါ့။ ကိုယ်က ကလေးတွေအတွက်ကြောင့်မို့ ပူတာပါ။ ကျန်တာတော့ မပူပါဘူး။ ဒေါ်ကလျာ (ထိန်ပင် စည်ပင်ဝန်ထမ်းအိမ်ရာ နေထိုင်သူ) ည ၆ နာရီလောက်ဆို လေတိုက်တာနဲ့ အနံ့က ရောက်လာပြီ။ ကလေးက ပုံမှန်ကြပ်တတ်တဲ့ ကလေးဆိုတော့ ထွက်ထွက် ပြေးရတယ်။ သောကြာနေ့လောက်က သိပ်မသိရသေးဘူး။ မီးသတ်တွေ ဘာတွေလည်း မတွေ့သေးဘူး။ မီးခိုးနံ့တွေလည်း ရတယ်။ အရင်လည်း လောင်နေကျဆိုတော့ ကျမတို့က သိပ်လည်း မထူးဆန်းဘူးပေါ့။ အရင်လောင်တုန်းက အဲဒီလောက် မဆိုးဘူး။ ဒီတခါ တော်တော်ဆိုးတယ်။ ကိုယ့်သားသမီးအတွက် ပူတော့ ပူရတာပေါ့။ တနေရာရာတောင် ပြောင်းပြေးဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အနံ့က လာ တချက် မလာတချက်ဆိုတော့ ဆက်နေလိုက်တာ။ လေတိုက်တာနဲ့ အငွေ့တွေ ရောက်လာတော့ ပြေးတော့ ပြေးရတာပေါ့။ The post မီးခိုးငွေ့များကြားက စကားသံများ appeared first on ဧရာဝတီ.
Source : https://ift.tt/2I0KzmM
via IFTTT
No comments:
Post a Comment