ကျနော်တို့ ဆေးရုံမှာတော့ သေဆုံးမှု မရှိပါ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဧက ၁၀၀ ဝန်းကျင်ခန့်အထိ လောင်ကျွမ်းပြီး ၅ ရက်မြောက်သည်အထိ မီးခိုးမြူများကို ဖယ်ရှားနိုင်ခြင်း မရှိသည့်အပြင် နီးစပ်ရာ မြို့နယ်များ အထိ မီးခိုးမြူများ ပျံ့နှံ့လာခဲ့ရာ ပြည်သူလူထုအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ထို့အပြင် မီးခိုးမြူများကြောင့် အမှိုက်ပုံဝန်းကျင် လူနေရပ်ကွက်များတွင် လူဦးရေ ဒါဇင်နှင့်ချီပြီး ရပ်ကွက်အတွင်း အရေးပေါ် အောက်ဆီဂျင်ပေး ကုသရပြီး တချို့မှာ အနီးစပ်ဆုံး ဆေးရုံဖြစ်သည့် ကုတင် ၂၀၀ ဆံ့ဆေးရုံကြီး (လှိုင်သာယာ) သို့ တက်ရောက်ကုသမှု ခံယူရသည်များပင် ရှိလာခဲ့သည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ၈၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း မီးလောင်ကျွမ်းမှု အနည်းအငယ်ကြောင့် မီးခိုးများ ထွက်ရှိနေပြီး ယနေ့ (၂၇ ရက်) နေ့မနက်ပိုင်းတွင် Bio Foam ဆေးရည် ဂါလံ ၂၀၀၀ ရောက်ရှိလာကာ စတင်ငြှိမ်းသတ်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ မီးခိုးငွေ့ရှူလူနာများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှိုင်သာယာ ပြည်သူ့ဆေးရုံအနေဖြင့် အဆိုပါ အရေးပေါ် အခြေအနေကို ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်နေသည်ကို သိရှိရန် ပြည်သူ့ဆေးရုံကြီး (လှိုင်သာယာ) မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ ပါသည်။ မေး။ ။ လက်ရှိအချိန် မီးခိုးငွေ့ကြောင့် ဆေးရုံတက်ရောက်နေတဲ့ လူနာ ဘယ်နှဦးလောက်ရှိလဲ။ ဖြေ။ ။ ၂၃ ရက်နေ့ ည ၈ နာရီခွဲကနေ ၂၄ ရက်နေ့ ညနေ အချိန်အထိ မီးခိုးသင့်တယ်လို့ အကြောင်းပြချက်နဲ့ ရောက်ရှိလာတဲ့ လူနာဦး ၁၆ ဦး ရောက်ရှိပါတယ်။ အဲဒီအထဲက ၃ ဦးကတော့ အရေးပေါ် ပြင်ပလူနာဌာနမှာ သူတို့ရဲ့ အခြေအနေကို ဆန်းစစ်ပြီး အရေးပေါ် ကုသပေးတဲ့အခါမှာ Stable ဖြစ်တယ်။ သူတို့ကိုယ်သူတို့လည်း ကောင်းမွန်တယ်လို့ ခံယူနိုင်တဲ့ အဆင့်ရှိတယ်။ သက်ဆိုင်ရာ ဆရာဝန်တွေကလည်း ပြန်သွားရင် အန္တရာယ် မရှိနိုင်တဲ့ အခြေအနေဖြစ်လို့ ၃ ဦးကတော့ ညတွင်းချင်းပဲ အရေးပေါ်မှာတင် ပြန်သွားနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ၁၃ ဦးကို ပြည်သူ့ဆေးရုံကြီး လှိုင်သာယာ ဆေးကုသဆောင်မှာ တင်ပြီး ကျနော်တို့ ကုသနေပါတယ်။ ၂၅ ရက်နေ့မှာတော့ ထပ်ဝင်တာ ၂ ယောက်ပါ။ မေး။ ။ အသက်အရွယ် အပိုင်းအခြားနဲ့ဆို ဘယ်အရွယ်တွေလောက်ဖြစ်မလဲ။ ဖြေ။ ။ အသက်အရွယ်ကတော့ ၁၇ နှစ်ကနေ ၉၄ နှစ်အထိ ဖြစ်ပါတယ်။ မေး။ ။ ဘယ်လိုလက္ခဏာမျိုးတွေနဲ့ ဆေးရုံကို ရောက်ရှိလာတာလဲရှင့်။ ဖြေ။ ။ လက္ခဏာကတော့ အဓိက မီးခိုးငွေ့ကို ရှူရှိုက်လိုက်တဲ့ အခါ ဆေးရုံတက်ရောက်သူ အများစုရဲ့ အနေအထားမှာ Underlying diseases လို့ခေါ်တဲ့ နဂို ရောဂါ အခံရှိတဲ့သူ များပါတယ်။ အဲဒီမှာ ၈၉ နှစ်လည်း ပါတယ်၊ ၉၄ နှစ်လည်း ပါတယ်၊ ၆၈ နှစ်လည်းပါတဲ့ အဲဒီပုဂ္ဂိုလ်တွေမှာ နှလုံးမကောင်းလို့ ကုသထားဖူးတဲ့သူတွေ၊ နှလုံးလည်း မကောင်းဘူး၊ သွေးတိုးလည်း ရှိတယ်၊ ဆီးချိုလည်းရှိတယ်ဆိုပြီး ရောပြီး ရှိတဲ့လူတွေ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ၊ အဓိကတော့ ပန်းနာရင်ကြပ်သမား။ နောက်တယောက်ကတော့ ၂၈ ပတ်ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်လိုမျိုးက ရှူရှိုက်မိတော့ သူက စိုးရိမ်တော့ ရောက်လာပြီး တက်ရောက်ပြီး ကုသမှု ခံယူတာ။ အဲဒီလို အနေအထားတွေနဲ့ တင်လိုက် တာကို တွေ့ရပါတယ်။ မေး။ ။ လူနာသေဆုံးမှုတွေလည်း ရှိတယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဖြေ။ ။ လူနာသေဆုံးမှုက ရပ်ကွက်ထဲမှာ သေတာခင်ဗျ။ နာတာရှည်နှလုံးနဲ့ ကျောက်ကပ်ရောဂါသည်လို့ သိရပါတယ်။ ကုသမှုကလည်း တခြား ဆေးရုံမှာ တောက်လျှောက်ပြနေရတဲ့ ဝေဒနာသည်လို့ သိရပါတယ်။ အသက် ၆၀ ဝန်းကျင် အမျိုးသမီး တဦးဖြစ်ပြီး ဒီဟာမဖြစ်ခင် ကတည်းကလည်း သူ့ရဲ့ အိမ်မှာ အောက်ဆီဂျင် ရှူနေရတဲ့သူ တယောက်လို့ သိရပါတယ်။ ကျနော်တို့ ဆေးရုံကို ရောက်လာတာ မရှိသလို၊ လူနာကိုလည်း မမြင်တွေ့ရပါဘူး။ သူ့ရဲ့ မှတ်တမ်း မှတ်ရာတွေနဲ့ ဖြစ်ပျက်ပုံ ဖြစ်ပျက်နည်းကို ကျနော်တို့ စုံစမ်းလေ့လာမှု အရ သိရတာပါ။ ကျနော်တို့ ဆေးရုံမှာတော့ သေဆုံးမှု မရှိပါဘူး။ မေး။ ။ လေးယောက် ဆုံးတယ်လို့လည်း သတင်းတွေ ကြားရလို့ပါ။ ဖြေ။ ။ မဟုတ်ပါဘူး။ တယောက်ပဲ ကြားပါတယ်။ မေး။ ။ ကျန်တဲ့ လူနာတွေရဲ့ လက်ရှိအခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဖြေ။ ။ လူနာတွေအားလုံးက ကျနော်ခုနက တင်ပြတဲ့အတိုင်း အဓိက ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်တယ်လို့ ကနဦးသာ ခေါင်းစဉ်တပ်ရတာ။ ကနဦး ကောက်ချက်ချရပြီး ဆေးရုံတင်လိုက်ရပေမယ့် သက်ဆိုင်ရာ ဆေးကုသ ဆောင်မှာ သမားတော်ကြီးတွေနဲ့ သက်ဆိုင်ရာ ဆရာဝန်တွေက ပြန်လည်ဆန်းစစ်ကုသတဲ့အခါမှာ ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့် လက္ခဏာတွေနဲ့ ကုသနေခြင်း မဟုတ်တော့ဘဲ သူ့ရဲ့ သက်ဆိုင်ရာ နှလုံး မကောင်းလို့ ကုပေးတယ်၊ သွေးတိုးကို ညှိပေးတယ်၊ ဆီးချိုကို ထိန်းပေးတယ် စသဖြင့်ပေါ့၊ ပန်းနာရင်ကြပ် သမားဆိုလည်း ပန်းနာရင်ကြပ် ဖြစ်နေတာကို သက်သာအောင် ကုသပေးတယ်။ ကိုယ်ဝန်သည် အမျိုးသမီးဆိုရင် ရောက်စက အောက်ဆီဂျင်တောင် ရှူရတဲ့ အနေအထား၊ အခုဆိုရင် ကိုယ်ဝန်သည် ဖြစ်တဲ့ အတွက် စိတ်ချအောင် စောင့်ကြည့်ပေးတဲ့ သဘောလောက် အခြေအနေမျိုးကိုပဲ တွေ့ရတယ်။ အဲဒီအထဲကမှ အမျိုးသားလေး တဦးကတော့ သူ့နဂိုက အသက်ရှူလမ်းကြောင်းရောဂါ ရှိတဲ့အတွက်ကြောင့် သူ့ကို ပိုပြီး ကုသမှုကောင်းအောင် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပြီးကုသစေခဲ့ပါတယ်။ ကျန်တဲ့ သက်ကြီးပိုင်းလူနာတွေ ခုနက ၉၄ နှစ်ကအစ သမားတော်တွေက နဂိုရှိပြီးသား ရောဂါတွေကို ဆက်ပြီး ကုသပေးနေတာ အခြေအနေကောင်းပါတယ်။ မေး။ ။ ဒါဆိုရင် ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်တာ မဟုတ်ဘူးလား။ ဖြေ။ ။ ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်တယ်လို့ ပြောရင် Carboxyhemoglobin ကို တိုင်းတာရပါတယ်။ အဲဒီတော့ Carboxyhemoglobin ကို တိုင်းတာဖို့ ကျနော်တို့ နေ့ချင်းပဲ ရောက်အောင် ပေးပို့ထားပါတယ်။ တကယ်က ကာဗွန်မိုနော့ဆိုဒ် အဆိပ်က တကယ့်ကို ရှူမိရှိုက်မိရင် ခေါင်းမူးသွားမယ်။ ဟုတ်တယ်နော်၊ သတိလစ်သွားမယ်။ ကိုမာ မျောသွားမယ် စသဖြင့် ဒီလိုလက္ခဏာတွေ ဖြစ်ရမယ်။ ဒါပေမယ့် အဲဒီလောက်ကြီးအထိ ဖြစ်သွားတဲ့ လက္ခဏာတွေနဲ့ ခုချိန်အထိ ဖျားနာဆောင်မှာ ကုသနေရတာမဟုတ်ဘဲ ခုနက ပြောတဲ့ နှလုံးခုန်နှုန်းမြန်နေရင် နှလုံးခုန်နှုန်းညီအောင်၊ ဆီးချိုသွေးချိုညှိတာ။ ပန်းနာရင်ကြပ်သမားကိုလည်း ရင်ကြပ်နေတယ်ဆိုရင် ရှူတဲ့စက်နဲ့ ရှူလို့ရအောင်လုပ်ပေးတယ်။ သမားတော်တွေက အဲဒီလို ကုသပေးနေပါတယ်။ မေး။ ။ ဒါဆိုရင် ထိန်ပင် အမှိုက်ပုံက မီးခိုးတွေကြောင့် မဟုတ်ဘဲ သူ့ရောဂါ အခံကြောင့်လို့ ဆိုရမလား။ ဖြေ။ ။ အဲဒီလိုကြီးတော့ ဆိုလိုလို့ မရဘူး။ ဘာလို့လဲဆိုတော့ သူက ရုတ်တရက် လတ်တလော အခြေအနေမှာ သူ့ရဲ့ အငွေ့အသက် ကတော့ ရှိတာပဲ။ အဲဒီအငွေ့အသက်ကို အကြောင်းပြုပြီးတော့ ဖြစ်တာပဲလေ။ အဲဒီတော့ ကျန်းမာရေး ဗဟုသုတ နည်းနည်းရှိရင်တောင် ဒီအငွေ့အသက်က အန္တရာယ်ရှိတယ်ဆိုတာ သိတာပဲလေ။ လိုအပ်ရင် သက်ဆိုင်ရာ ဒေသန္တရ ဌာနတွေကလည်း ရပ်ကွက်တွေမှာ ရှေးဦးကနဦးပြုစုဖို့ အရေးပေါ်ခန်း လေးတွေ ဖွင့်ထားသင့်ပါတယ်။ အသက်ရှူရတာ မကောင်းဘူးဘဲ ဖြစ်ဖြစ်၊ ခုနက ရောဂါအခံက ဖောက်လို့ပဲ ဖြစ်ဖြစ်၊ ဆေးရုံကို အရေးပေါ် ပို့သင့်ပါတယ်။ ကျနော်တို့လည်း တညလုံးရှိပါတယ်။ အောက်ဆီဂျင်တွေ နေရာတွေနဲ့ တခြားဌာနတွေက အင်အားတွေဖြည့်ပြီး ကျနော် တို့လည်း တညလုံးရှိပါတယ်။ တခြား အရိုးဆောင်တို့၊ အသည်းဆောင်တို့က ဆရာဝန်တွေရော၊ ဆရာမတွေရော ညက ချက်ချင်း ဂျူတီချပြီး ကုတင်လိုအပ်မှု မရှိအောင်က အစ ချက်ခြင်းရောက်ရှိတာနဲ့ ကုသနိုင်အောင် အသင့်ပြင်ထားပါတယ်။ အောက်ဆီဂျင်ရှူဖို့ နံရံကပ်က ၁၄ ခုရှိပါတယ်။ အဲဒါနဲ့မလောက်ရင် ဆလင်ဒါနဲ့ ဘူး လေးငါးဆယ်လောက် ပြင်ထားပါတယ်။ အဲဒီတော့ အဲဒါအပြင်၊ လိုရင်လည်း CSO တွေနဲ့ ချိတ်ဆက်ထားပါတယ်။ လိုရင်လည်း ဝယ်ဖို့ ပြင်ထားပါတယ်။ လူနာ ဆိုတော့ မလာသေးတော့ လာလိမ့်မယ်လို့တော့ ကျနော် မပြောလိုဘူး။ သု့ိသော်၊ လာခဲ့သည် ရှိသော် နေရာထိုင်ခင်းက အစ ကြိုတင်ပြင်ထားပါတယ်။ သူနာပြုဆရာမတွေကအစ အကုန်ညွှန်ကြားထားပြီး လာခဲ့ရင် Well Prepared ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ မေး။ ။ မြို့နယ်တွေကလည်း ညှော်နံ့တွေ ပျံ့တယ်။ လေထုညစ်ညမ်းနှုန်းလည်း မြင့်နေတယ်ဆိုတော့ စိုးရိမ်နေတဲ့ ပြည်သူလူထုကို ဘာတွေ ပြောချင်ပါသေးလဲရှင့်။ ဖြေ။ ။ မနက်က တိုင်းက ဆရာကြီး မှာကြားသွားတာရှိသလို၊ နေပြည်တော်ကလည်း အနီးဆုံးဖြစ်တဲ့ ၂၀ ရပ်ကွက်ရဲ့ Air Pollution ကို တိုင်းတာနေပါတယ်။ ဒီ အန္တရာယ်ရှိ၊ မရှိဆိုတာကို တိုင်းတာပြီး သတင်းပေးနေပါတယ်။ မနက်က ပြောတာကတော့ အန္တရာယ်ရှိတယ်ဆိုရင် ထိလွယ်ရှလွယ်တဲ့ အုပ်စု၊ ခုနကပြောတဲ့ အသက်ကြီးပိုင်းတွေ၊ အသက်ရှူ လမ်းကြောင်း ပြဿနာရှိတဲ့သူတွေ၊ ၁ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အဲဒီလို ဖြစ်နိုင်ခြေရှိတဲ့ အုပ်စုကို ခွဲထုတ်ပြီး ဘယ်လိုနေရာတွေကို ဘယ်လိုပို့မယ်ဆိုတဲ့ စီမံပြီး ညွှန်ကြားသွားတာ ရှိပါတယ်။ ဒါက ကျနော်တို့ ဌာနနဲ့တော့ မပြီးပါဘူး၊ တခြားဌာနတွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဆင့်ဆင့် ညွှန်ကြားချက်တွေ ရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနက ညွှန်ကြားထားတာလည်း ရှိပါတယ်။ ကျနော်တို့ ဆေးရုံကလည်း တကယ်လို့ နောက်ထပ်ဖြစ်တယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ကြိုတင်စီစဉ်ထားပါတယ်။ မေး။ ။ ဆေးရုံအနေနဲ့ ပြင်ဆင်ထားတဲ့ အပိုင်းကို ပြောပြပါဦးရှင့်။ ဖြေ။ ။ ကျနော်တို့ ဆေးရုံအနေနဲ့ မနှစ်ကစပြီး ခုတင် ၂၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်ခဲ့ပါတယ်။ ကုတင် ၂၀၀ ဆံ့ ဆိုပေမယ့် တကယ်တမ်း အသုံးပြုနိုင်တဲ့ ကုတင်က၂၄၅ လုံးလောက် အထိရှိတယ်။ ကျနော်တို့မှာ လူနာကလည်း ကုတင် ၂၀၀ ဆံ့ ဆေးရုံပြောင်းပြီးနောက် တလထက် တလ တိုးတက်လာတာလည်း ရှိတယ်။ ၂၀၀ စကျော်လာတာဆို ၂ လလောက် ရှိနေပြီ။ မနေ့ကဆို ၂၁၇ ယောက်။ အဲဒီတော့ အဲဒီ ၂၀၀ ကျော် ရှိတဲ့ ခုတင်တွေကို ပြင်ထားသလို ဒီဘက်မှာ နေရာမလောက်ရင် ဟိုဘက်က နှစ်ထပ်ဆောင် (မျက်စိဆောင်) ဆိုရင် လူနာက အမြဲတက်မနေရတော့ အဲဒီလို နေရာတွေအတွက် အောက်ဆီဂျင်လည်း ရှိပြီးသား၊ ဂျူတီတာဝန်ချထားတဲ့ ဆရာမတွေလည်း ရှိထားပြီးသား၊ သူနာပြု ဆရာမကြီးတွေကိုလည်း ညွှန်ကြားထားတယ်။ အဲဒီနေရာအတွက် နောက်ထပ် တဆိုင်းစာ ပြင်ဆင်ထားဖို့၊ လာခဲ့ရင် တင်ပြီး ကုသဖို့ ပြင်ထားပါတယ်။ အရေးပေါ်နဲ့ ပြင်ပလူနာဌာနကိုလည်း ပိုပြီး Alarm ပေးထားပါတယ်။ အဲဒီကပဲ ဝင်လာမှာကိုး။ ဒါ့အပြင် တခြားဆေးရုံတွေကို လွှဲဖို့ကိုလည်း ကျနော်တို့မှာ ကားနှစ်စီးနဲ့ ပစ္စည်းကိရိယာတွေ ရှိပါတယ်။ တခြား CSO တွေနဲ့လည်း ချိတ်ဆက်ထားတဲ့အတွက် ကျနော်တို့မှာ ရှိတဲ့ ကားနဲ့ မလုံလောက်တော့ဘူးဆိုရင် ကူညီ ပါလိမ့်မယ်။ နဂိုကတည်းကလည်း ချိတ်ဆက်ပြီး ဖြစ်တဲ့အတွက် ဒီလိုအချိန်မျိုးမှာ ဘာမှ အခက်အခဲ အနှောင့်အယှက် မရှိပါဘူး။ မေး။ ။ ဒီမီးခိုးတွေ ရှူမိမယ်ဆိုရင် ဘာတွေ ဖြစ်နိုင်ပါသလဲ။ ဖြေ။ ။ မီးခိုးရှူရင် ပုံမှန်ရိုးရိုးဖြစ်တဲ့ အခိုးအငွေ့ သက်သက် ခုနက ပြောတဲ့ အဆိပ်ဖြစ်တဲ့ ဓာတ်ငွေ့ ပါရင်လည်း ပါမယ်။ မပါရင်လည်း မပါဘူးပေါ့။ မပါတဲ့ အခိုးအငွေ့မျိုးကို ရှူမိရင် ကျနော်တို့လို ပုံမှန်ပေါ့။ အခံရောဂါ မရှိဘူး၊ ပန်းနာရင်ကြပ် မရှိဘူး၊ နာတာရှည် တီဘီဆေးသောက်နေတဲ့သူ မဟုတ်ဘူး၊ ခဏခဏ နှလုံး အမောဖောက်နေတဲ့သူ မဟုတ်ဘူး၊ အဲဒီလိုရောဂါသည် မဟုတ်တဲ့ လူတိုင်း ဓာတ်ငွေ့က အဆိပ်သင့်တဲ့ ပမာဏ မဟုတ်ဘူးဆိုရင် ချောင်းဆိုးတာ လောက်တော့ ဖြစ်မယ်ကွာ၊ ချေတယ်ကွာ၊ မွှန်တယ်ကွာနဲ့ပဲ ပြီးနိုင်တယ်။ ဒါပေမယ့် အဲဒီလို အခြေအနေမျိုးမှာတောင် နဂိုရောဂါ အခံရှိတဲ့သူတွေ အသက်ကြီးတဲ့သူတွေ၊ ၁ နှစ်အောက် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေက ပိုပြီးနည်းနည်းလေး သတိထားရမယ်။ အသက်ရှူကြပ်တာ၊ မူးတာ မော်တာ၊ အလားတူလက္ခဏာတွေ ရှိရင် အဲဒီအငွေ့တွေ ရှူနေရတဲ့ သူလည်း ဖြစ်ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို တင်သင့်တယ်လို့ သတိပေးချင်ပါတယ်။ The post ကျနော်တို့ ဆေးရုံမှာတော့ သေဆုံးမှု မရှိပါ appeared first on ဧရာဝတီ.
Source : https://ift.tt/2I1M2sX
via IFTTT
No comments:
Post a Comment