မြစ်ကြီးနား ကျောက်မျက်ပွဲများ၌ အဆင့်စုံ ကျောက်များ ရောင်းချခွင့်ရန် တင်ပြမည် ကျောက်စိမ်းထွက်ရှိရာ ပြည်နယ်ဖြစ်သောကြောင့် လာမည့် ကျောက်မျက်ပြပွဲများ၌ ကျောက်အဆင့် အ တန်း အားလုံးကို ရောင်းခွင့်ရလိုကြောင်း တင်ပြသွားမည်ဟု ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးဇေလွမ်းက ဧရာဝတီကို ပြောသည်။ မြစ်ကြီးနား၌ ယခုနှစ်ကုန်ပိုင်းတွင် ဒုတိယအကြိမ် ကျောက်မျက်ပြပွဲ ထပ်မံပြုလုပ်ရန် လျာထားရာ ယင်းပွဲ တွင် အေ၊ ဘီ၊ စီ၊ ဒီ ကျောက်အဆင့်အတန်းအားလုံး ရောင်းချခွင့် ရရှိလိုသဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်ထံ တင်ပြသွားရန် အစီအစဉ်ရှိကြောင်း ဦးဇေလွမ်းက ပြောသည်။ “ကျောက်ထွက်တဲ့ ဒေသမှာ လုပ်တဲ့ပွဲဖြစ်ပေမယ့် ရောင်းရတော့ စီ၊ ဒီ အဆင့်ကျောက်ဆိုတော့ ပြည်နယ် အစိုးရလည်း မျက်နှာငယ်ရသလို ကျနော်တို့အသင်းအနေနဲ့လည်း အားလျော့တာပေါ့။ အကယ်၍ အေ၊ ဘီ အဆင့်သာ ရောင်းချခွင့်ရမယ်ဆိုရင် အခုပွဲထက် အဆပေါင်းများစွာရောင်းရမှာ အသေအချာပဲ။ အဲဒါကို ဘာ လို့ ရောင်းချခွင့်မပြုတာလဲဆိုတဲ့ အဖြေကိုတော့ ကျနော်လည်းမပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့် မတ်လက ပထမဆုံး အကြိမ် ကျောက်မျက်ပြပွဲ ကျင်းပခွင့်ရရှိ ခဲ့သော်လည်း အဆင့်နိမ့် (အောက်ကျောက်) များဖြစ်သော စီ၊ ဒီအဆင့် ကျောက်စိမ်းအရိုင်းထည်များ သာ ရောင်းချခွင့်ရရှိဟု ဆိုသည်။ ကျောက်စိမ်း၏ အရည်အသွေးအား A၊ B၊ C၊ D ဖြင့် အဆင့်သတ်မှတ်ပြီး A အဆင့် ကျောက်သည် အရည် အသွေးနှင့် တန်ဖိုးအားဖြင့် အမြင့်ဆုံးဖြစ်ပြီး B၊ C မှာ အလယ်အလတ်ဖြစ်၍ D မှာ အရည်အသွေးအနိမ့် ဆုံးဖြစ်ပြီး အောက်ကျောက်အဖြစ် သတ်မှတ်ထားသည်။ မြစ်ကြီးနား ကျောက်မျက်ပြပွဲကို ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ ၃၀ ရက်အထိ ၅ ရက်ကြာကျင်းပခဲ့ပြီး C၊ D အဆင့် ကျောက်စိမ်း အရိုင်းထည်များအား မြန်မာကျပ်ငွေဖြင့် ပြည်တွင်း ကုန်သည်များကိုသာ ရောင်းချ သည့် ပွဲဖြစ်သည်။ ယင်းပြပွဲ၌ ကျောက်စိမ်း Log အတွဲ ၂၀၀ နီးပါးရောင်းချရပြီး ငွေကျပ် သိန်း ၁ သောင်း ကျော် ရရှိကြောင်း ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ “အခုပွဲကတော့ ဒေသခံတွေ ကျောက်ကုန်ကြမ်းရရှိဖို့၊ အလုပ်အကိုင်ရဖို့အတွက် ရည်ရွယ်ပြီး ဖွင့်ပွဲ သဘော မျိုးစလုပ်တာပါ။ အေ၊ ဘီအဆင့်ကိုရောင်းခွင့်မပြုသေးဘူးဆိုတာကလည်း မြစ်ကြီးနားဆိုတော့ တရုတ် ပြည်နဲ့ နီးတာကြောင့် တရားမဝင်ထွက်တာမျိုးတွေ တာဝန်ရှိတဲ့သူတွေဘက်က စိုးရိမ်လို့ ထင်တာပဲ” ဟု အထက်ပါ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးတူးခေါင်က ဧရာဝတီကို ပြောသည်။ တိုင်းနှင့် ပြည်နယ် ကျောက်မျက်ပြပွဲများတွင် အေ၊ ဘီအဆင့် ကျောက်များ ရောင်းချခွင့်မပြုသေးခြင်းနှင့် ပတ်သက်၍ ဈေးကွက်ဖွံ့ဖြိုးမှု အားနည်းနေသေးကြောင်းဟု မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ဧရာဝတီကို ပြောသည်။ “အဓိကကတော့ ဈေးကွက်ရယ် အခြားသော အကြောင်းကြောင်းတွေကြောင့် နေပြည်တော် ပြပွဲကလွဲလို့ အေ၊ ဘီအဆင့်ကျောက်တွေကို ရောင်းချခွင့်မပြုသေးတာပါ။ မဖွံ့ဖြိုးသေးဘဲ ရောင်းချခွင့်ပေးဖို့က ကန့် သတ်ချက်တွေ အများကြီးရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။ လက်ရှိ ကျောက်မျက် ရတနာပြပွဲများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ကြီးမှူး၍ အေ၊ ဘီ၊ စီ၊ ဒီ အဆင့် ကျောက်များအား ယူရိုဖြင့် ရောင်းချသော ပြပွဲကြီးနှင့် စီ၊ ဒီ အဆင့်နိမ့် ကျောက်များအား မြန်မာ ကျပ်ငွေဖြင့် ရောင်းချသော ပြပွဲတို့အား နေပြည်တော်၌ နှစ်စဉ် ကျင်းပလျက် ရှိသည်။ The post မြစ်ကြီးနား ကျောက်မျက်ပွဲများ၌ အဆင့်စုံ ကျောက်များ ရောင်းချခွင့်ရန် တင်ပြမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2r50fOA
via IFTTT
No comments:
Post a Comment