ထိန်ပင် အမှိုက်ပုံမီးကြောင့် အနီးရှိ ယာဉ်ရပ်နားစခန်းမှ YBS ကားများ ပြောင်းရွှေ့ရန် စီစဉ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် အနီးရှိ YBS ယာဉ် ရပ်နား စခန်းတခုမှ YBS ကားများ နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း ယာဉ်ရပ်နားဝင်းမှာ Omni Focus ကုမ္ပဏီမှ YBS ယာဉ်များဖြစ်ပြီး ထိန်ပင်အမှိုက်ပုံနှင့် ကိုက် ၅၀၀ အကွာ ခန့် သာ ရှိ နေသဖြင့် ရပ်နားထားသော ယာဉ်အစီးရေ ၄၅၀ ခန့်အား မီးကူးစက်နိုင်သည့် အတွက် အခြေအနေ ပေါ် မူတည် ၍ နေရာ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။ Omni Focus ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက “အခုလောလောဆယ် ရွှေ့ဖို့အတွက် ကြိုတင် ပြင်ထားတာပေါ့နော်။ လုံခြုံရေးကတော့ ၂၄ နာရီ မီးသတ်တွေဘာတွေနဲ့ စောင့်ကြည့်နေတယ်။ မနေ့ကဆိုရင် လေက ပြောင်းပြန် တိုက်တော့ အစ်ကိုတို့ ဘက်ကို မီးခိုးတွေရော ပြာတွေရော လွင့်လာတာ လောလောဆယ်တော့ ပြဿနာ တစုံတရာတော့ မရှိသေးပါဘူး။ စောင့်ကြည့်နေဆဲပါ။ အရေးပေါ် ဖြစ်လာရင်တော့ ရွှေ့မှာပါ” ဟု ဧရာဝတီကို ပြောပြ သည်။ ဆက်လက်၍ ၎င်းက “တကယ်လို့ ကားဝင်းထဲက ရပ်ထားတဲ့ ယာဉ်တွေကို ရွှေ့ဖြစ်မယ် ဆိုရင် အခုပြေးဆွဲနေတဲ့ YBS ၂၀ နဲ့ YBS ၈၃ ယာဉ်တွေကိုတော့ ယာယီ ခဏ ရပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ယာဉ်မောင်းတွေကို ခေါ်သုံးရမှာ မို့လို့ ဖြစ်တယ်။ ရပ်ထားတဲ့ ယာဉ်က အစီးရေ ၄၅၀ နဲ့ ၅၀၀ လောက်ရှိတယ်” ဟုလည်း ပြောသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ကာ ဧပြီလ ၂၅ ရက်နေ့အထိ မီးသတ်ယာဉ်များ မိတ်ဖက် အဖွဲ့အစည်းများဖြင့် ငြှိမ်းသတ်နေရဆဲ ဖြစ်သည်။ “ဧပြီ ၂၄ ရက်အထိတော့ စည်ပင်က တာဝန်ရှိသူတွေက ၇၅ ရာခိုင်နှုန်းလောက် မီးငြှိမ်းသတ်နိုင်တဲ့ အနေအထားလို့ တော့ ပြောတာပဲ။ ဒါပေမယ့် လက်ရှိကတော့ တငွေ့ငွေ့နဲ့ အမှိုက်ပုံမီးဆိုတော့ သိတဲ့အတိုင်းပဲ အောက်မှာလည်း အနက် က ၁၅ ပေ၊ ၁၀ ပေ ဝန်းကျင်လောက် ရှိတယ်ဆိုတော့ လှိုက်ပြီးတော့ လောင်နေတယ်။ ငြှိမ်းတာတော့ ငြှိမ်းနေ တယ်။ မီးတောက် မီးလျှံ ဖြစ်တာတော့ မရှိတော့ဘူး။ လောင်တော့လောင်နေတုန်းပဲ” ဟု မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောပြသည်။ အဆိုပါ မီးလောင်ကျွမ်းမှု အခြေအနေနှင့် ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက နေ့ရောညပါ အားကြိုး မာန်တက် ငြှိမ်းသတ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။ “လက်ရှိ အခြေအနေအရ ကူးစက်မှုကို ထိန်းချုပ်နိုင်ပါတယ်။ မီးငြှိမ်းဖို့ပဲ ကျန်ပါတော့တယ်။ ဘေးနားကိုတော့ မကူး စက်တော့ ပါဘူး” ဟုလည်း ၎င်းက ပြောပြသည်။ အမှိုက်ပုံအနီး၌ ရပ်နားထားသည့် ယာဉ်စီးရေ ၄၅၀ ခန့်သည် မီးလောင်ရာနေရာနှင့် နီးကပ်လျက်ရှိနေသဖြင့် အရေး ပေါ် ယာဉ်များ နေရာပြောင်းရွှေ့ရ၍ ခေတ္တရပ်နားမှုများ ရှိလာလျှင် ခရီးသွားပြည်သူများကို ကြိုတင် အသိပေး အကြောင်းကြား သွားမည်ဟု Omni Focus ကုမ္ပဏီမှ သိရသည်။ Omni Focus ကုမ္ပဏီ လက်အောက်ရှိ YBS ၂၀၊ ၈၃၊ ၈၂၊ ၅၆ ယာဉ်လိုင်းတိ့ုမှ ယာဉ်စီးရေ ၁၈၀ ဖြင့် နေ့စဉ် ပြေးဆွဲ လျက်ရှိ သည်။ The post ထိန်ပင် အမှိုက်ပုံမီးကြောင့် အနီးရှိ ယာဉ်ရပ်နားစခန်းမှ YBS ကားများ ပြောင်းရွှေ့ရန် စီစဉ် appeared first on ဧရာဝတီ.
Source : https://ift.tt/2qY4g7q
via IFTTT
No comments:
Post a Comment